" အလွမ်းနာ "
---------------
အလွမ်းဆိုသည်မှာ
နာတတ်သည်လား၊ နင့်နေအောင် ခံစားရတတ်သည်လား ကျွန်တော်မသိ။ သေချာသည်က ကျွန်တော် ထိုင်ရမလို၊
ထမရလို ဖြစ်နေသည်ကတော့ အမှန်။ အလွမ်းတွေ အသောက်များ၍ ကျွန်တော်အလွမ်းနာ ကျနေခြင်းဖြစ်မည်။
အလွမ်းအမျိုးအစားပေါင်း
မည်၍မည်မျှ ရှိသနည်း။ အလွမ်းတွင် မည်သူ့ကိုလွမ်း၊
မည်သူ့မလွမ်းသင့်ဟူသော ကန့်သတ်ချက်မျိုး ရှိပါ၏လော။ တစ်နယ်တကျေးတွင် တာဝန်ထမ်းဆောင်နေသည့် သားသမီးက
အဝေးကမိဘကို လွမ်းမည်။ မိသားစု တာဝန်အတွက်
တစ်မြေမှာ စီးပွားရှာနေသည့် လင်တော်မောင်က သူ့ဇနီးသည်ကို လွမ်းမည်၊ သူ့ သမီးသားကိုလွမ်းမည်။
ချစ်ခြင်းတရားတို့ ပြည့်နှက်နေသော်လည်း အကြောင်းတရားကြောင့် ခွဲခွာနေရသည့် ချစ်သူက
သူချစ်သောသူကို လွမ်းမည်။ ခေါင်းခေါက်၊ စနောက်၊
တေဖော်တေဖက်၊ လက်တွဲဖော်လက်တွဲဖက် သူငယ်ချင်းတွေက သူငယ်ချင်းတွေကို လွမ်းမည်။ လွမ်းမည် အလွမ်းဟူသည် ရင်ထဲ၌ ကိန်းဝပ်နေသည့် ဆည်းလည်းလေးသာ။
လေကလေးတိုးရုံနှင့်
အလွမ်းဆည်းလည်းလေး လှုပ်မည်။ ရည်ရွယ်ရင်း လှုပ်ခတ်ခြင်းကြောင့်
ဆည်းလည်းလေး မည်ဟီးမည်။ အလွမ်းသည် အကြောင်းတရားအစုံတို့ကြောင့်
မည်တတ်ပါသည်။
တစ်ချိန်တုန်းဆီက
သီတင်းကျွတ်လပြည့်ညကြီးကို အမှတ်ရမိသည်။ ရှင်းလင်းနေသည့်
အာကာပြင်ကြီးတွင် လမင်းကြီးက တစ်ကိုယ်တည်း လင်းချင်တိုင်းစိတ်တိုင်းကျ ထွန်းလင်းနေသည်။
ငယ်စဉ်အခါကတော့ဖြင့် လသာပါလျှင် သိပ်ပျော်ဖို့ကောင်းခဲ့သည်။ သို့သော် ထိုတစ်ရက်၊ ထိုနေ့ည
လမင်းကြီးကို ငေးရင်း ငေးရင်းဖြင့် ဆို့နစ်နေသော နှလုံးအိမ်မှတစ်ဆင့် ပါးပြင်ထက်သို့
မျက်ရည်စတို့ ကျဆင်းနေခဲ့သည်။ အလွမ်းတို့က ရင်နှင့်မဆန့်၍ မျက်ရည်စက်တို့အဖြစ် လျှံကျလာလေသည်လား။
ကျွန်တော်
သိုက်မြုံမှ ထွက်၍ ပျံလာခဲ့သည်ငှက်ငယ်။ ဖော်ဝေးနေခဲ့သည်။
အမေ့ကို လွမ်းသည်။ အဖေ့ကို လွမ်းသည်။ ရပ်ဝေးက
ကျောင်းတက်ဖက် သူငယ်ချင်းတွေကို လွမ်းသည်။
ရပ်မည်ဟု တည်ကြည်ခဲ့သော စိတ်ခြေထောက် အစုံတို့က နှလုံးသားအလွမ်းကြောင့် လက်ရှိနေရာမှ
ပြေးထွက်သွားချင်မိခဲ့သည်။ သို့သော် အလွမ်းကို
ခံယူချက်တို့က အနိုင်ယူနိုင်ခဲ့ပါသည်။ ဘ၀တစ်ဆစ်ချိုး
သင်တန်းတစ်ခုကို ပြီးမြောက်အောင်မြင်အောင် တက်ရောက်နိုင်ခဲ့ပါသည်။ ထိုစဉ်မှအစ အလွမ်းသည် သန္ဓေတည် ဖောက်ပွားလာခဲ့တော့သည်။
သင်တန်းများပြီးမြောက်၍
မွေးရပ်မြေထံ ခွင့်ဖြင့်ပြန်သောခရီးသည် ရင်ထဲ၌ တဒိန်းဒိန်းမည်ဟီးလျက်ရှိသည်။ ရန်ကုန်မှအထွက်
