Friday, November 25, 2016

' အိတ်ဖွင့်ပေးတဲ့အလွမ်းစာ '





' အိတ်ဖွင့်ပေးတဲ့အလွမ်းစာ '
စာရေးသူ - *မြတ်လေးမောင်*

မနက်ခင်းက သဲ့သဲ့လေး လင်းလာဘီ ကိုဝေ ။
နွေလား ဆောင်းလား မသဲကွဲတဲ့ မနက်ခင်းလေးထဲမှာ မြူတွေဝေ့နေလို့ ပြတင်းပေါက်က လှမ်းမျှော် ကြည့်ရင် ကဒ်ထူစက္ကူ ပုးံခွံတွေ ထောင်ထားပြီး အပေါက်သေးသေး မညီမညာလေး တွေဖောက်ထားတဲ့ ကစားစရာအိမ်လို အတိုအရှည် မညီမညာဖြစ်နေတဲ့ တိုက်ခန်းတွေဟာ မြူထဲ မြင်ရတချို့ မမြင်ရတချို့ပေါ့ ကိုဝေ။ အောက်ခြေမှာ ရပ်လိုက်ရင် ကိုယ့်ကိုကိုယ် တကယ့် သေးသေးကွေးကွေးလေးလို့ စကြာဝဠာထဲက အမှုန်အစက်ကလေး လို့ထင်မိသွားအောင် ကြီးမားလွန်းတဲ့ အဆောက်အအုံကြီးတွေလည်း ဟိုနား တစ်ခု ဒီနားတစ်ခု လှမ်းမြင်နေရတယ် ကိုဝေ ။ တကယ်တမ်းက ဟော့ဒီကမ္ဘာကြီးမှာ မိုးထိမြင့်တဲ့တိုက်တွေ ဆောက်ဖို့ လိုအပ်တာ မဟုတ်ဘူး မိုးထိမြင့်တဲ့စိတ်ထားတွေ တည်ဆောက်ဖို့လိုနေတာပါ ကိုဝေ။ဒါပေမယ့် ပုရွက်ဆိတ်ကလေး တွေလို နေ့ရောညရော မနားမနေ အလုပ်လုပ်နေကြရတဲ့ လူတွေကတော့ အထပ် နှစ်ဆယ် သုးံဆယ် မြင့်မယ့် မိုးကောင်းကင်ထဲက တိမ်တွေကို ထိလုထိခင် ဖြစ်နေမယ့် တိုက်ကြီးတွေကို အားကြိုးမာန်တက် ဆောက်နေကြတာပဲ ။ ဒါ သူတို့အလုပ်ပေ ကိုး ။ 

ရောင်နီ လဲ့လဲ့လေး လင်းနေတဲ့ ကောင်းကင်တစ်ဝက်လောက်မှာ ဆောက်လက်စ မိုးမျှော်တိုက်ကြီးက မြင့်မြင့်စွင့်စွင့်ကြီး ရပ်နေတာ အစိမ်းရောင် ဝေဖာချပ်တစ်ခုကို ဒေါင်လိုက်
ထောင်ထားသလိုပဲ ။ဒီလိုအချိန်ဆို ကိုဝေ အိပ်နေတုန်းဖြစ်ချင် ဖြစ်မှာ ။ဒါမှမဟုတ် တမှေးမှ မအိပ်ရသေးတာ လည်း ဖြစ်ချင် ဖြစ်မှာ ။ကိုဝေ က သိပ်အလုပ်ရှုပ်တာ မဟုတ်လား ။ လူတိုင်း
က စားဝတ်နေရေး ဆိုတဲ့ မောင်းနှင်အား ရှေ့မှာ ကုန်းရုန်းပြီး ပြေးနေရသလိုမျိုး ကိုဝေလည်း
အားစိုက် ပြေးနေရတာပဲပေါ့ ။ အချိန်အားနည်းနည်းလေး ပဲ ရှိပြီး လူဖြစ်ရတာ မတန်တဲ့ဘဝ
မျိုးမှာ တခြားသူတွေ အများကြီး ပင်ပန်းနေရသလို ကိုဝေ လည်း ပင်ပန်းနေရတာပေါ့ ။ အသက်
ဝဝရှူ လိုက်ဖို့ ၊ ပန်းခြံထဲမှာ ချစ်သူနဲ့အတူထိုင်ဖို့ ၊လပြည့် နေ့တွေမှာ ချစ်သူနဲ့ ဘုရား အတူတူ
သွားဖို့  ၊ မိဘအိမ်မှာ အမေ့လက်ရာ ဟင်းတွေကို အားရပါးရ စားဖို့ ၊ သူငယ်ချင်းတွေနဲ့
ဟိုဟိုဒီဒီ သွားဖို့ ၊ ရုပ်ရှင်တစ်ပွဲ ကြည့်ဖို့ အို ကုန်ကုန်ပြောရ ရင် ဘာလုပ်ဖို့ အတွက်မှ အချိန်နည်းနည်းလေးမှ မရတဲ့ ဝန်တွေပိနေရှာတဲ့ လူတွေ လောကမှာ ဘယ်လောက်တောင်များပါလိမ့် ကိုဝေ ။
မအားလပ်ဘူး သီချင်းကို သံပြိုင်တေးလို ဆိုနေရတဲ့ သူတွေ ခမျာ အားလပ်ချိန် ဆိုတာကို ၊ အားလပ်ချိန်မှာ လုပ်လေ့ ရှိကြတဲ့ အရာ တွေကို နီးစပ်နိုင်ပါဦးတော့မလား ။
ရေကူးမယ် ပျော်ပွဲစားထွက်မယ် ခရီးထွက်မယ် စာဖတ်မယ် သီချင်းနားထောင်မယ် မိသားစုကို
အချိန်ပေးမယ် ချစ်သူခင်သူ တွေနဲ့ အတူရှိမယ် ။ ဒါတွေ မပါပဲ တရွေ့ရွေ့ ရှင်သန်လာကြမယ့်
လူ့ဘဝဆိုတာ ဘယ်လောက်များ လူသားမဆန်လိုက်သလဲ ကိုဝေ ။သံပါတ်ပေးထားတဲ့ နာရီ တစ်လုးံလို တလှုပ်လှုပ်နဲ့ သံပါတ်ကုန်သွားတော့ သေကြရုံပဲလားဟင် ကိုဝေ ။ 

ဟော လမ်းမပေါ်မှာ တီရှပ် အနက်ရောင်လေး တစ်ထည် ရွေ့လာတယ်။ကိုဝေ များလား ။
ကိုဝေ့မှာ အနက်ရောင်တီရှပ်တွေချည်းပဲ ဆယ့်သုးံထည် တိတိရှိတာ ။ ရင်ဘတ်ပေါ်မှာ ရိုက်ထားတဲ့ စတစ်ကာတွေ တီရှပ်တံဆိပ်တွေ သာပြောင်းချင် ပြောင်းသွားမယ် အရောင်ကတော့ အနက်ရောင်တွေချည်းပဲပေါ့ ။ စုံတွဲ တီရှပ် အပါအဝင်ပေါ့လေ ။ ဘယ်တုန်းက အဲ့ဒီ စုံတွဲအကျီင်္ အတူတူ ဝတ်ခဲ့ကြလဲ တစ်ယောက်ယောက်ကများ မေးခဲ့ရင် အလွယ်မပြောနိုင်တော့ဘူး ကိုယ့် ဒိုင်ယာရီ ဖြစ်ဖြစ် ကိုဝေ့ ဖုန်း နုတ်စ် ထဲက မှတ်တမ်းဖြစ်ဖြစ် ဓါတ်ပုံပေါ်က ရက်စွဲဖြစ်ဖြစ် ပြန်ရှာရတော့မှာ ပဲ ။တီရှပ် အနက်ကလေး ကိုယ့်အိမ်ဘက်ဆီ တရွေ့ရွေ့လျှောက်လာနေတယ် ။ ဖျတ်ခနဲခုန်သွားတဲ့ ရင်က အဲ့ဒီတီရှပ်အနက်ရောင်လေးလည်း လမ်းဟိုဘက်လည်းကူးသွားရော ငြိမ်သွားရော ။ကိုဝေ မဟုတ်ဘူး ။ ဒါ လမ်းပေါ်က ဖြတ်သွားဖြတ်လာ တီရှပ်အနက် ကလေးပါ ။ ကိုဝေသာဆို နှလုးံသားထဲအထိရောက်အောင် လျှောက်ဝင်လာမှာ ။
မနက်ခင်းနေရောင်တွေ ကောင်းကင်ပေါ်တွားတက်လာဘီ ကိုဝေ ။

