Wednesday, October 3, 2018

သက်ကြီးရွယ်အို





" သက်ကြီးရွယ်အို "
---------------------
ကျွန်တော့်အဘိုး(ကျွန်တော့်အမေ၏အဖေ) ဖြစ်သူသည် ယခုဆိုလျှင် အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။ တောင်းဝှေးကူနေရသော်လည်း သွားလာမပျက်။ ဘုရား၊ ဘုန်းကြီးကျောင်းသွားမပျက် ဥပုသ်သီတင်းစောင့်လျက် ပင်ရှိသည်။ ဆန်ဆေးကြောပြီး ထမင်းပေါင်းအိုးကို ကိုယ်တိုင်တည်၍ ချက်ပြုတ်စားသောက်လျက်ပင်ရှိ၏။ ကိုယ့်အ၀တ်အစား ကိုယ်တိုင်ပင်လျှော်ဖွပ် ၀တ်ဆင်လျက်ပင် ရှိသည်။ သူ့အိမ်တွင် တစ်ဦးတည်းလည်း နေထိုင်ခြင်းဖြစ်သည်။
အဘိုးကိုကြည့်၍ အားကျမိ၏။ အသက်ကြီးလာခြင်း၏ ဇရာအကြောင်းကြောင့် နားလေး၊ မျက်လုံးမွဲ သော်လည်း သန်သေး၏။ သတိမေ့လျော့မှုနည်းပါးနေသေး၏။ ကျန်းကျန်းမာမာနှင့် သွားလာလုပ်ရှားလျက်ပင်ရှိ၏။ ထို့ကြောင့်လည်း အဘိုး၏ အသက်ရှည်ကျန်းမာခြင်းကို အားကျမိခြင်းဖြစ်သည်။
မြန်မာစကားလုံးတွဲဖက်မှုတို့သည် များစွာအဓိပ္ပါယ်ပြည့်ဝသည်။ " သက်ကြီးရွယ်အို " ဟူသည့် စကားလုံးကို ကြည့်လျှင် အသက်ကြီးလာသည်နှင့်အမျှ အရွယ်သည်လည်းအိုမင်း လာခြင်းကို တိုက်ရိုက်ဆိုလိုခြင်း ပင်ဖြစ်ပါသည်။ အသက်ကြီးခြင်းသည် အသက်ရှည်ခြင်းပင်ဖြစ်ပါသည်။ " ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့် " ဟု ဆိုစကားရှိပါသည်။ မိမိ၏ အသက်ကို မိမိ၏ ဥာဏ်ကသာ စောင့်ရှောက်ရခြင်းဖြစ်သည်။ မိမိသက်တမ်း မကုန်ဆုံးမီ အသက်ရှင်သန်သမျှ ရှင်သန်နိုင်အောင် ဥာဏ်ကဦးဆောင်၍ စောင့်ထိန်းမွေးမြူရသည်ဖြစ်ပါသည်။ အသက်ရှည်၍ ကျန်းမာခြင်းသည် ကြီးမြင့်သော ကုသိုလ်အကျိုးပေးလည်းဖြစ်ပါပေသည်။
" ဒါနနည်းတော့ ဆင်းရဲတယ်၊ သီလနည်းတော့ ရောဂါသည် " ဟုဆိုပါသည်။ ဒါနနည်းခဲ့ခြင်းကြောင့် ဥစ္စာဒါနဆင်းရဲခြင်းဖြစ်တတ်သလို၊ သီလနည်းခဲ့ခြင်းကြောင့်လည်း ရောဂါဘယထူပြောတတ်ပါသည်။ ရောဂါဘယ ထူပြောခြင်းကြောင့် အသက်ရှည်အနာမဲ့ခြင်းသည် ဝေးကွာသွားနိုင်ပါသည်။
