Thursday, March 8, 2018

" ရိုးမသွားစေချင်​ပါ"





၁၈-၂-၂၀၁၈ ရက်​​နေ့ထုတ်​ တူ​ဒေးဒီမိုက​ရေစီပါ​ဆောင်းပါးပါ
" ရိုးမသွားစေချင်​ပါ"
------------------

ရုံး(၃)ရက်ပိတ်ခြင်းကြောင့် နယ်ရှိအိမ်သို့ပြန်ဖြစ်သည်။ ဇနီးနှင့် သမီးကို နယ်ရှိအိမ်တွင်ထား၍ ကျွန်တော်က လုပ်ငန်းအခြေအနေအရ ရန်ကုန်တွင် အလုပ်လုပ်နေခြင်းဖြစ်သည်။ နှစ်ပတ်ခြားတစ်ခါသာ ပြန်ဖြစ်သည်။ မိသားစု ခွဲ၍ နေရခြင်းကြောင့် တစ်ခါတလေ နင့်နေအောင်ခံစားရမိသည်လည်းရှိသည်။ သို့သော် နှစ်ပတ်တစ်ခါပြန်ဖြစ်တိုင်း အဝေးပြေးကားဝန်းတွင် မိမိလိုဘ၀တူတွေ၊ မိမိထက်ဆိုးသော နှစ်နှင့်ချီ၍ အိမ်မပြန်နိုင်သေးသော ဘ၀တို့ကို တွေ့မြင် နေရသည့်အခါ ကိုယ့်ဘ၀ကိုယ် တော်သေးသည်ဟုထင်မိသည်။ ခွဲရချိန်ကြာမြင့်လာသည့်နှင့်အမျှ ခွဲနေရခြင်း သည်လည်း ကျွန်တော့်ဘ၀အတွက် ရိုးလှပြီဟုထင်မိသည်။ သို့သော်လည်း မရိုးနိုင်စွာ ပြန်နေရပြန်သည်။

သည်တစ်ခေါက် အိမ်၌ နေထိုင်စဉ် သတင်းတစ်ခုက ရောက်ရှိလာသည်။ အထက်တန်းကျောင်းက ဆယ်တန်းတက်နေသည့် ကောင်လေးနှင့် ကိုးတန်းတက်နေသည့် ကောင်မလေးတို့ ခိုးရာလိုက်ပြေးသည့် သတင်းပင် ဖြစ်သည်။ ထိုသတင်းကို ကြားခိုက် ကျွန်တော်က " သြော် " ဟုသာဆိုမိသည်။ ထိုသို့ဆိုမိခြင်းကို ဆန်းစစ်ကြည့် သည့်အခါ၊ ပြန်တွေးမိကြည့်အခါ မထူးဆန်းသော အကြောင်းအရာဟု ကျွန်တော့်စိတ်က ခံယူထားမိခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရသည်။

ကျွန်တော် ငယ်စဉ်က ထို ကိုးတန်း၊ ဆယ်တန်းနှစ်တွင် ရည်စားသနာထားခဲ့သည်ပင်။ သူငယ်ချင်းတို့၏ အစအနောက်ကြောင့်သာ သူငယ်ချင်းအချင်းချင်း သမီးရည်းစားအဖြစ်သို့ ရောက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကျွန်တော်တို့ထံတွင် တခြားထွေပြားသော စိတ်မရှိချေ။ ကိုယ့်နှင့်ဖြစ်သည့် မိန်းကလေးသည် ကိုယ့်နှမလေးဟုပင် စိတ်ထင်မိသည်။ ကျွန်တော့်နည်းတူ တခြားသော ကျောင်းသူ၊ ကျောင်းသားများတွင်လည်း ထိုစိတ်မျိုးသာရှိပါ လိမ့်မည်။ မည်သူနှင့် မည်သူသည် အတွဲဟုသိကြသော်လည်း ဆယ်တန်းအောင်၊ တက္ကသိုလ်များတက်ကြသည်အထိ အိမ်ထောင်ပြုကြသည်မရှိကြချေ။ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုကြသည်ကို မကြားမိခဲ့ချေ။

သို့သော် ခေတ်ရေအလျဉ်၏ ပြောင်းလဲမှုဒဏ်ကို လူငယ်တို့ခံကြရသည်ဟု ထင်မိသည်။ ခေတ်၏ ပြောင်းလဲမှုကြောင့် လူငယ်တို့၏ စိတ်တွင် မရိုးမရွသောစိတ်များ၊ ထွေပြားသောစိတ်များ တချို့ဝင်လာကြတော့သည်။ ထိုအခါ အထိအတွေ့နှင့် လူငယ်သဘာဝ စိတ်နှင်ရာကို စမ်းသပ်တတ်ကြခြင်းတို့ကြောင့် မဖြစ်သင့်သော ကိစ္စရပ်များ ဖြစ်ပွားလာကြသည်။ အံ့သြမှင်သက်ဖွယ်ရာ အဖြစ်အပျက်တို့ကို မြင်တွေ့လာရသည်။ လင်မယေား နှစ်ယောက်ပေါင်းမှ အသက် ၂၅ ရှိသည်ဆိုပါလျှင် ပိုသည်ဟု မထင်စေလိုပါ။ အမှန်တကယ် ကျွန်တော့်တို့ နယ်တွင် ရှိနေခြင်းဖြစ်သည်။ 

