Thursday, December 21, 2017

အဘိုးအဘွားတို့ရဲ့ ကိုရီးယား





"အဘိုအဘွားတို့ရဲ့ ကိုရီးယား"
ဒီကိုရီးယားကိစ္စကလည်း ပြောလို့ကိုမဆုံးပါဘူး။ ဆရာတော်များကအစ လူရွှင်တော်တွေအဆုံး ပြောနေ ဆိုနေကြတာ။ လူတွေက ကြားရဖန်များလာလို့လားမသိပါဘူး ဒီပြဿနာက ဆုံးကိုမဆုံးနိုင်ဖြစ်နေတယ်။ လက်နက်နဲ့မတိုက်ရပါပဲ ယဉ်ကျေးမှုတွေနဲ့ ကိုရီးယားကျွန်ဖြစ်နေကြပြီလား။ တော်တော်စဉ်းစားဖို့ ကောင်းလာပြီ။ ပြီးတော့ တကယ်လို့များ ကိုရီယားစွဲတွေနဲ့ သေများသွားကြရင် နှစ်ပေါင်းကြာတဲ့အခါ မြန်မာပြည်လူဦးရေတောင် တော်တော်လျှော့သွား မယ်ထင်တယ်။ အဲဒီအခါမှပဲ ကိုရီးယားသွား လူဖြစ်ကြပေါ့။
နောက်မီးလင်းတဲ့ကိစ္စ၊ လင်မယားချင်းကွာရှင်းပြီး တခြားသူနဲ့ထပ်ယူမှ လင်မယားအဟောင်းချင်း ပြန်ပေါင်းတာတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊ မိန်းကလေး နှစ်ယောက်သုံးယောက်က ယောကျာ်းလေး တစ်ယောက်ကို ပြိုင်ကြိုက်ကြတာ၊ မယူရသေးဘဲ အတူတကွနေကြတာ စတဲ့စတဲ့ အတုယူမှားစရာတွေကို အတုခိုး ကုန်လာကြပြီဆိုရင်ဖြင့် ကျွန်တော်တို့ ယဉ်ကျေးမှု၊ ကျွန်တော်တို့ မြန်မာပြည်ကြီးတော့ ခက်များခက်ရချည်ရဲ့။
တချို့လည်း ကိုရီးယားသွားပြီး ဆင်းရဲချင်ကြသေးတယ်။ ဆင်းရဲတဲ့သူက ဖုန်းနဲ့၊ ကားနဲ့ကိုး။ ခက်တာက မြင်ရတဲ့ရုပ်ဝတ္ထုတွေပဲကြည့်ကြ၊ မြင်ကြတတ်တာကိုး။ သူ့တို့နောက်ကွယ်က အခက်အခဲတွေ၊ စိတ် ဓါတ်တွေကိုတော့ ကြည့်ဖြစ်ကြမယ်မထင်ပါဘူး။ လူ့သဘာဝအရ သူများပိုင်သလို ကိုယ်ပိုင်ချင်၊ သူများတိုးတက် သလိုတိုးတက်ချင်တာ မဆန်းလှပါဘူး။ ဒါပေမယ့် အပေါ်ယံရုပ်ဝတ္ထုသာ မိုးပေါ်ရောက်နေပြီး ကိုယ်ကျင့်တရား တွေ၊ စိတ်ဓာတ်တွေက ချောက်ထဲကျနေပြီဆိုရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ပြီး ကြိုးကိုအမြင့်ဆုံးချည် ပြီးတော့ အနိမ့်ဆုံးကိုမှခုန်ချတာနဲ့အတူတူပါပဲ။ တချို့တွေကလည်း မြန်မာပြည်မှာ လူဖြစ်ရတာနာတယ်လို့ ဆိုတဲ့ သူကဆိုကြသေးတယ်။ သူတို့ကိုမေးကြည့်ချင်ပါတယ်။ နိုင်ငံအတွက်ခဏထား မိသားစုအကျိုး၊ ရပ်ကွက်အကျိုး ဘာတွေများလုပ်ခဲ့ကြပြီလဲလို့။
တခြားနိုင်ငံကိုအထင်ကြီးနေကြတဲ့ လူငယ်၊ လူကြီးတွေကို သီတဂူဆရာတော်ဘုရားကြီးဟော ကြားထားတဲ့(စာအုပ်အဖြစ်ထုတ်ထားပြီး) “ အနှစ်ကိုးပါးတရားတော် ”ကိုနာယူစေချင်၊ ဖတ်စေချင်ပါတယ်။ မြန်မာ ပြည်မှာ လူလာဖြစ်ရလို့ ဘာတွေအကျိုးအမြတ်ရလိုက်သလဲ၊ ဘာတွေဂုဏ်ယူစရာ ရှိသလဲလို့။
ဆရာတော်ဘုရားကြီးက ပိဋကတ်တော်လာ အနှစ်သုံးပါးကို ထုတ်ပြတော်မူပြီး အနှစ်သုံးပါးရဲ့ အရေးကြီးပုံ၊ တန်ဖိုးကြီးမားပုံကို တစ်ခုချင်းစီအလိုက် ဟောပြတော်မူပါတယ်။