အသက်ရှည်ခြင်းသည် အတိတ်၏ အကျိုးကို ခံစားနေရခြင်းမဟုတ်ပဲ၊ ပစ္စုပ္ပန်ဘ၀၏ " ကံ၊ စိတ်၊ ဥတု၊ အာဟာရ " မျှတညီညွတ်စွာနေထိုင်နိုင်ခြင်းအကြောင်းတို့ကြောင့်လည်း အသက်ရှည်ခြင်းကို ခံစားရခြင်းဖြစ်ပါသည်။
ရှေးလူကြီးသူမတို့၏ အဆုံးအမစကားတစ်ခုရှိပါသည်။ " ခေါင်းသုံးလုံးရှိသူထံ ဆည်းကပ်ပါ " ဟူသော စကားဖြစ်ပါသည်။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ဘ၀ဖြတ်သန်းရမှုတို့သည် ပိုမိုများပြားလာသည်ဖြစ်၍ အတွေ့အကြုံအတွေးအခေါ်တို့သည်လည်း လူငယ်လူရွယ်တို့ထက် ပိုမိုရင့်ကျက်လာသည်ကများပါသည်။ အသက်အရွယ်ကြီးရင့်လာသူတစ်ဦး ဆောင့်ကြောင့်ထိုင်နေသည်ကိုကြည့်လျှင် ဒူးနှစ်လုံးအတွင်း ခေါင်းကရောက်နေသဖြင့် ခေါင်းသုံးလုံးရှိသည်ဟု တင်စားခေါ်ဝေါ်သော သက်ကြီးရွယ်အိုတို့ထံတွင် ဆည်းကပ်၍ အသိပညာ၊ အတွေ့အကြုံ၊ နေထိုင်မှုတို့ကို လေ့လာသင်ယူရသည်ဖြစ်ပါသည်။
မင်္ဂလာတရားတော်တွင်လည်း "အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ " "ဂါရဝေါ စ= ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည် " ဟု ပါရှိပါသည်။ မိမိထက် ဂုဏ်အားဖြင့်လည်းကောင်း၊ အရွယ်အားဖြင့်လည်းကောင်း ကြီးရင့်သူတို့ကို ဆည်းကပ်ခြင်း၊ ရိုသေခြင်းသည် မိမိဘ၀အတွက် မင်္ဂလာရှိသော ပြုမူနေထိုင်မှုတစ်ခုပင်ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုဓလေ့တွင်လည်း ချစ်စရာကောင်းသော၊ လူသားဆန်သော ယဉ်ကျေးမှု အလေ့အထများစွာရှိပါသည်။ ထိုအထဲတွင် လူကြီးသူမများအား ပြုစုစောင့်ရှောက်ခြင်း၊ ကူညီခြင်း၊ နေရာပေးခြင်း၊ အလေးထားခြင်းတို့သည်လည်း ပါဝင်သည်ပင်ဖြစ်ပါသည်။ လူကြီးသူမတစ်ဦး၏ ဆုံးမစကားကို အလေးထား လိုက်နာကြသည်၊ လူကြီးသူမတို့ကို ခေါင်းရင်းခန်းထား၍ နေရာပေးတတ်ကြပါသည်။ ထိုသို့သော် ကောင်းမြတ်သည့် အစဉ်အလာတို့ကိုလည်း လက်ဆင့်ကမ်း၍ ထမ်းဆောင်ကြစေလိုပါသည်။ တည်မြဲစေလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည်လည်း တစ်ချိန် အိုမင်းရဦးမည်ဖြစ်ပါသည်။
