Wednesday, August 23, 2017

လက်ဆွဲနှုတ်ဆက်နိုင်ကြပါစေ

လက်ဆွဲနှုတ်ဆက်နိုင်ကြပါစေ
.........................................



သင်ကြားရေး အလုပ်တစ်ခုကို လက်ခံလိုက်ရတဲ့အတွက် ပြည်ပနိုင်ငံတစ်နိုင်ငံကို ၂၀၁၃ခုနှစ်မှာ သင်တန်းသွား ခဲ့ရပါတယ်။ တက်ခဲ့ဖူးတဲ့သင်တန်းတစ်ခုကို ထူးထူးခြားခြားမှတ်မိနေပါတယ်။ အဲဒီသင်တန်းမှာ သင်ပုံက ဝတ္တုတိုကောင်းကောင်းတစ်ပုဒ်ရဲ့ အင်္ဂါရပ်တွေလို အာဘော်၊ မက်ဆေ့ အကုန်ရှိပါတယ်။ သင်တန်းမှာပေးတဲ့အဓိကအချက်တွေဟာ ဖတ်သူကိုယ်တိုင်လင်းကနဲ သဘောကျ သွားစေတဲ့ ဝတ္ထုနဲ့ တူလှပါတယ်။
.
သင်တန်းမှာ ဖဲရိုက်ခိုင်းတယ်ဗျာ။ တက္ကသိုလ်တက်ခဲ့တဲ့ ကာလတလျှောက် ချိုးကပ်အောင် ရိုက်ခဲ့ဖူးတာဆိုတော့ အလွန်စိတ်ပါတဲ့ သင်ခန်းစာမျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ သူတို့ နည်းစနစ်နဲ့ ရိုက်ခိုင်း ပါတယ်။ လူနှစ်ဆယ်လောက်ကို ငါးဖွဲ့ခွဲပြီး တစ်ဝိုင်းမှာ လေးယောက်တန်သည်၊ ငါးယောက်တန်သည် ထိုင်ရပါတယ်။ လုံးဝစကားမပြောရပါဘူး။ လက်ဟန်ခြေဟန်တောင် မသုံးရပါဘူး။ ရှိုးသမားတွေ အကြိုက်တွေ့မယ့် အခင်းအကျင်းပါ။ ဖဲအများဆုံးကျန်သူနှစ်ဦးက တန်းဆင်းရပါတယ်။ ဝိုင်းပြောင်းထိုင်ရ တယ်ဆိုပါတော့ဗျာ။ သင်တန်းသားတွေက နိုင်ငံစုံပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ မက္ကဆီကို။ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ လာသင်တန်းတက်ကြတာပါ။ မြန်မာနဲ့ ထိုင်းကတော့ အများဆုံးပါ။ လူတွေလည်း နေရာကျရော ဖဲထုတ်နဲ့အတူတူ စည်းမျဉ်းတွေရေးထားတဲ့ စာရွက်တစ်ရွက် စီလိုက်ဝေပါတယ်။ ကစားနည်း စည်းကမ်းတွေကို သက်ဆိုင်ရာ ဘာသာအသီးသီးနဲ့ ရေးထားပါတယ်။ ကစားနည်းကဘာနဲ့ တူသလဲဆိုတော့ စင်္ကာပူဖဲကစားနည်းနဲ့ တူပါတယ်။ တစ်ရွက်ချင်း ပစ်ရပြီး သေးတာကို ကြီးတာနဲ့ စားတာပါ။ ဖဲအရင်ကုန်သူက နိုင်ပါတယ်။ စပိတ်၊ဟတ်၊ဒိုင်းမွန်း၊ညင်း ဘာမှ အရေးမပါပါဘူး။ တစ်က အကြီးဆုံးပါ။ နိုင်တဲ့ လူက ဝိုင်းချိန်းပြီးတက်ရပါတယ်။ ပထမပွဲ ကျွန်တော်မနိုင်ပါဘူး။ ကိုယ့်ထက် ကံ သာတဲ့ လူက စားပါတယ်။ ကျွန်တော်က ဖဲဝိုင်းမှာ အတော်အချိန်ကုန်ခဲ့သူပါ။ နောက်ပွဲ တွေ့မယ်ဆိုပြီး တေးထားပါတယ်။ အခြားဝိုင်းက ကိုယ်တော်နှစ်ပါး ရောက်လာပါတယ်။ တန်းဆင်းလာတဲ့ သူတွေပါ။ လက်ဆွဲနှုတ်ဆက်ပြီး နောက်ပွဲစပါတယ်။
.