ဆက်ပြီးဆရာတော်ဘုရားကြီးက “ အနှစ်ကိုးပါးဆိုတာ ရတနာသုံးပါးဆိုတဲ့ ဘုရား၊ တရား၊ သံဃာ၊ လက်္ခာရေးသုံးပါးဆိုတဲ့ အနိစ်္စ၊ ဒုက်္ခ၊ အနတ်္တ၊ သိက္ခာ သုံးပါးဆိုတဲ့ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ၊ ပေါင်း ကိုးပါးဟာ တကယ့်အနှစ်ကိုးပါးဖြစ်ပါတယ်။ အဲဒီ ၉ မျိုးစလုံးဟာ မြန်မာပြည်မှာ အကုန်ရှိတယ်။ အကုန်လုံး ကို လက်ခံတယ်။ ဒါ့ကြောင့် အနှစ်ပြည့်တဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အနှစ်ပြည့်တဲ့လူလာဖြစ်လို့ ကံကောင်း ပါတယ်။ ကိုယ့်တန်ဖိုးကို နားလည်ကြပါ။ ” လို့ ဟောကြားတော်မူထားပါတယ်။
ဒီအဆီအနှစ်တွေဟာ ဘယ်မှာရှိသလဲ၊ ဘယ်သူတွေကိုးကွယ်၊ စောင့်ရှောက်၊ စောင့်ထိန်း နေကြသလဲဆိုတာ နည်းနည်းလေး တွေးစကြည့် စေချင်ပါတယ်။ အပေါ်ယံရုပ်ဝတ္ထုပြည့်စုံကြွယ်ဝတာနဲ့ပဲ ဘ၀အဓိပ္ပါယ်ဟာ ပြည့်စုံသွားပြီလို့ပြောလို့မရပါဘူး။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မြန်မာလူမျိုးများအဖို့ သံသရာဆိုတာရှိပါတယ်။ တစ်ဘ၀ တစ်နပ်စာကိုကြည့်နေရင် သံသရာကြောမှာ အဆုံးအစမဲ့မျှောနေကြဦးမှာပါ။ ဒီတော့ ကိုယ့်နိုင်ငံယဉ်ကျေးမှု၊ ဘာသာတရားရဲ့အောက်မှာရှိနေတဲ့ စိတ်ဓါတ်တွေကို အထင်တကြီးရှိပြီး လေးစားယုံကြည်ဖို့နှိုးဆော်လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် မြန်မာဟာ အမည်ခံရုံသက်သက်သာဖြစ်လာကြတော့မယ်။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ ဤမြေမှသည် ”၀တ္ထုထဲက အကြောင်းအရာလေးတစ်ချို့ထုတ် ပြချင်ပါတယ်။ ကိုမြင့်ခိုင်နဲ့ ထားဆိုတဲ့ဇာတ်ကောင်တွေရဲ့စကားပြောခန်းလေးပါ။
“ ကိုမြင့်ခိုင် မှတ်မိပါလိမ့်မယ်ထင်တယ်။ တစ်ခါက ထားနဲ့ကိုမြင့်ခိုင် အင်းလျားကန်ရေစပ်မှာ ပြောခဲ့တဲ့စကားတွေလေ။ ဒီတုန်းက နွေဆိုတော့ လေရူးဝှေ့လို့ကန်ရေပြင်မှာလှိုင်းတွေထနေတယ်။ ထားက လှိုင်းတွန့်တွေကိုချစ်တယ်။ ရေပိုးကောင်လေးတွေလို လှိုင်းတွန့်တွေစီးပြီး ပျော်ပျော်မျှောချင်တယ်။ ဒီတော့ ကိုမြင့်ခိုင်ကပြောတယ် ”
“ လှိုင်းတွန့်တွေရဲအလှအပကို မြင်ရုံနဲ့ ကန်ရဲ့နက်ရှိုင်းခြင်းကိုမသိနိုင်ဘူးတဲ့။ ပြီးတော့ ကန်ရေပြင် အပေါ်ယံက လှိုင်းတွန့်အလှအပမှာ မျောလွင့်ချင်တာနဲ့ နက်ရှိုင်းတဲ့ကန်ရဲ့ ဘေးအန်္တရာယ်ကို မမေ့ပါနဲ့တဲ့ ”
လူငယ်တွေလဲ တိုင်းတစ်ပါးရဲ့ ၀တ်ပုံ၊ စားပုံ၊ နေထိုင်ပုံတွေကိုကြည့်ပြီး သာယာနေကြလို့မဖြစ်ပါဘူး။ အဲဒီနောက်ကွယ်မှာ ဘယ်လိုအန္တရာယ်တွေဖြစ်လာနိုင်လဲ၊ ကိုယ့်အတွက် ဘာတွေနစ်နာသွားနိုင်လဲဆိုတာ မျှော်တွေးပြီး ရေရှည်ကိုကြည့်ကြပါလို့ တင်ပြလိုပါတယ်။