ဘိုးဘွားရိပ်သာတစ်ခုတော့ သွားရောက်လှူဒါန်းဖူးခဲ့သည်။ အဘိုးအိုအဘွားအိုတို့ကို မြင်တွေ့ရသည်မှာ တချို့စိတ်ချမ်းသာစရာကောင်း၍ တချို့မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။ တချို့သော ဘိုးဘွားများက ကိုယ်တိုင် အေးအေးလူလူနေချင်၍ လာရောက်နေထိုင်ကြခြင်းဖြစ်ပြီး၊ တချို့ကမူ သားသမီးတို့၏ စွန့်ပစ်အပယ်ခံဘ၀ဖြင့် လာရောက်ကြရသည်လည်းဖြစ်သည်။ ဘ၀နေ၀င်ချိန်တို့ကို မျှော်တွေး၍ ရွယ်တူအချင်းချင်း ဖြတ်သန်းကုန်ဆုံး နေရသည်ဖြစ်သည်။ တစ်ချိန်တွင် ကျွန်တော်တို့လည်း ဤသို့ ကြုံတွေ့လာနိုင်သည်ဖြစ်သည်။
ကျွန်တော်တို့သည် အသက်ရှည်ခြင်းကိုလိုချင်သော်လည်း အိုမင်းရင့်ရော်ခြင်းကိုတော့ သိပ်အလိုမရှိကြပါ။ သဘာဝအမှန်တရားအရ အသက်ရှည်ခြင်းသည် အရွယ်အိုမင်းလာခြင်းပင်ဖြစ်သဖြင့် နိုပျိုမှုတို့ တစ်စ၊ တစ်စ ကုန်ခမ်းလာခြင်းကို လက်ခံရသည်သာဖြစ်ပါသည်။
အချို့သည်ကား အသက်ရွယ်ကြီးရင့်၍ အိုမင်းလာသော်လည်း စိတ်တို့ရင့်ကျက်လာခြင်းမရှိသေး သည်လည်း ရှိကြပါသည်။ အသက်ရွယ်အလိုက် စိတ်ထားပြောင်းလဲမှု၊ ရင့်ကျက်လာမှုတို့သည်လည်း လိုအပ်သည် ပင်ဖြစ်ပါသည်။ တစ်ချိန်တွင် စောစီးစွာ သေဆုံးခြင်းမရှိလျှင် ကျွန်တော်တို့ အိုမင်းရမည်ဖြစ်ပါသည်။ အိုမင်းလာခြင်းနှင့်အတူ စိတ်ဓာတ်တို့ ရင့်ကျက်တည်ငြိမ်လာနိုင်ရေးအတွက်လည်း ပြုပြင်ကြိုးစားတည်ဆောက် ရမည်ဖြစ်ပါသည်။
အရွယ်အိုမင်းလာခြင်းနှင့်ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီးကလည်း ကဗျာတစ်ပုဒ်ရေးဖွဲ့ခဲ့ပါသည်။
" ရွတ်တွယွင်းယို ခွေယိုင်နွဲ့လို့
တွေမှိုင်သနဲ့ လက်ခြေတုန်
နေထိုင်မတဲ့ ရက်တွေကုန်ပြီ
သက်မသေရုံ ကျန်ပါတော့။
အရိုးခေါက်ခေါက် မှိန်တိမ်တိမ်ငယ်၊
ပိန်တလိန်လိန် အိုမင်းချေပေါ့နော့
ရှုံ့တီး ရှုံ့တွ သားအရေ၊
သွားကြွေ အားတွေ မသန်ပျော့။
စားလေ ၀ါးလေ အန်တအော့နဲ့၊
တန်ပေါ့ မာန်လျှော့ ဇရာကောင်။
တောင်ဝှေးလက်ကိုင် အဖော်နွဲ့နဲ့၊
ကချော်ကချဲ့ ယောင်တီး ယောင်တောင်တောင်။
နတီး နတ ပိန်ချောင်ချောင်ချောင်ငယ်
မှိန်တမှောင်မှောင် အမြင်မှေးလို့
ဘ၀င်သွေးက ခုန်ဆွ ခုန်ဆွနေ
ကြုံမှ ကြုံရပလေ။
ရင်အုံချိုင့်လို့ ခါးကိုင်းချေပြီ၊
နားထိုင်ဝေတေ ယောင်ငေးမှိုင်လို့ငေး။
ဆံဖြူကြီးနဲ့ သုံးမ၀င်တယ်၊