ဧရာဝတီတိုင်းသို့ ၀င်လိုက်သည်နှင့် စိတ်တို့က တဖြန်းဖြန်း။ လေးမျက်နှာမြို့မှ ကြိုဆိုပါ၏ ဟူသော ဆိုင်းဘုတ်ကြီးသည်
ရင်ကို ဘတ်ခနဲလာရိုက်သည်။ ကျွန်တော့်၏ အလွမ်းတွင်
ကျွန်တော့်ဇာတိမြို့ကလေးလည်း ပါဝင်နေပါသည်လားဟု သိလိုက်ရသည်။ တိုင်းတစ်ပါးတွင် မဟုတ် အမိမြန်မာပြည်ကြီးအတွင်း၌ပင်
တာဝန်ထမ်းဆောင်နေသည့် ကျွန်တော်။ ကျွန်တော့် ဇာတိချက်ကြွေ မွေးရပ်မြေကို လွမ်းသည်။ ရေခြား၊ မြေခြား၍ မိသားစုတာဝန်၊ နိုင်ငံတာဝန်ထမ်းဆောင်နေသူများအဖို့
ကိုယ့်မွေးရပ်မြေကို အဘယ်မျှ လွမ်းလိုက်ပါမည်နည်း။ ကိုယ့် နိုင်ငံကို အဘယ်မျှ လွမ်းဆွတ်နေပါမည်နည်း။
နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖို့
ချပေးရာဒေသတွင် ကျရာတာဝန်ကို ထမ်းဆောင်ရမည်။
ချထားပေးရာနေရာသည် မြန်မာပြည်အလယ်ပိုင်းဒေသ။ ဇာတိမွေးရပ်မြေသည် ဧရာဝတီ။ ကံတရားတို့က ငြိမ်မနေသေး၊ အလယ်ပိုင်းမှတစ်ဆင့် ဟိုးမြန်မာပြည်အထက်ပိုင်း
မြစ်ကြီးနားမြို့သို့ တွဲဘက်ဟူ၍ သွားရောက်ထမ်းဆောင်ရပြန်သည်။ မွေးရပ်မြေနှင့် ထပ်ဆင့်ဝေးခဲ့ပြန်သည်။ တစ်ည ကျော်လွန်၍ မိဘဆီရောက်ရှိနိုင်သည့် ခရီးသည်
နှစ်ည အိပ် သုံးည ခရီးနှင်မှ ရောက်ရှိနိုင်သည့် ဒေသသို့ သွားရောက်ခဲ့ရပြန်သည်။ ပို၍ ဝေးကွာလာခြင်းသည် အလွမ်းတို့ကို ပို၍ ဖန်တီးပေးသည်လား
ကျွန်တော်မသိ။ မိဘ၊ မောင်နှမ၊ သူငယ်ချင်းတို့ကို လွမ်းဒဏ်က တသုန်သုန်တဖြူးဖြူးတိုက်ခတ်
နေသည်။ အလွမ်းအမျိုးအစားက ထပ်တိုး၍ လာခဲ့ရပြန်သည်။
အသွားအပြန်ဆိုပါလျှင်
တစ်လကျော်မျှကြာမြင့်ပြီးမှ ရောက်ရှိလာသည့် စာအိတ်လေးထဲတွင် သူငယ်ချင်းတို့၏ သတိရခြင်းတို့ပါမည်။ အားပေးစကားတို့ပါမည်။ အဖေအမေတို့၏ မေတ္တာတရားတို့ပါမည်။ ကင်းကွာ၍မရသော၊ သူမရှိလျှင်ပင် ဘ၀က ခြောက်သွေ့သွားတတ်သည်ဟု
ဆိုပါသော ၁၅၀၀ ချစ်ခြင်းတရားနှင့် သူစိမ်းတရံဖြစ်သော်လည်း နှလုံးသားခြင်းရင်းနှီးသော
သတိတရ လွမ်းဆွတ်ချစ်ခြင်းတို့ပါမည်။ အလွမ်းသည်
များလိုက်ပါဘိတော့သည်။ အလွမ်းသည် ဝေးလျက်နီး၏။ တစ်မြေဆီဖြစ်သော်လည်း ချစ်သူနှစ်ဦးအဖို့ နှလုံးသားချင်းပိုမို
နီးကပ်စေသည်။ အလွမ်းသည် နီးလျက် ဝေးစေပြန်၏။ နှလုံးသားချင်းနီးကပ်စေကာမူ လွမ်းနေသည်ဟူသည်နှင့်ပင်
ကျွန်တော်တို့ တစ်နယ်ဆီဝေးနေရပြီ ဆိုသည်မှာ အမှန်ပင်ဖြစ်တော့၏။
ကိုယ်ပိုင်မိသားစုလေးတစ်ခုကို