အဲဒီမှာ ပြဿနာစတက်ပါတယ်။ ကျွန်တော်က နောက်ဆုံးအချိန်အထိ တစ်ဖဲကိုင်ထားပါတယ်။ ပွဲသိမ်းဖို့ လိုက်ခိုင်းချိန်မှာ ဘယ်သူမှမလိုက်လို့ တစ်ဖဲပစ်ချပြီး တစ်ကဒ်ကိုင်ချိန်မှာ တခြားဝိုင်းက ရောက်လာတဲ့ ကိုယ်တော်တစ်ယောက်က နှစ်ဖဲနဲ့ အုပ်ပါတယ်။ ခပ်တည်တည်နဲ့ နောက်တစ်ရွက်ပစ်ချပြီး ဂိမ်းပြီ လက်ထောင်ပါတယ်။ ကျွန်တော်လည်း ကြောင်သွားပါတယ်။ စည်းမျဉ်းအရ လက်ခံလို့မှမရတာ။ လက်မခံဘဲ အသံတိတ် ပြူးလိုက်၊ ပြဲလိုက်ငြင်းကြပါတယ်။ ကျွန်တော်နဲ့ ဝိုင်းလက်ကျန်တစ်ယောက်က တစ်ဘက်။ လူသစ်နှစ်ယောက်က တစ်ဘက်ငြင်းကြပါတယ်။ အံကျိတ်ပြလိုက် မေးငေါ့ပြလိုက်နဲ့ ငြင်းပါတယ်။ တစ်ဘက်ကလည်း အတော်အငြင်းသန်လို့ အချေအတင်ပါပဲ။ နောက်ဆုံးတော့ မနိုင်၍ သည်းခံခြင်းနဲ့ အနိုင်ပေးလိုက်ရပေမဲ့ ခံရခက်လွန်းပါတယ်။ ဘေးဝိုင်းကြည့်တော့လည်း အခြေအတင်ပါ။ ထူးတော့ထူးပြီ လို့ နားလည်လိုက်ပါတယ်။ အဲဒါနဲ့ ထပ်ဆင့်တန်းဆင်းပြီး နောက်ဝိုင်းပြောင်းရပါတယ်။
.
နောက်ဝိုင်းရောက်တော့လည်း သတိထားမိချိန်မှာ လက်ခံကစားတဲ့လူတွေက စည်းမျဉ်းတစ်မျိုး ဖြစ်နေပါတယ်။ အဲဒီအချိန်ကျမှ သဘောပေါက်ပါတယ်။ မတူတဲ့ ဝိုင်းတိုင်းကို မတူတဲ့ စည်းမျဉ်းတွေ ပေးထားတာမှန်း သတိပြုမိလိုက်ပါတယ်။ မငြင်းတော့ဘဲ အလိုက်အထိုက် ကစားပြီး ဝိုင်းသိမ်းချိန်တိုင်အောင် တွေးနေမိပါတယ်။ ဘာကို ဆိုလိုချင်တာလဲပေါ့။ နှုတ်ကလည်း ဖွင့်ပြောတိုင်ပင်လို့ မရတဲ့ပွဲ။ တခဲခဲနဲ့ ပွဲပြီးအောင် စောင့်ပြီးတွေးနေမိပါတယ်။
.
နောက်ဆုံးမှပေးချင်တာရပါတယ်။ ဘာသာစကားမတူ၊ ယုံကြည်ချက်မတူတဲ့ လူတွေ စုပေါင်း အလုပ်လုပ်တဲ့ အခါ ဘယ်လိုလုပ်ကိုင်သင့်သလဲဆိုတဲ့ မက်ဆေ့ကို ရပါတယ်။ ဘာသာစကားသုံးတဲ့ ဆက်သွယ်ရေးကို မေ့စေချင်လို့ လုံးစကားမပြောရဆိုတဲ့ စည်းမျဉ်းတစ်ခုကို ကြိုတင်ထုတ်ပြန်ထားခြင်းပါတဲ့။ အားလုံးကို စည်းမျဉ်းဖတ်ခိုင်းပြီး အယုံသွင်းလိုက်တဲ့ အခြေအနေဟာ တစ်ဘက်ကိုလည်း အတူတူလို့ ထင်စေပါတယ်။ ကျွန်တော်တို့ ဘယ်မှမသွားဘဲ၊ ဘာမှမလေ့လာဘဲ ကိုယ့်ကမ္ဘာကျဉ်းကျဉ်းလေးမှာ အရာရာကို အမှန်လို့ ထင်အောင် လုပ်လိုက်တဲ့ အချက်ပါ။ တခြားဘက်ကလည်းအမှန်နဲ့ ကိုယ့်ဘက်ကလည်း အမှန်လို့ ထင်နေပြီး မတူညီတဲ့ အမှန်နှစ်ခု ထိပ်တိုက်ဆုံတဲ့အခါ အငြင်းပွား ရတော့တာပေါ့။ နောက်ဆုံးပွဲကို ရောက်တဲ့ အချိန်မှာတော့ နည်းနည်း တွေးနိုင်တဲ့ လူတွေဟာ စည်းမျဉ်းတွေကို အရင်သတ်မှတ်ခဲ့ကြပါတယ်။ ပွဲမစခင် ခြေဟန်လက်ဟန်နဲ့ အရင်ညှိနှိုင်းတိုင်ပင်ပြီးမှ ပွဲကစားတော့ အဆင်ပြေပြေနဲ့ ကစားနိုင်ပါတယ်။ ငြင်းလို့ မဆုံးတဲ့ အဖွဲ့တွေလည်းတွေ့ရပါတယ်။ သင်ခန်းစာ ပြီးလို့သန့်စင်ခန်းကို ရောက်တာတောင် ငြင်းလို့ မပြီးသေးတဲ့ ကိုယ့်နိုင်ငံသား သုံးယောက်ကိုလည်း တွေ့ရပါတယ်။
.
သင်တန်းရဲ့ မက်ဆေ့ဟာ အလွန်လှပါတယ်။ ကျွန်တော်တို့တိုင်းပြည်အပါအဝင် ကမ္ဘာမှာ အဲဒီလို ဖဲဝိုင်းတွေ များလှပါတယ်။ ငြင်းလို့လည်းကောင်းတုန်းပါ။ အဲဒီသင်ခန်းစာနဲ့ ပတ်သက်ပြီး ကျွန်တော် ကောက်ချက်တစ်ခု ဆွဲမိပါတယ်။ ဒေါက်တာထွန်းလွင် (မိုးဇလ) ပြောဖူးတဲ့ စကားကို ကိုးကား ချင်ပါတယ်။ ဝိုင်းထိုင်သူ အားလုံးဟာ ငြင်းခုန်ခြင်း (Argument) ထက် ဆွေးနွေးခြင်း (Discussion) ကိုအားသန်ဖို့ လိုပါတယ်။ ငြင်းခုန်ခြင်းကတော့ ဘယ်သူမှန်တယ်ဆိုတာကို ပြောတာဖြစ်ပြီး ဆွေးနွေးခြင်းကတော့ ဘယ်အရာ မှန်တယ်ဆိုတာကို တိုင်ပင်ကြတာပါ။ တိုင်းပြည်တွေ၊ လူမျိုးစုတွေ မဆွေးနွေးသမျှတော့ စည်းမျဉ်း မတူတဲ့ ဖဲဝိုင်းတွေ ဆက်ရှိနေဦးမှာပါ။
.
နောက်ထပ် ဖြစ်ရပ်တစ်ခုကို ဆက်လက်တင်ပြပါ့မယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီမှာ လူမှုကွန်ရက်တွေ အကြား ရေပန်းစားတဲ့ သတင်းတစ်ခုထွက်လာပါတယ်။ အမေရိကားက မက်ဒေါ်နယ်ဆိုင်မှာလုပ်တဲ့ စားဖိုမှူး တစ်ယောက်ဟာ လက်ဆေးဘေစင်ထဲကို အပေါ့စွန့်ခဲ့တဲ့ စီစီတီဗွီမှတ်တမ်းတစ်ခု ပေါက်ကြား သွားခဲ့ပါတယ်။ အဲဒီအတွက် အမေရိကန်နိုင်ငံအဝှမ်းက မက်ဒေါ်နယ်ဆိုင်တွေရဲ့ရောင်းအားဟာ ကြောက်ခမန်း လိလိထိုးကျ သွားပါတယ်။ ရောင်းအားဟာ ၇၀ ရာခိုင်နှုန်းလောက်အထိကိုကျသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း မက်ဒေါ်နယ်ဆိုင်ဆိုတာ မြန်မာပြည်က ဘီယာဆိုင်တွေလို ပေါနေတာကြောင့် ရောင်းအား ကျသွားလေမလား သိချင်စိတ် ဖြစ်မိပါတယ်။ နီးစပ်တဲ့ ဂျပန်မိတ်ဆွေတစ်ယောက်ကို မေးကြည့်ပါတယ်။ သူဖြေတာက ဂျပန်လူမျိုးတွေဟာ အဲဒီလို မလျှော်ကန်တဲ့အပြုအမူမျိုး ဘယ်တော့မှ မလုပ်ဘူး။ အဲဒီစိတ်ကြောင့် ဂျပန်က မက်ဒေါ်နယ်ဆိုင်တွေ ရောင်းအားမကျပါဘူးတဲ့ဗျာ။ ကျွန်တော်က ချက်ချင်းလက်မခံချင်လို့ ဂျပန် နောက်တစ်ယောက်ကို ထပ်မေးတော့လည်း အဖြေက အတူတူပဲ ထွက်ပါတယ်။ လူမှုအဖွဲ့အစည်းတွေကြားမှာ ရှိအပ်တဲ့ ယုံကြည်မှုဟာ အလွန်အရေးပါကြောင်း တွေ့လိုက်ရပါတယ်။
.
နောက်ဆုံး တင်ပြချင်တာကတော့ ဆရာကြီးနန္ဒာသိန်းဇံပြောဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ဆပ်ကပ်အတတ်ကို ပြသတဲ့ ဆရာတပည့်နှစ်ဦးဟာ ပြကွက်ဆန်းတစ်ခုကို လေ့ကျင့်ပါတယ်။ အတောင် ခြောက်ဆယ် (ပေကိုးဆယ်) မြင့်တဲ့ တိုင်တစ်ခုကို ဆရာက ဒေါင်လိုက်ထမ်းထား တပည့်က တိုင်ထိပ်မှာ ကျွမ်းကစားတဲ့ ပြကွက်ပါ။ အကြိမ်ကြိမ်လေ့ကျင့်ပြီး ပြပွဲလုပ်မယ့်အချိန်ရောက်တော့ တပည့်ဖြစ်သူက “ဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ စိုးရိမ်စိတ်ဖြစ်နေပါသတဲ့။ ပရိသတ်ရှေ့မှာတုန်နေတဲ့ တပည့်ကို ဆရာက “ကိုယ့်တာဝန်၊ ကိုယ်ယူကြတာပေါ့” ဆိုတဲ့စကား ဆိုပါတယ်။ တိုင်ကို ထမ်းသူက ထမ်းပါတယ်။ ကျွမ်းဘားကစားသူက ကစားပါတယ်။ တစ်ဦးအလုပ်ကိုတစ်ဦး အကောင်းဆုံး ဆောင်ရွက်ခြင်းနဲ့ပူးပေါင်းကြပါတယ်။ အသက်ပေး လို့လည်း ယုံကြည်ကြပါတယ်။ နောက်ဆုံးတော့ ပြကွက်ကို အောင်အောင်မြင်မြင်ပြသနိုင်ခဲ့ပါတယ်။
.
ပုံပမာသုံးခုမှာ ဆွေးနွေးခြင်းနဲ့ ငြင်းခုန်ခြင်း၊ အဖွဲ့အစည်းကြားကယုံကြည်မှု၊ ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ဆောင်အောင်မြင်ခြင်း ဆိုတဲ့ အချက်တွေ မြင်သာမယ်လို့ ထင်ပါတယ်။ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုစတဲ့ အချက်တိုင်းမှာ အကြောင်းရင်းတော့ရှိစမြဲပါ။ လက်လှမ်းမီသမျှ အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခရင်းမြစ်ကို ရိုးရိုးသားသားပြန်ကြည့်ရင် တင်ပြခဲ့တဲ့ အချက်သုံးချက်ဟာ တစ်ခုမဟုတ်တစ်ခု လွတ်နေတာ တွေ့ရပါလိမ့်မယ်။ တစ်ခါတလေ တစ်ခုထက်လည်းပိုပါတယ်။ လက်ရှိ မြန်မာ့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့အတွက် “ပူးပေါင်းဆောင်ရွက်လိုခြင်း ရှိ၊ မရှိ” ဆိုတာကတော့ သက်ဆိုင်သူတွေရဲ့ သဘောထားသာဖြစ်ပါလိမ့်မယ်။
.
လက်ဆွဲနှုတ်ဆက်ခြင်းအလေ့အထဟာ သမိုင်းဦးဘုံမြေစနစ်လောက်ကတည်းက ရှိခဲ့တယ်လို့ လူထုသိပ္ပံကျမ်း တစ်စောင်မှာ ဖတ်ခဲ့ဖူးပါတယ်။ ကိုယ့်အဖွဲ့အစည်းကလူမဟုတ်ရင် တိုက်ခိုက်တတ်တဲ့ ဖြစ်စဉ်ကို ပထမဆုံး တွန်းလှန်ခဲ့တဲ့ ဓလေ့ဖြစ်ပါတယ်။ သူစိမ်းနှစ်ဦး ရင်ဆိုင်တွေ့တဲ့အခါ မတိုက်ခိုက်တော့ဘဲ လက်ထဲက လက်နက်တွေ လွှတ်ချပါတယ်။ လက်ထဲမှာ ဘာမှ မရှိတော့တဲ့အခြေအနေကို နှစ်ဦးလုံးက မြင်သာအောင်ပြပါတယ်။ နီးကပ်အောင် လျှောက်သွားပြီး ရန်မပြုကြေး သဘောတူညီမှုအတွက် ဘာသာစကားမဲ့ အပြုအမူတစ်ရပ်ကို နောက်ဆုံးလုပ်ကြပါတယ်။ တစ်ဦးလက်ကို တစ်ဦးက ဆွဲပြီး နှုတ်ဆက်ကြပါတယ်။
.
အဓိပ္ပါယ်ပြည့်ဝသော လက်ဆွဲနှုတ်ဆက်ခြင်းများ ဖြစ်ပေါ်နိုင်ပါစေ။
.
မြန်မာပြည်ကြီး ကျန်းမာပါစေသတည်း…။
ကိုစက်ဖေ

No comments:

Post a Comment