Thursday, March 16, 2017

ထိုနေ့





ထိုနေ့

@@@@@

နေ့တစ်နေ့ ။ ရက်စွဲတစ်ခု ။ ဖြစ်ရပ်တစ်ခု ။ အတိအကျ ပြဆိုရသော ပထမတန်းဖြေဆိုပြီး နွေရာသီကျောင်းပိတ်ရက် တစ်ရက် သို့မဟုတ် အဖေ့ရှက်ရွံ့ခြင်းများကို ရဲရဲရင့်ရင့် သယ်ပိုးခဲ့ရသော နေ့တစ်နေ့။ ထိုနေ့ကို သားထက် မည်သည့်အခါမျှ မေ့ပျောက်မည် မဟုတ်ပါ ။
အခန်း ( ၁ )
@@@@@
`````ဟေ့ကောင် သားထက် ငါ့ရီမု စက်ရုပ်ကို မင်းချိုးလိုက်တာ ဆို ´´´´
သော်ဇင့်အသံက ဒေါသတကြီး ။ သားထက် ဘာပြန်ဖြေရမည်မသိ ။ ခေါင်းကိုသာ တသွင်သွင်ခါနေမိသည် ။
````ဟေ့ကောင် ကလိမ်ကကျစ် ဘာခေါင်းခါနေတာလဲကွ ။ မင်းချိုးလိုက်တာ ငါမြင်တယ် ´´´´
အသံသြသြဖြင့် ဝင်ပြောလိုက်သူက ဌေးဇော် ။ သားထက် မှင်တက်သွားမိသည် ။ အမှန်ဆို သော်ဇင့်စက်ရုပ်ကို သားထက် ခဏ ငှားဆော့နေချိန်မှာ ဌေးဇော်က သားထက် လက်ထဲမှ အတင်းလာလုသည် ။ လုရင်းဆွဲရင်းဖြင့် စက်ရုပ်လေးကျိုးသွားသည် ။ ယခုတော့ သားထက်တစ်ယောက်တည်းသာ အရုပ်ချိုးသော တရားခံ ဖြစ်ရပြီ ။
``ဟေ့ကောင် သားထက် ဘာခုမှ အူကြောင်ကြောင် လုပ်နေတာလဲ ။ ပြန်လျော်ပေးကွာ ဒါ ငါ့အဖေ နိုင်ငံခြားက ပို့လိုက်တာ ကွ ´´´
သော်ဇင်က သားထက်ကို တစ်ချက်ဆောင့်တွန်းလိုက်ပြီး အော်သည် ။ ဟန်ချက်ပျက်ပြီး အနောက်ဘက်ကို အနည်းငယ် ယိုင်သွားသည့် ခန္ဓာကိုယ်ကို လဲကျမသွားအောင် ထိန်းလိုက်ရသည် ။ ဘာပြန်ပြောရမည် မသိ ။ ဌေးဇော်ကို အားကိုးတကြီး လှမ်းကြည့်မိသည် ။ ဌေးဇော် က သားထက်ကို မျက်ထောက်နီဖြင့် ကြည့်နေ၏ ။ ဌေးဇော်သည် သားထက် ထက် အသက်လည်း ကြီးသည် ။ လူကောင်လည်းထွားသည် ။ ထို့ပြင် စိတ်ကမထင်လျှင် မထင်သလို လက်ကပါတတ်သေးသည် ။ သားထက်က လူကောင်သေးသေး ။ ပြီးတော့ သူငယ်ချင်းများနှင့်လည်း တစ်ကြိမ်တစ်ခါမျှ ရန်မဖြစ်ဖူးဘူး ။ သားထက်ကြောက်သည် ။ ထို့ပြင် သူငယ်ချင်းများက ဖယ်ကျဉ်လိုက်မည်ကိုလည်း စိုးရိမ်မိသည် ။ သားထက်လို မျက်နှာမွဲ ဆင်းရဲသား တစ်ယောက်အနေဖြင့် သူတို့လို သူဌေးသားများနှင့် ဆော့ရမှသာ ရီမု ကား ၊ ရီမုစက်ရုပ်များကို ထိခွင့် ကိုင်ခွင့် ရမည် ။ သို့သော် ပြန်လျော်ပေးရန်မှာလည်း သားထက်အတွက် မဖြစ်နိုင် ။ သူများတကာတွေလို သားထက်က မုန့်ဖိုး မရ ။ အဖေ သစ်ခွဲသမားကြီး၏ လုပ်အားခသည် မိသားစုအတွက် လောက်ငရုံသာ ။ သားထက် ဘာလုပ်ရမည်နည်း ။ အတွေးကျပ်နေချိန်…………