တည်ထောင်ကာစက ကြည်နူးပျော်ရွှင်မှုတို့က ဖုံးဖိလို့မရနိုင်။ ထို့ပြင် ဘ၀ထဲသို့ သမီးလေးတစ်ယောက်
ဝင်ရောက်လာပြန်သည့်အခါ ဘ၀သည် ပျော်ရွှင်စရာကောင်းလွန်းလှသည်၊ သာယာ လွန်းလှသည်ဟု ခံစားရမိပြန်သည်။
အငြိမ်မနေသော ကံတရားက ချစ်ဇနီးနှင့် ချစ်သမီးတို့နှင့် ဝေးရာ တစ်နယ်ဆီသို့ ပို့ပေးပြန်တော့သည်။ လွမ်းခြင်းတို့သည် အဖော်အပေါင်းဖြစ်လာရပြန်သည်။ ဇနီးမယားကို လွမ်းသည်။ တီတီတာတာ သမီးလေးကို လွမ်းရပြန်သည်။
ဖြတ်သန်းခဲ့ရသော
ဘ၀အခြေအနေမျိုးစုံတွင် အလွမ်းသည်လည်း စုံလင်လာခဲ့သည်ဟု ပြောရမည်ပင်။ ဟုတ်ကဲ့ နည်းလမ်းပေါင်းစုံဖြင့်
အကြောင်းတရားပေါင်းစုံတို့ကို လွမ်းခဲ့ပါသည်။
ယခုတလော
ကျွန်တော်သည် အကြောင်းအရာတစ်ခုအား လွမ်းနေမိပြန်သည်။ ထိုလွမ်းခြင်းအကျိုးတရား တစ်ခုမှာ
တိုက်ဆိုင်လာသော အကြောင်းတရားတို့ကြောင့် ပို၍ လွမ်းနေမိသည်ဆိုလျှင် မမှားပါချေ။ ကျွန်တော်အလွမ်းနာ အတော်ကျနေမိပါသည်။
"
ဟေ့ကောင် ဖိုးလပြည့် " အာပေါင်အာရင်းသံသံ၊ အာလုတ်သံကြီးဖြင့် ကိုယ့်အမည်ကိုခေါ်သံ
ကြားလိုက်ရသည်၏ နောက်တွင် ၁၅ နှစ်၊ နှစ် ၂၀ နီးပါးမျှ ခွဲခွာနေရသည့် ငယ်သူငယ်ချင်းတို့နှင့်
ပြန်လည်ဆုံ တွေခဲ့ရသည်။ ထိုသည်လည်း အကြောင်းတစ်ခု။
ငယ်ကချစ်နှစ်တစ်ရာ
မမေ့သာဟူသော စကားမည်သည်က စခဲ့သည်မသိသော်လည်း မေ့နေခဲ့သော ငယ်ချစ် သည် ဘွားခနဲပေါ်လာပြန်သည်။ ငယ်စဉ်အခါက ပိုးပန်းခဲ့သည့် ကလေးမလေး၊ ငယ်ချစ်လေး။
ဤသည်လည်း အကြောင်းတစ်ခု။
ကျောင်းများပြန်ဖွင့်သည့်အခါ
ကျောင်းတက်ရမည့်သမီးလေးကို ကျောင်းသို့လိုက်ပို့ဖြစ်သည်။ မူကြိုမှ အဋ္ဌမတန်းအထိ ကျွန်တော်တက်ခဲ့ရသည့် အလယ်တန်းကျောင်းလေးသို့။ အဖြူအစိမ်းကလေးတွေကြားဖြတ်သန်းရင်း
သမီးလေးကို စာသင်ခန်းထဲအထိ လိုက်ပို့ဖြစ်ခဲ့သည်။
၎င်းသည်လည်း အကြောင်းတစ်ခု။
ဒုတိယသမီးငယ်လေးကို
ချီပိုးရင်း၊ ထိန်းကျောင်းရင်း၊ ထမင်းခွံ့ရင်း လွမ်းခြင်းအကြောင်းတစ်ခုအဖြစ် ရောက်ရှိလို့
လာပြန်ပါသည်။
ထိုထိုသော
အကြောင်းတရားတို့တိုက်ဆိုင်လာသည့်အခါ အကျိုးတရားအဖြစ် အလွမ်းသည် ရှင်သန်လာခဲ့ပြန် သည်။ ငယ်စဉ်ဘ၀ကို လွမ်းဆွတ်မိသည့် အလွမ်းနာ။ ငယ်ဘ၀အလွမ်းနာ။
"
ငယ်စဉ်က..ကလေးတို့ဘ၀ဟာ..ပျော်ပါးဖို့ရာ..လွယ်ပါတယ်.. ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ..စားချိန်မှာ
ဝင်စားမယ်..အိပ်ချိန်မှာ.၀င်အိပ်မယ်..အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်.."