ဒီအကြောင်းအရာတွေကို ရေးချင်လာရတဲ့အကြောင်းရင်းလေးကို ပြောပြပါဦးမယ်။ တစ်နေ့ ဘိုးဘွားရိပ်သာတစ်ခုကို လှူဒါန်းချင်စိတ်ပေါ်လာလို့ ကျွန်တော် လှူဒါန်းမယ့် စားစရာ၊ သောက်စရာလေးတွေ၊ စာအုပ်လေးတွေကို ထုပ်ပိုးပြီး ဘိုးဘွားရိပ်သာတစ်ခုကိုထွက်ခဲ့ပါတယ်။ အဲဒီရောက်တော့ အဖွဲ့ဝင် အမျိုးသမီး လေးက ယဉ်ကျေး၊ ပျူငှာစွာပဲ စကားတွေလက်ခံပြောပါတယ်။ ပြီးတော့ ကိုယ်တိုင် လှူချင်လည်းဖြစ်ကြောင်း သူတို့ဆီ ထားခဲ့လည်းရကြောင်း ပြောပြပြီး ဂုဏ်ပြုမှတ်တမ်းလွှာနဲ့၊ ဘိုးဘွားရိပ်သာအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်တွေ ကိုပါ တစ်ခါတည်းပေးပါတယ်။
အဲဒီအမျိုးသမီးလေးဟာ အလွန်ဆုံးရှိ ၂၆၊ ၂၇ နှစ်ဝန်းကျင်ပါပဲ။ သူ့ကြည့်ရတာ တကယ့်စိတ်ပါ လက်ပါပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ဒီနေရာမှာ လုပ်ကိုင်နေတာလဲ။ ကျွန်တော်တွေးကြည့် မိပါတယ်။ တစ်ဘက်သားအပေါ်စာနာစိတ်၊ လူကြီးမိဘတွေ အပေါ်ထားရှိတဲ့ မေတ်္တာစိတ်၊ ရိုသေလေးစား စိတ်လေးတွေရှိနေလို့မဟုတ်ဘူးလား။ မြန်မာလူငယ်လူရွယ်လေးတွေ အတုမခိုးသင့်ဘူးလား။ ဒီနေရာမှာ ခြွင်းချက် လေးအဖြစ် ကျွန်တော်ပြောပြနေတာတွေက လူငယ်အားလုံးကို ဆိုလိုရင်းမဟုတ်ပါဘူး။ တခြားနိုင်ငံအပေါ်အထင် ကြီးနေကြတဲ့ လူကြီး၊ လူငယ်တွေကို ပြောလိုရင်းပါ။
ကျွန်တော်က ရိပ်သာဝန်းထဲ ကြည့်ချင်ကြောင်းပြောတော့ သူက အဘိုး၊ အဘွားတွေရဲ့ အိပ်ဆောင်တွေ၊ ထမင်းစားဆောင်တွေလိုက်ပြရင်း အဘိုးအဘွားတွေရဲ့အသက်အရွယ်၊ ဇာတိ၊ ကျန်းမာရေးအခြေ အနေတွေကို စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်က အဘိုးအဘွားတွေတရားထိုင်ချိန် ဖြစ်နေပါတယ်။ ဒါနဲ့ကျွန်တော်က အဘိုးအဘွားတွေအတွက် တရားခွေတွေရောဖွင့်ပေးသလားပေါ့။ အခွေတွေ စုဆောင်းတတ်တဲ့ကျွန်တော့်မှာ တရားခွေတွေကအများကြီးဖြစ်နေတော့ လှူဖို့စိတ်ကူးလေးနဲ့မေးလိုက်ခြင်းဖြစ်ပါ တယ်။
သူက တရားခွေများဖွင့်ပေးကြောင်း၊ လှူဒါန်းတဲ့သူများလည်းရှိကြောင်း အထူးသဖြင့် ဥပုသ်ရက် တွေမှာ ဆရာတော်များပင့်၍ တရားနာကြားခြင်း၊ လှူဒါန်းသူတွေရဲ့ ရေစက်ချတရား၊ ဒါနတရားများကို ဆရာတော် များထံမှာ နာကြားစေခြင်းတို့ပြုလုပ်ပေးကြောင်းရှင်းပြပါတယ်။
နောက်ဆုံး သူပြောတဲ့စကားတစ်ခွန်းကြောင့် ကျွန်တော်ဒီစာကို ရေးမိခြင်းဖြစ်ပါတယ်။ သူက “တရားခွေတွေကို ဥပုသ်ရက်၊ မနက်၊ ညဖွင့်ပေးပါတယ်။ ကျန်တဲ့အချိန်မှာ အဘိုးအဘွားတွေက ကိုရီးယားကား ကြည့်ကြတယ်။ သူတို့က ဖွင့်ပေးပါပြောလို့လေ ”။
ကျွန်တော့မှာ သြော် ကိုရီးယား...ကိုးရီးယားလို့သာ ညည်းတွားရင်း။
--------

ပိုင်ပြည့်

No comments:

Post a Comment