```` မင်း လျော်မှာလား မလျော်ဘူးလား ဟေ့ကောင် ´´´
သားထက်၏ အင်္ကျီ ရင်ဘတ်ကို ဆောင့်ဆွဲ၍ ဌေးဇော်က ထိုးမည့်ဟန်အပြင် ။ ကျယ်လောင်လှသော အဖေ့ငေါက်သံက ဟိန်းအထွက် ။
```ဟေ့ကောင်တွေ ဘာလုပ်တာလဲ ကွ ။ ငါ့သားကို အခု လွှတ် လိုက်စမ်း ´´´
ဌေးဇော်၏ လက်က သားထက်၏ အင်္ကျီစကို အသာ ဖြေလျှော့ပေးလိုက်ချိန် ပုခုံးပေါ်တွင်ထမ်းထားသည့် လွှစာမှုန့်ထုပ်ကို ဘုန်းခနဲပစ်ချပြီး သားထက်နားကို အဖေ ရောက်လာသည် ။ သားထက်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ။
```မင်းတို့ ဘာလို့ ငါ့သားကို အနိုင်ကျင့်နေတာလဲ ´´´
အဖေ့အမေးစကားကို ဌေးဇော်က သော်ဇင့်ကို လက်ညှိုးထိုးပြလျက် မျက်နှာကြောတင်းတင်းဖြင့် ပြန်ဖြေသည် ။
```ဦးလေးသားက ကျွန်တော့် သူငယ်ချင်းရဲ့ စက်ရုပ်ကို ချိုးလိုက်ပြီး ပြန် မလျော်ပေးလို့ ပြောနေတာ ဗျ အနိုင်ကျင့်နေတာ မဟုတ်ဘူး´´´
အဖေက သားထက်ကို ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်သည် ။ သူ့ဘက် ဆတ်ခနဲ ဆွဲလှည့်၏ ။ သူ့ကိုယ်ကိုညွှတ်ကိုင်းလိုက်ပြီး သားထက်နှင့် မျက်နှာချင်းဆိုင်လျက် သားထက်မျက်လုံးများကို စိုက်ကြည့်သည် ။ သားထက်၏ ပုခုံးနှစ်ဖက်ကို သူ့လက်ကြမ်းကြမ်းဖြင့် ဆွဲကိုင် လှုပ်ရမ်း၍ မေးသည် ။
```သားထက် သူတို့ ပြောတာ မှန်သလား ´´´
အဖေ့အမေးကို သားထက် ပြန်မဖြေနိုင် ။ သားထက်ကို စိုက်ကြည့် နေသည့် အဖေ့မျက်နှာကိုသာ ကြောင်ကြည့်နေမိသည် ။ နောင်လောင်ကွက်များဖြင့် မဲညစ်နေသော အဖေ့မျက်နှာက ပို၍ မဲမှောင်နေသယောင် ။ အမြဲလိုလို တင်းတင်းစေ့ထားတတ်သည့် အဖေ့နှုတ်ခမ်းတွေက ပို၍ ခက်ထန်နေသယောင် ။ ညိုရီဖျော့တော့ခြင်းများထဲမှ ထူးထူးဆန်းဆန်းတွေ့ရတတ်သော အဖေ့မျက်ဝန်း၏ တောက်ပခြင်းများက ပို၍အရောင်တောက်နေသည် ။ သားထက် ရင်တွေ တလှပ်လှပ်တုန်လာ၏ ။ ဒူးတွေတဆတ်ဆတ်တုန်လာသည် ။ အဖေက သားထက်ကို စိတ်မရှည်တော့သလို ကျွတ်ခနဲ စုတ်တစ်ချက်သပ်ပြီး တွန်းထုတ်လိုက်သည် ။ ဌေးဇော်နှင့် သော်ဇင်တို့ဘက် လှည့်ပြီး ။
```ကဲ ပြော မင်းတို့ အရုပ်ဖိုးက ဘယ်လောက်လဲ ´´´
````တစ်သောင်း ´´´´´´´
သော်ဇင့်အဖြေက အိတ်ကပ်ထဲနှိုက်နေသော အဖေ့လက်ကို တုံ့ဆိုင်းသွားစေသည် ။ အဖေ့တစ်နေ့လုပ်အားခ၏ နှစ်ဆဖြစ်နေသော အရုပ်ဖိုး အတွက် သော်ဇင့်လက်ထဲမှ စက်ရုပ်အကျိုးလေးကို အထူးအဆန်းလို အဖေ ကြည့်နေသည် ။
````ဟုတ်တယ်ဗျ ဒါနိုင်ငံခြားက ကျွန်တော့် အဖေပို့ထားတာ ။ တစ်သောင်းဆိုတာ ဦးလေးကို သနားလို့ ကျွန်တော် လျှော့ပြော……´´´
အဖေက သော်ဇင့်ကို လက်ကာပြလိုက်ပြီး အိတ်ကပ်ထဲမှ ပိုက်ဆံငါးထောင်ကို နှိုတ်ထုတ်လိုက်သည် ။
```` အခုလောလောဆယ် ဦးမှာ ငါးထောင်ပဲပါတယ် ။ ကျန်တဲ့ ငါးထောင် အိမ်ပြန်ယူပေးမယ် ဟုတ်လား ´´
အဖေက ပြောပြောဆိုဆို သော်ဇင့်လက်ထဲ ပိုက်ဆံထိုးထည့်လိုက်သည် ။ ထို့နောက် ချာခနဲ လှည့်ထွက်ပြီး သားထက်ကို တရွတ်ဆွဲခေါ်လျက် လွှာစာမှုန့်အိတ်ကိုထမ်းပြီး အဖေအိမ်ပြန်ခဲ့သည် ။
အခန်း ( ၂ )
@@@@@@
အဖေက အိမ်ဝရောက်သည်နှင့် ပုခုံးထက်မှ လွှစာမှုန့်အိတ်ကို ဘုန်းခနဲ ပစ်ချလိုက်သည် ။ သားထက်ကို ဆွဲထားသည့်လက်ကိုတော့ မလွှတ် ။ အမေ့ကို လှမ်းအော်ခေါ်သည် ။ နောက်ဖေးခန်းထဲတွင် ချက်ပြုတ်နေသော အမေက ယောင်းမကိုင်လျက် ထွက်လာသည် ။ အဖေက လွှစာမှုန့်အိတ်ကို လက်ညှိုးထိုးပြလျက် ။
``ဒီလွှစာမှုန့်တွေကို ထင်းဆိုင်မှာ ပိုက်ဆံတစ်သောင်းနဲ့ သွားသွင်းစမ်း ´´´
အမေက လွှစာအိတ်ကိုတစ်လှည့် အဖေ့ကို တစ်လှည့်ကြည့်ပြီး နားမလည်နိုင်သလို ဖြစ်နေ၏ ။
```လွှစာတစ်အိတ်ကို ဘယ်လိုလုပ် တစ်သောင်းရမလဲရှင့် ။ တစ်သောင်းရချင်ရင် ကိုရင်ထွေးလို သစ်တိုသစ်စတွေ ယူလာပါလား ´´´´
``ဟာ ဒီမိန်းမ ဘယ်လောက်ပြောပြော မမှတ်ဘူး ။ လွှစာမှုန့်က သူဌေးကိုယ်တိုင် တရားဝင် ယူခွင့်ပြုထားတာ ။ သစ်တိုသစ်စက ခိုးရောင်းရတာ ။ မိရင်အလုပ်ပြုတ်မယ် ။ ရင်ထွေးခိုးရောင်းတာက ပြဿနာမရှိဘူး ။ ဖြစ်ရင် သူ့ယောက်ဖ မန်နေဂျာက ကြည့်ရှင်းလိမ့်မယ် ။ နားမလည်ပါးမလည်နဲ့ ´´´´
```ဟုတ်ပါပြီ တစ်သောင်းမရတာကို ကျုပ်က ဘယ်လိုလုပ်ရမလဲ ´´´
```မရလည်း ။ ပိုယူသွားတဲ့ငွေကို အတိုးနဲ့သာမှတ်ထားလို့ ပြောခဲ့ဟာ ။ အခုလောလောဆယ် တစ်သောင်းရဖို့ အရေးကြီးတယ် မြန်မြန်သွား ´´´
အမေလည်း အဖေ့လေသံ နည်းနည်းမာသွားသည်နှင့်တပြိုင်နက် ထပ်မေးမနေတော့ဘဲ လွှစာမှုန့်အိတ်ကို ခေါင်းပေါ်ရွက်၍ ထွက်သည် ။ အဖေက သားထက်ကို ဆွဲလျက် အိမ်ပေါ်သို့တက်သည် ။ အိမ်ပေါ်သို့ရောက်သည်နှင့် အဖေက အိမ်တိုင်ကိုမှီ၍ ထိုင်ချလိုက်ပြီး သားထက်ကို သူ့ပေါင်ပေါ်ထိုင်စေသည် ။ အဖေက သက်ပြင်းမော တစ်ချက်ကို လေးလေးပင်ပင်ချပြီး သားထက်ခေါင်းကို သူ့လက်ကြမ်းကြမ်းများဖြင့် ညင်သာစွာပွတ်သည် ။
````ငါ့သား အဖေ့ကို အမှန်အတိုင်းပြောစမ်း ဒီအရုပ်ကို မင်းချိုးလိုက်တာလား ´´´´
ရုတ်တရက် နူးညံ့ပျော့ပျောင်းသွားသော အဖေ့လေသံကြောင့် သားထက် အဖေ့မျက်နှာကို မော့ကြည့်မိသည် ။ အဖေ့မျက်နှာက အစောကလောက် မတင်းမာတော့ ။ အဖေ့ထံမှ မြင်ရခဲသော အပြုံးတစ်ခု ဖိတ်စင်ကျလာသည် ။
```ပြောလေသား အဖေ မင်းကို မရိုက်ပါဘူး အမှန်အတိုင်းသာ ရဲရဲပြော ´´´
သားထက် အဖေ့မျက်နှာက်ု မော့ကြည့်နေရင်းပင် ခေါင်းခါပြလိုက်သည် ။ အဖေက နူးညံ့စွာ ထပ်ပြုံးပြီး ။
```ဒါဆို ဒီအရုပ်က ဘယ်လိုကျိုးတာလဲ သားရဲ့ ´´´
``` ဌေးဇော်က သားလက်ထဲက အရုပ်ကို လာလုလို့ လုရင်းဆွဲရင်းကျိုးတာ ´´´
``ဒါတွေကို အခုနက ဘာလို့ မပြောလဲ သား ´´´
ပြုံးပြီးမေးနေသော အဖေ့ကို ကြည့်ရင်း သားထက်ရင်ထဲ လှိုက်ခနဲတက်လာသည် ။ အစောက ကြီးစိုးခဲ့သော ထိတ်လန့်ခြင်းများ လွင့်စင်ကုန်သည် ။
`````ကြောက်………လို့ ´´´´´´
အဖေက သားထက်ကို ငုံ့ကြည့်နေရာမှ ခေါင်းကို မော့၍ လေပူတစ်ချက် ဟူးခနဲ မှုတ်ထုတ်လိုက်သည် ။ သားထက်ကို ပေါင်ပေါ်မှ ဆွဲထူလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်စေသည် ။ ထို့နောက် သားထက် ပုခုံးများကို ဆုပ်ကိုင်ပြီး မျက်လုံးများကို သေသေချာချာစိုက်ကြည့်လျက် ။