လူငယ်သဘာဝ လွတ်လပ်စွာ၊ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းစေချင်သည်။ အိမ်ရာတည်ထောင်ခြင်း အမှုကို တော်တော်များများပြုကြသည်ဖြစ်သည်။ ထိုအိမ်ထောင်ရှင်တို့၏ ဘ၀ကို သက်တမ်းအားဖြင့် တွက်ကြည့်ပါလျှင် လူ့သက်တမ်း၏ တစ်ဝက်နှင့် သုံးပုံနှစ်ပုံခန့်မှာ ထိုအိမ်ထောင်မှုထဲတွင် ကုန်ဆုံးကြခြင်းဖြစ်သည်။ ထို့ကြောင့် လူငယ်ဘ၀လွတ်လပ်ပျော်ရွှင်သော အရသာကို ပြည့်ပြည့်၀၀ ခံစားစေချင်၊ ဖြတ်သန်းစေချင်မိပါသည်။

သို့သော်လည်း " ဆုတ်ခေတ် " ဟု ဆိုလေခြင်းကြောင့်ပင် ငယ်ရွယ်စွာ အိမ်ထောင်ပြုစေခြင်းတို့အတွက် အကြောင်းတရားများစွာတို့က လူငယ်တို့ထံ၊ လူငယ်တို့၏ နှလုံးသားထံ၊ လူငယ်တို့၏ ဘ၀ထံသို့ ၀င်ရောက်လာ ခဲ့ပါသည်။ ကျွန်တော်တို့ငယ်စဉ်က စာဖတ်ဝါသနာပါလျှင် လက်ထဲတွင် စာအုပ်ရှိမည်၊ အားကစား ၀ါသနာပါသူက ဘောလုံးကွင်းထဲတွင်ရှိမည်၊ ခြင်းကွင်းတွင်ရှိမည်။ မိန်းကလေးနှင့်ယောက်ျားလေး အတူအတူ ရွှေစွန်ညိုဆော့မည်၊ မထွေးဖမ်းတမ်းဆော့မည်၊ ယနေ့အချိန်တွင်တော့ စာဖတ်ချင်သော လူငယ်တို့အတွက် စာအုပ်ဆိုင်မရှိ၊ ပိတ်ထားသည်က များသည့် စာကြည့်တိုက်တို့သာရှိသည်။ နယ်ဘက်တွင် လူငယ်တို့ ဆော့ကစားစရာ နေရာရှိလှ သေးသော်လည်း မြို့ကြီးပြကြီးရှိ လူငယ်တို့အဖို့ လမ်းမကြီးသည်လည်း အန္တရာယ်ရှိလွန်းလှသည်။ ကစားကွင်း ဆိုသည်မှာလဲ ဝေးလွန်းလှသလို အခကြေးငွေပေးရသေးသည်။

လူငယ်တို့ လက်ထဲသို့ ဘ၀ထဲသို့ အလွယ်တကူရောက်ရှိလာသည်မှာ ဖုန်းပင်ဖြစ်သည်။ ထိုဖုန်းထဲတွင် မိမိ သိလိုသည်၊ မြင်လိုသည်ကို အလွယ်တကူ ရှာဖွေနိုင်လေပြီ။ ထည့်သွင်းသိမ်းထားနိုင်လေပြီ။ ထိုအခါ ငယ်ရွယ်သူ တို့၏ စိတ်အတွင်းသို့ အရောင်စုံစိတ်တို့နှင့် လှိုင်းထနေသည့်စိတ်တို့ ရောက်ရှိလာကုန်တော့သည်။ ဆိုရပါလျှင်မူ အချိန်မတန်သေးသည့်ပန်းကို ကျွန်တော်တို့က ဘဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်၍ အမြန်ပွင့်စေခြင်း၊ မရင့်မှည့်သေး သည့်အသီးတို့ကို ဆေးဖြင့်အတင်း ရင့်မှည့်ခိုင်းနေသည်နှင့် တူလှသည်။