နေမမြင့်ခင် သစ်ပင်လေးတွေကို ရေလောင်းရမယ် ။သစ်ပင်လေးတွေကို အရမ်းချစ်လို့ဆိုပြီး ရေတွေအရမ်းမလောင်းရဘူးလို့ ကိုဝေမှာထားတယ်။အလွန်အကျွံဆိုတာ ဘယ်နေရာမှာမှ မကောင်းဘူးပေါ့ဟုတ်လား ကိုဝေ ။ဒါဆို အလွန်အကျွံမဟုတ်တဲ့ အချစ်နဲ့များ ကိုဝေက
ချစ်တာလား ။ကိုဝေ့ ကိုရော နည်းနည်းလျှော့ချစ်ရမလား ဒါတော့ ဘယ်လိုဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ကိုဝေ။ အဲ့သလိုကြီးလားလို့မေးရင် အဲ့သလိုကြီးပဲလို့
ကိုဝေရွတ်ပြနေကျ ကဗျာရှည်ကြီး ထဲက ကဗျာဆရာ 'ဒီလူကလေး ' လေသံအတိုင်းဖြေရမှာပဲ ။
ကိုဝေ မမောမပန်းရွတ်ပြတဲ့ 'သူ့ဝင်ရိုးရဲ့ အဝေးက မှတ်တိုင်များ ' ဆိုတဲ့ ကဗျာရှည်ကြီးထဲက
' သြော် ချစ်သော လမ်းတစ်ဖက်ရဲ့
ခုလို လူတွေ ယာဉ်ကြော ရှုပ်ထွေးချိန်ပေါ့
ငှက်တွေ ကတော့ သူ့ချစ်သူဆီ
အလွယ်တကူ သွားရောက်နိုင်တာ '
ဆိုတဲ့ စာသား လေးတစ်ခုကို လွမ်းတဲ့စိတ်နဲ့ ခပ်တိုးတိုးရွတ်ကြည့်နေမိတယ် ။ 

ကမ္ဘာကြီးက သိပ်ဆူတာပဲ ကိုဝေ ။ မြို့လယ်ခေါင်တိုက်ခန်းလေးထဲ ဆူညံသံတွေနဲ့
ပြည့်နေတာ ။ ဆူညံသံတွေ အများကြီးထဲက မှ ကိုယ့်ဆီဆိုက်ရောက်လာမယ့် သာယာသံလေး တွေကို စိတ်ဇကာနဲ့ စစ်ယူရတဲ့အခါလည်းရှိ ၊ အဖိုးတန်ရွှေလို ကျင်ယူရတာလည်းရှိ ၊အမျှော်လင့်ကြီး မျှော်လင့် နေရတာမျိုးလည်း ရှိတာပေါ့ ကိုဝေ ။
ဒီနေ့က တနင်္လာ နေ့ပါ ကိုဝေ။ တနင်္လာနေ့ ညနေခင်းမှာ ရွှေတိဂုံ ကုန်းတော်ပေါ်မှာ
ဆည်းလည်းသံလေးတွေ ညံနေမှာပဲ ။တနင်္လာနေ့က သူ့ထုးံစံ အတိုင်း သိပ် သိပ် သာယာ
ပါတယ် ကိုဝေ။ ကိုဝေ သိတဲ့အတိုင်းပဲ အနက်ရောင်တီရှပ်နဲ့လိုက်ဖက်မယ့် အနက်ခံပေါ်မှာ
ရောင်စုံအစင်းလေးတွေရက်ယှယ် ထားတဲ့ ချည်ထည်ဝမ်းဆက်လေး တစ်စုံကို မီးပူတိုက်ထားပြီးဘီဆိုတာ အထူး ပြောမနေတော့ပါဘူး ကိုဝေ။ နေလုးံကြီး စောင်းစောင်း လာတဲ့အထိ 'ဘုရားသွားကြမယ်ဟေ့ ' ဆိုတဲ့ သာယာသံတစ်ခု လေထုထဲဖြတ်ပြီး ပျံသန်းမလာတဲ့အခါ ၊'အိမ်က ဘုရားလည်း ဘုရားပါပဲလေ' လို့ တိုးတိုးလေးရွတ် ချည်ထည်ဝမ်းဆက်လေးကို သေတ္တာထဲ ပြန်ထည့် သိမ်းလိုက်တဲ့အခါ လွမ်းတဲ့စိတ်ဟာ ရေဆူမှတ်ကို ရောက်လုရောက်ခင် ပွက်နေတော့တာပေါ့ ကိုဝေ။
ညနေ နေအေးတဲ့အခါ ဝရန်တာမှာ ကြိမ်ခုံပုလေးတစ်လုးံချထိုင်ပြီး ဖြတ်သွား ဖြတ်လာတွေကို ထိုင်ငေးတဲ့အခါ တီရှပ် အနက်လေးတွေ ဘယ်နှစ်ထည် ဖြတ်လျှောက်သွားတယ် ဆိုတာ ကိုဝေ သိချင်ချင်မသိချင်ချင် ရေထားမိဦးမှာပါပဲလေ ။တစ်ချိန်လုးံမအားလပ်တဲ့ လူသား ပုရွက်ဆိတ်လေး အနား ရောက်လာမယ့် တစ်ခုသော တနင်္လာ နေ့ကျရင်တော့ ရွှေတိဂုံ ကုန်းတော်ပေါ်က ဆည်းလည်းသံလေးတွေက နားဝင်ချိုစွာ တလှုပ်လှုပ်ညံနေကြပါလိမ့်မယ် ကိုဝေ ။

 လွမ်းလို့ ရေးလိုက်တဲ့ စာကို ပိတ်ထားတဲ့စာအိတ်ထဲ ထည့်ပြီး မပို့ချင်ဘူး ကိုဝေ ။လွမ်းလို့ရေးလိုက်တဲ့စာထဲက စကားလုးံလေးတွေကို အတောင်ပံပါပြီး လိုရာအရပ်ဆီ ပျံသန်းသွားနိုင်တဲ့ ငှက်ကလေးတွေ တီတီတာ ဟစ်အော်ပြီး ပျော်နေကြသလိုမျိုး ကိုဝေ့အနားရောက်အောင် သူ့အလိုလို ပျံသန်းသွားစေချင်တာ ။ စာအိတ်ထဲ ထည့်ပိတ်လိုက်ပြီးရင်လည်း ကိုဝေ့ဆီ ဒီစာကို ရောက်အောင်ပို့ဖြစ်ပါ့မလား ၊ ကိုဝေကရော ဒီစာကို အရေးတယူ ဖတ်ဖို့ အားလပ်တဲ့အချိန်ရှိပါ့မလား ဆိုတာ မသေချာဘူး ။ မသေချာမှုတွေ ပြည့်နှက်နေတဲ့ ဟော့ဒီကမ္ဘာကြီးထဲမှာ ဒီစာကို အလွမ်းအပြည့်နဲ့ ရေးမိလိုက်တဲ့နေ့က ကိုဝေသိပ်သိပ်ချစ်တဲ့ တစ်ယောက် သောသူရဲ့ တီထွင်ထားတဲ့ ကိုယ်ပိုင်ပြက္ခဒိန် မှာ 'သာသာယာယာ တနင်္လာနေ့လေး ' ပါ ကိုဝေ ။ ။

မြတ်လေးမောင်

No comments:

Post a Comment