```ဒီမှာ ငါ့သား အဖေပြောပြမယ် ယောက်ျားဆိုတာ အမှန်တရားအတွက်ဆို အမြဲရဲရင့်ရမယ်ကွ ။ မှန်နေရင် မကြောက်ရဘူး ။ မင်းအခုလို ကြောက်လိုက်တာ အဖေတို့ မိသားစု မနက်ဖြန် ဈေးဖိုး မရှိတော့ဘူး ။ ဒါ့အပြင် အကြွေးပါတင်သွားပြီ ။ အမှန်တရားအတွက် မင်း မရဲရင့်ရဲတာနဲ့ တို့မိသားစု ဘယ်လောက် ဒုက္ခများသွားသလဲ သိပြီလား ´´´
အဖေ့စကားအဆုံးမှာ ဘာကြောင့်မှန်းမသိဘဲ ငိုချင်လာမိ၏ ။ အဖေ့အိတ်ထဲမှ ခုန်ထွက်သွားသော ပိုက်ဆံငါးထောင်ကိုမြင်မိသည် ။ မျက်ဝန်းထောင့်မှာ မျက်ရည်တို့ ရစ်ဝဲလာ၏ ။ အဖေက သားထက်၏ ဝဲတက်လာသော မျက်ရည်စများကို သုတ်ပေးပြီး ။
```မငိုနဲ့သား မငိုနဲ့ ။ ယောက်ျားဆိုတာ ဘယ်တော့မှ မငိုရဘူး ။ ပြီးတော့ အမှားကိုသိရင် အမှန်ကိုပြင်ရဲရတယ် ။နောက်ဆို အမှန်တရားအတွက် အမြဲရဲရင့်ပါ သား ´´´
သားထက် အဖေ့ကို ခေါင်းညိတ်ပြလိုက်သည် ။ သားထက်၏ နှလုံးအိမ်ထဲမှာတော့ အမြဲလိုလို ရဲရင့်နေသော အဖေ့ပုံရိပ်လွှာက ထင်ဟပ်လျက် ။
အခန်း ( ၃ )
@@@@@@
````သားထက်ရေ အဖေ့အလုပ်ထဲကို ထမင်းချိုင့်သွားပို့ပေးပါ ဟေ့ ´´´´´
ကျောင်းပိတ်ရက်မို့ အိမ်ရှေ့တွင်ဆော့နေသော သားထက်တစ်ယောက် မေမေ့ခေါ်သံကြောင့် လှည့်ကြည့်မိသည် ။ ထမင်းချိုင့်ကိုင်လျက် အိမ်ဝမှာ မေမေရပ်နေသည် ။ ကစားဝိုင်းထဲမှ သားထက် ခဏထွက်ခဲ့၏ ။ အမေ့ဆီပြေးသွားပြီး လက်ထဲမှ ထမင်းချိုင့်ကိုယူလိုက်သည် ။ အဖေ့ သစ်ခွဲစက် ရှိရာသို့ ပြေးထွက်မည် အပြုမှာ………
```အော် သားထက်ရေ နင့်အဖေ ပိုက်ဆံ သုံးသောင်း ပေးလိုက်လိမ့်မယ် သေချာယူခဲ့နော် ။ မပျောက်စေနဲ့ ´´´
သားထက်ခေါင်းကို ညိတ်ပြလိုက်ပြီး ပြေးထွက်လာခဲ့မိသည် ။ လမ်းတစ်လျှောက် အမှန်တရားအတွက် ရဲရင့်ရမယ် ဆိုသည့်စကားကို ထပ်ခါထပ်ခါ ရေရွတ်လာမိသည် ။
သစ်စက်ရုံထဲရောက်တော့ အဖေ့ကို အရင်လို အလုပ်လုပ်နေတာ မတွေ့ ။ ထို့ကြောင့် အနီးအပါးရှိ အသိတစ်ယောက်ကို မေးမိသည် ။ သူဌေးနှင့် မန်နေဂျာခေါ်၍ အဖေ ရုံးခန်းထဲသွားကြောင်းသိရသည် ။ သားထက်လည်း မြင်နေရသော ရုံးခန်းနားသို့ သွားပြီး ရုံးခန်းရှေ့ ခုံတန်းလေးပေါ် ထိုင်လိုက်မိသည် ။ ဟထားသော တံခါးမှတဆင့် ရုံးခန်းထဲရှိမြင်ကွင်းတချို့ကို တစ်ဝက်တစ်ပျက်မြင်နေရသည် ။ သူဌေးက အဖေ့ကို မျက်နှာကြောတင်းတင်းဖြင့် စိုက်ကြည့်နေသည် ။ အမြဲလိုလို ရဲရင့်နေသော အဖေက သူဌေးရှေ့မှာ ခေါင်းငိုက်စိုက်ချလျက် ။
``တစ်ရုံလုံးမှာ ခင်များကို အရိုးသားဆုံးလို့ ကျုပ် ထင်ထားတာဗျ ။ ခင်ဗျားမို့ လုပ်ရက်တယ်´´´
```တောင်းပန်ပါတယ် သူဌေးရယ် ကျွန်တော့်မိသားစုအတွက် ငွေ အရမ်းလိုနေလို့ လုပ်မိတာပါ ´´´
သူဌေး၏ ဟိန်းဟောက်သံက ကေသရာဇာခြင်္သေ့မင်း၏ အသံနှယ် ကျယ်လောင်လှသည် ။ အဖေ၏ တောင်းပန်းတိုးလျိုးသံက ယုန်သူငယ်၏ လျှောက်လဲချက်တင်သွင်းသံနှယ် တုန်ရီလွန်းနေ၏ ။ သားထက် အံ့သြသွားသည် ။ မည်သို့သော အပြစ်ကိုကျူးလွန်မိ၍ အဖေ ယခုလို တောင်းပန်တိုးလျှိုးနေရသနည်း ။
```ဒီတစ်ခါတော့ ငွေလိုလို့လုပ်တယ် ထားတော့ဗျာ ။ နောက်တစ်ခါဆို ခင်များကို အလုပ်ထုတ်မယ် သတိထား ။ အခုလည်း ခင်များ ခိုးရောင်းခဲ့တဲ့ သစ်တိုသစ်စတွေအတွက် ခင်များလုပ်အားခထဲက အရစ်ကျ ဖျက်မယ် ။ မန်နေဂျာကြီး သူ ခိုးရောင်းထားတဲ့ သစ်ဖိုးငွေကို တွက်ပြလိုက်ပါ ။ ကျုပ် မြို့ထဲက အရောင်းဆိုင်ကိုသွားဦးမယ်´´´´
သူဌေးက ပြောပြောဆိုဆို ရုံးခန်းထဲမှ ထွက်သွားသည် ။ သားထက်ရှေ့မှ ဖြတ်လျှောက်သွား၏ ။ သားထက် အံ့အားသင့်သွားမိသည် ။ မည်သည့်အခါမျှ သစ်တိုသစ်စများကို အဖေ ခိုးမရောင်းဖူးပါ ။ ခိုးရောင်းသူသည် မန်နေဂျာ၏ ယောက်ဖ ကိုရင်ထွေး ။ ယခု သူဌေးရှေ့မှာ တရားခံ အဖြစ်ရပ်နေရသူမှာ အဖေ ။ အဖေကရော အမှန်တရားကို မရှင်းပြဘဲ ဘာကြောင့်ငုံ့ခံနေရပါသနည်း ။ အမှန်တရားအတွက် အမြဲရဲရင့်ရမည်ဟု ဆုံးမခဲ့သော အဖေသည် မည်သည့်အတွက်ကြောင့် ရဲရင့်ခြင်းပျောက်ဆုံးနေရပါသနည်း ။ သားထက် မတွေးတတ်အောင်ဖြစ်နေသည် ။ အဖြေမဲ့နေသော မေးခွန်းများကြောင့် ရင်မှာ ဗလောင်ဆူနေရသည် ။ ထိုစဉ်…………
```ကျေးဇူးတင်ပါတယ်ကွာ ။ မင်းမကယ်ရင် ရင်ထွေးက အလုပ်ပြုတ်မှာကွ ။ ရင်ထွေးခိုးရောင်းမှန်းသာသိရင် သူဌေးက ခုလို သည်းခံမှာမဟုတ်ဘူး ။ မင်းမို့လို့သာ ခုလိုပြီးသွားတာ ။ မင်းလုပ်အားခလည်း အပြည့်ရအောင် ငါ ကြည့်လုပ်ပေးပါ့မယ်ကွာ´´´´
```ရပါတယ်ဗျာ ။ ကျုပ်လည်း သားတော်မောင် ကောင်းမှုနဲ့ ထင်းဆိုင်က ယူထားတဲ့အကြွေးက အတိုးနင့်နေတာနဲ့ အကျေဆပ်လိုက်ချင်လို့သာ ခင်များတောင်းတဲ့ အကူအညီကို ပေးရတာ ။ ခုတောင် ကျုပ်ကိုကျုပ် သိပ်ရှက်လှပြီ ။ ရင်ထွေးကိုလည်း နောက်မလုပ်ဖို့ သေချာ ပြောထားဦးဗျ ။ နောက်တစ်ခါဆို ကျုပ်လည်း ကယ်နိုင်မယ် မထင်ဘူး ´´´
```ဟုတ်ပါပြီကွာ ။ ကဲ ရော့ရော့ မင်းလိုနေတဲ့ ငွေ သုံးသောင်း ´´´
ကြားနေရသော အပြန်အလှန်စကားများက သားထက် နှလုံးသားကို ဖျစ်ညှစ်နေပြီ ။ အစောက အဖြေကင်းခဲ့သော မေးခွန်းတို့သည် သားထက်ကို လှောင်ပြောင်ရယ်မောလျက် ။ ထိုစဉ် ရုံးခန်းထဲမှ အဖေထွက်လာသည် ။ သားထက်ကို တွေ့သွားပြီး မလုံမလဲ ဖြစ်သွားသည် ။ သိသိသာသာနီရဲနေသော အဖေ့မျက်နှာကို ကြည့်ပြီး မရည်ရွယ်ပါဘဲ သားထက်နှုတ်က မုသာဝါဒတစ်ခု ထွက်ကျသွားသည် ။
````သား အခုမှ ရောက်တာပါ အဖေ ´´´
အဖေက သားထက်ကို ခပ်ယဲ့ယဲ့ ပြုံးပြပြီး လက်ထဲမှ ထမင်းချိုင့်ကို လှမ်းယူသည် ။ ထို့နောက် ကျွတ်ကျွတ်အိတ် အမဲတစ်လုံးကို ရှာပြီး ပိုက်ဆံသုံးသောင်းကိုထည့်သည် ။ ကျစ်ကျစ်ပါအောင် ထုတ်ပြီး သားထက် အင်္ကျီအိတ်ကပ်ထဲ အသေအချာ ထည့်ပေးသည် ။
```သား မပျောက်စေနဲ့နော် ။ မင်းအမေကို သေချာပေးလိုက် ´´´
သားထက် အဖေ့ကို ခေါင်းညိတ်ပြလိုက်သည် ။ ထို့နောက် အင်္ကျီအိတ်ကပ်ကို လက်ဖြင့် အသာဖိကိုင်ရင်း သစ်ခွဲစက်ထဲမှ သားထက် ထွက်ခဲ့တော့သည် ။
ထိုနေ့က အဖေ့ရှက်ရွံ့ခြင်းများကို တနင့်တပိုး သယ်ဆောင်ရင်း မျက်ရည်မကျမိအောင် သားထက် ရဲရင့်ခဲ့ရသည် ။

စံရတီ
8:19 AM
6. 3 .2016
ကျွန်မ၏ဖန်တီးမှုသည် စာဖတ်သူအတွက် တစ်စုံတစ်ရာ ထင်ကျန်ခဲ့ပါလျှင် စာရေးသူ ကျွန်မ ပြုံးရုံမျှသာ ။

No comments:

Post a Comment