ပန်းတို့၏ လောက သဘာဝအတိုင်း ဖူးမည်၊ ပွင့်မည်၊ နွမ်းကြွေမည်။ ထို ဖူး၊ ပွင့်၊ ကြွေခြင်းသည် အချိန်ကာလ တစ်ခုဆီကို ပုံမှန်ဖြတ်သန်းပြီးမှသာ ရောက်ရှိကြခြင်းဖြစ်သည်။ စောစီးစွာ အိမ်ထောင်ပြုကြသည့် လူငယ်တို့အဖို့ စောစီးစွာပွင့်လန်းပြီး၊ အချိန်မတန်မီ ကြွေနွမ်းကျရသည်ဟု ထင်မိသည်။ ထိုသို့သော အိမ်ထောင်ရေးတို့သည်လည်း ခိုင်မြဲသည်မှာ နည်းပါးပါသည်။ 

ခေတ်ရေအလျဉ်တွင် လူငယ်လူရွယ်တို့ စောစီးစွာ အိမ်ထောင်မှုပြုကြခြင်း တစ်ခုတည်းသာ မျှောပါရခြင်း မဟုတ်ပါ။ မြင်တွေကြားနေရသည် များပြားလှသည့် အမှုအခင်းတို့လည်း ပါဝင်ပါသည်။ တချို့သော အမှုအခင်း တို့သည် မကြားဝံမနာသာရှိလှပါသည်။ ပုံစံတူ အမှုအခင်းအဖြစ်အပျက်များနှင့် နေရာစုံ၊ ဒေသစုံတွင် ဖြစ်ပျက်လာ ကြသည့်အခါ ထိုအမှုအခင်းတို့မှာ ရိုးသွားသည်ဟုပင် ထင်ရသည်။ " သည်လောက်အမှုလေးများကွာ " ဟုပင် စိတ်က တွေးမိတတ်ကြသည်။ တစ်မျိုးနှင့်တစ်မျိုး မရိုးရအောင်ဖြစ်နေသည်ဟု ထင်ရသောအမှုအခင်းတို့သည်ပင်လျှင် တဖြည်းဖြည်း သာမန်အဖြစ်အပျက်တစ်ခုဟုသာ ထင်လာသည်အထိ ဖြစ်လာတော့သည်။

ယခင် လူမှုအသိုက်အ၀န်းတွင် " ဘယ်အိမ်တော့ သူခိုး အခိုးခံရလို့ဟေ့ " ဟုဆိုကာ ရပ်ကျော်ရွာကျော် ပြော၍ မဆုံးသည့် အခြေအနေမျိုးဖြစ်သည်။ " ဘယ်သူတော့ အသတ်ခံလိုက်တယ် " ဟူသော သတင်းအကြားတွင် " ဟင်၊ အို၊ ဟာ " ဟူသော အာမေဋိတ်စကားများကို ကြားရသည်ချည်းဖြစ်သည်။ သို့ဆိုလျှင် ယခင်က စောစီးစွာ အိမ်ထောင်ကျသူများမရှိပြီလော၊ အမှုအခင်းတို့မရှိပြီလော မေးစရာရှိပါသည်။ " ရှိတော့ ရှိတယ် ရှားတယ် " ဟု ကျွန်တော်ဖြေချင်ပါသည်။

မည်သို့ပင် ပြောင်းလဲလာသည်ဆိုစေကာမူ လူငယ်တို့၏ ဘာသာဘာဝ ပျော်ရွှင်စရာအချိန်တို့ကို ပဲ့ပါမသွား စေချင်ပါ။ မပျက်စီးစေချင်ပါ။ ရောင်စုံထွေပြားနေသည့် စိတ်နှလုံးသားတို့ကို အဖြူထည်သက်သက်သာ ရှိစေချင် ပါသည်။ ထို့အတူ လူမှုအသိုက်အ၀န်းတွင်လည်း အေးချမ်းသော သတင်းများ၊ မုဒိတာပွားစရာ၊ ပျော်ရွှင်စရာ သတင်းနှင့် အဖြစ်အပျက်တို့ကိုသာ မြင်တွေလိုလှပါသည်။ ပူလောင်လွန်းလှသည့် လူမှုအသိုက်အ၀န်းကို ငြိမ်းအေး စေလိုပါသည်။

ဆိုရပါလျှင်မူ အံ့သြစရာဖြစ်သည်ဟူသော ခံစားမှုမျိုးကိုသာ ကျွန်တော်က ခံစားချင်ပါသည်။ အဖြစ်အပျက်၊ အမှုအခင်းတို့ကိုကို ရိုးမသွားစေချင်ပါ။ ဆေးစိမ်ခြင်းဖြင့် ရင့်မှည့်နေသည့် အသီးအနှံတို့ဖြင့် ရိုးမသွားစေချင်ပါ။ ရာဇ၀တ်ဘေးတို့သည်လည်း ရိုးမသွားချင်ပါ။ သဘာဝဖြစ်စဉ်အတိုင်း ရိုးသားသော လူမှုအသိုက်အ၀န်းကိုသာ ဖြစ်စေချင်လွန်းလှပါတော့သည်။
--------------------
မေတ္တာဖြင့်
ပိုင်​ပြည့်

No comments:

Post a Comment