မုန်းချင်စဖွယ် လွန်ကောင်းပါဘီလေး။ ။ "
ဇရာ အိုခြင်းနှင့်အတူ ယှဉ်တွဲ၍ ခံစားရသည်မှာ ခန္ဓာကိုယ်၏ ၀န်တာပင်ဖြစ်သည်။ "ခါးကိုင်းနားထိုင်းဆံဖြူ" ဆိုသည့်အတိုင်း လှုပ်ရှားမှုတို့ လေးလံနှေးကွေးလာသည်။ ကိုယ့်ခန္ဓာဝန်ကို ကိုယ်မသယ်နိုင်ဖြစ်လာတတ်ပါသည်။ အသက်အရွယ်ကြီးရင့်ခြင်းတွင် ကြုံတွေ့ရတတ်သည့် အချက်တစ်ချက်မှာ သတိမေ့လျော့ခြင်းဖြစ်သည်။ မိမိပစ္စည်း မိမိထားသည့်နေရာမသိ၊ ထမင်းစားပြီးပြီလား မသိနိုင်သည့် သတိမေ့လျော့ခြင်းသည်လည်း အပါအ၀င်ဖြစ်သည်။ သို့သော် အရွယ်မတိုင်မီပင် အမှုကိစ္စဗာဟီရ နည်းနိုင်သမျှနိုင်အောင်နေ၍ မိမိစိတ်ကို ရှင်းနေအောင်ထားနိုင်ခြင်းနှင့် ဆောက်တည်အပ်သော သီလ၊ ဘ၀နာတရားတို့ကို ဆောက်တည်ပွားများခြင်းဖြင့်လည်း သတိမေ့လျော့မှုကို လျော့ချကုစားနိုင်ပါလိမ့်မည်။
" အို၊ နာ၊ သေ " ဟူသည့် သတ္တ၀ါတစ်ခု၏ ဖြစ်စဉ်အတိုင်း အိုခြင်း၊ နာခြင်း၊ သေခြင်းကို ကျွန်တော်တို့ ကြုံတွေ့ရမည်ဖြစ်ပါသည်။ အသက်ကြီးလာခြင်း၊ အရွယ်အိုလာခြင်းဟူသည့် " သက်ကြီးရွယ်အို " ဘ၀ကို ပိုင်ဆိုင် ရမည်သာဖြစ်ပါသည်။ သက်ကြီးရွယ်အို ချိန်မတိုင်မီ သက်ကြီးရွယ်အိုတို့ထံမှ နည်းနာများ၊ ဆုံးမစကားများ၊ နေထိုင်မှုများကို သင်ယူလေ့လာကြရမည်ဖြစ်သည်။ ထို့ပြင် သက်ကြီးရွယ်အိုတို့ကိုလည်း ပြုစုစောင့်ရှောက်ရမည် ဖြစ်ပါသည်။
" သက်ကြီးရွယ်အို " ဘ၀ဖြတ်သန်းမှုအတွက် ကာယခန္ဓာကိုယ်ပိုင်ဆိုင်ရာ သန်စွမ်းနိုင်သမျှသန်စွမ်းအောင် ဂရုစိုက်နေထိုင်ရမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှုအတွက်လည်း ကြိုးစားတည်ဆောက်ကြရမည် ဖြစ်ပါသည်။
ကျန်းမာသန်စွမ်းသော၊ တည်ငြိမ်ရင့်ကျက်သော၊ သေခြင်းတရားအား အေးဆေးစွာ စောင့်နေနိုင်သော " သက်ကြီးရွယ်အို" ဘ၀ကို ပိုင်ဆိုင်လိုပါသည်။ ပိုင်ဆိုင်ကြစေချင်ပါသည်။ ထို့ကြောင့် " ကံ၊ စိတ်၊ ဥတု၊ အာဟာရ" ညီညွတ်မျှတစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုမိပါသည်။
---------------------
ပိုင်ပြည့်
၂၄-၉-၂၀၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment