Monday, January 16, 2017

မြင်ထောင့်များ

မြင်ထောင့်များ…
.......................

တခါက ပုစ္ဆာလေးတစ်ပုဒ်ဖတ်ရပါတယ်။ မီးခြစ်ဆံလေး သုံးချောင်းနဲ့ ကြယ်သီးလေး တစ်လုံး။ မီးခြစ်ဆံသုံးချောင်းကို ကလပ်ဖန်ခွက်ကလေးလိုဖြစ်အောင် စီလိုက်တယ်။ ပြီးတော့ အဲဒီ မီးခြစ်ဆံ ဖန်ခွက် ကလေးထဲကို ကြယ်သီး ထည့်လိုက်တယ်။ မေးခွန်းကတော့ မီးခြစ်ဆံတွေကို မရွှေ့၊ ကြယ်သီးကိုလည်း မထိဘဲ ဖန်ခွက်အပြင်ကို ကြယ်သီးရောက်သွားအောင် ဘယ်လို လုပ်မလဲဆိုတဲ့မေးခွန်းပါ။


အားလုံးသိပြီးသား ပုံပြင်လေးတစ်ပုဒ်လည်း ပြောချင်ပါတယ်။
ပန်းချီဆရာလေးတစ်ယောက်ဟာ လူအများက ဝေဖန်စေချင်လွန်းလို့ သူ့ပန်းချီကို ဈေးလယ်မှာ ချထားပါတယ်။ အနားမှာ ဆေးခွက်ကလေးတစ်ခုနဲ့ စုတ်တံလေးပါ အသင့်ချထားပါတယ်။ ပန်းချီကားရဲ့ အောက်မှာလည်း
“အားနည်းချက်ရှိခဲ့ရင် မင်တို့ပြီးထောက်ပြတော်မူကြပါ”
လို့ ရေးထားပါသေးတယ်။ မနက်အစောကြီး ဈေးထဲမှာ ထားပြီး ညနေဈေးကွဲချိန်မှာ ပန်းချီကားကို သွားသိမ်းခဲ့ပါတယ်။ လူအများက ထောက်ပြထားတဲ့ သူ့အားနည်းချက်တွေကို မြင်ခွင့်ရတော့မယ်လို့ အားရဝမ်းသာဖြစ်နေတဲ့ ပန်းချီဆရာလေးဟာ မြင်ကွင်းကြောင့် ဝမ်းနည်းပက်လက် ဖြစ်သွားရပါတယ်။ ပန်းချီကားတစ်ချပ်လုံး ထောက်ပြတဲ့ ဆေးချက်တွေက ရစရာမရှိအောင်အပြည့်ဖြစ်နေပါတယ်။ ငါက ညံ့လွန်းပါတယ်လို့ နှလုံးသွင်းရင်း သူပြန်သွားခဲ့ပါတယ်။
အိမ်ပြန်ရောက်တော့ ဝမ်းနည်းနေတဲ့ ပန်းချီဆရာလေးကို သူ့အမေက နှစ်သိမ့်ပါတယ်။ နောက်တစ်နေ့ ကင်းဘက်စအသစ်တစ်ခုပါ ယူသွားပြီး
“ပြုပြင်စရာ ရှိရင် အတုယူလို့ ရအောင် နမူနာလေးဆွဲပြပါ”
လို့ စာတန်းလေးကိုပါ ပြောင်းဖို့ အကြံပြုခဲ့ပါတယ်။ ပန်းချီဆရာလေးလည်း နောက်နေ့နံနက်မှာသူ့အမေပေးတဲ့ အကြံအတိုင်း သူ့ပန်းချီကားရယ်၊ ကင်းဘတ်စအသစ်တစ်ခုရယ်၊ ဆေးခွက် အပြည့်အစုံရယ်၊ စာတန်းလေးရယ်ယူသွားခဲ့ပါတယ်။ ဈေးထဲမှာ ပထမနေ့ကလိုပဲ ချထားပြီး ညနေကျမှ ပြန်သိမ်းရအောင် သွားယူခဲ့ပါတယ်။
ထူးခြားတာကတော့ မနေ့က ရစရာမရှိအောင် ထောက်ပြတာခံလိုက်ရတဲ့ ပန်းချီကားလေးဟာ ဒီနေ့တော့ သန့်ရှင်းပြီး မင်တစ်စက်တောင်မရှိခဲ့ပါဘူး။ ကင်းဘတ်အသစ်မှလည်း ဘာကားမှ ဆွဲထားတာ မတွေ့ရပါဘူး။
တင်ပြခဲ့တဲ့ပုံပမာလေးကို ပြန်သုံးသပ်ရရင် အပြစ်တစ်ခုကို အလွယ်တကူ လွှတ်ကနဲ လူတွေက ပြောလေ့ရှိပေမဲ့ တကယ်တန်းနည်းလမ်းတကျ ပြောကျပါ ဆိုရင် လက်တွန့်သွားကြပါတယ်။ ဒီပုံပြင်လေးကို ကြည့်လိုက်ရင် ကျွန်တော်အပါအဝင် အများစုကတော့ ပန်းချီဆရာလေးရဲ့ လက်ရာအပေါ်မှာ လက်လွှတ်စပယ် ထောက်ပြကြတဲ့ ဈေးသွားတွေကိုသာ အပြစ်မြင်မိကြမှာပါ။ တကယ်လို့ မြင်ထောင့်သာ ပြောင်းခဲ့ရင် ကျွန်တော်တို့ဟာ ပြီးစလွယ်ထိုးတတ်ပြောတတ်တဲ့ လက်ညှိုးလူတွေဆိုတာ ပြန်တွေ့ကောင်း တွေ့ကြမှာဖြစ်ပါတယ်။ ကျွန်တော်တော့ အဲဒီလို မဆင်မခြင် ပြောမိ၊ပြုမိတဲ့ အကြိမ်ပေါင်းဟာ ရေတွက်သာ ထားမယ်ဆိုရင် ကျွန်တော့်ခေါင်းကဆံပင်အရေအတွက်ထက် နည်းမယ်မထင်ပါဘူး။
တင်ပြခဲ့တဲ့ မီးခြစ်ဆံပုစ္ဆာလေးကို ပြန်သွားရအောင်ပါ။
မီးခြစ်ဆံတွေနဲ့ ကြယ်သီးကို မထိဘဲ မီးခြစ်ဆံဖန်ခွက်လေးရဲ့ အပြင်ကို ကြယ်သီးရောက်ဖို့ အတွက်အဖြေ ကတော့ မြင်ထောင့်ပြောင်းကြည့် ဖြစ်ပါတယ်။ ဒါကို မြန်မာလိုတော့ ကိုယ်ချင်းစာတရားလို့ ခေါ်နိုင်မယ်ထင်ပါရဲ့။
ကိုစက်ဖေ

No comments:

Post a Comment