"
ဖျားနာကုန်မယ် တော်ကြတော့ " ဟု တုတ်တစ်ချောင်းဖြင့် အတင်းဇွတ်ခေါ်လေမှ မိုးရေထဲက
တက်ခဲ့ကြသည်။ နေပူကြီးထဲက ခွာခဲ့ကြသည်။
" ခြေထောက်တွေမှာ ချေးကအထပ်ထပ်ကြည့်၊ အင်္ကျီတွေလည်း ပေပွလို့ပါလား
" ပြောကာဆိုကာ ရေချိုးပေးရင်း၊ အ၀တ်တွေလျှော်ရင်း အမေ့လက်ထဲ၊ အဖေ့လက်ထဲတွင် သန့်စင်ခဲ့ကြ
သည်။
အမေဆင်ပေးသည့်
အ၀တ်ကိုဝတ်သည်။ အမေချက်ကျွေးသည့် ထမင်းကိုစားသည်။ အဖေရှာဖွေပေးသည့် ငွေကြေးတို့ဖြင့် စားချင်သည့်
မုန့်ကို ပူဆာသည်၊ လိုချင်သည့် အရုပ်ကို တောင်းဆိုသည်။ ညဥ့်နက်သန်းခေါင် " ရှူးပေါက်ချင်လို့
" ဆိုပြီး အဖေ့ကို အမေ့ကို အတင်းနှိုးခဲ့ကြသည်။ ပေတေ၍၊ တစ်ခါတရံလည်း မသိ၍ အိပ်ရာထက်တွင် ရှူးတို့စိုစွတ်သောအခါ
နံနက်ခင်းသည်နှင့် အမေက လျှော်ရတော့သည်၊ လှမ်းရတော့သည်။
ရွှံ့ထဲ၊
ဗွက်ထဲ၊ မိုးထဲ၊ ရေထဲတွင် ဆော့ကစားခဲ့ကြသည်။
ရန်ဖြစ်ခဲ့ကြသည်။ အဖြူအစိမ်းဝတ်၊ လွယ်အိတ်လေးကို
ဘေးသိုင်းလွယ်၊ တစ်ခါတခါကျောပိုးလို့လွယ်၍ စာသင်ခန်းကြီးဆီသို့ လျှောက်ခဲ့ကြသည်။ စေတနာ၊ မေတ္တာတရားတို့ဖြင့် " ဟဲ့ကလေးတွေ
" ဟု ဆရာ/ဆရာမတို့က အော်ငေါက်ခဲ့ကြသည်။ သူထက်ငါ သင်ခန်းစာတို့ကို အရင်ဦးအောင်
ဆိုပြခဲ့ကြသည်။ ရေးသားခဲ့ကြသည်။ ဆရာမ ကြိမ်လုံးကို ၀ှက်ခဲ့ကြသည်။
"
ဟိုကောင်မလေးက လှတယ်ကွ " ဆိုကာ ညစ်ပေသည့် စိတ်ဓာတ်ရှိမနေပဲ၊ ကောင်မလေးတွေ၊ ကောင်လေးတွေ၊
ပြောမနာဆိုမနာ သူငယ်ချင်းတွေက စခဲ့ကြသည်။ နောက်ခဲ့ကြသည်။ ကြိုက်ခဲ့ကြသည်။ ပိုးပန်းခဲ့ကြသည်။ ထိုစဉ်က ချစ်ခြင်းသည် ဖြူစင်နေသည်ဟု ကျွန်တော်ယုံကြည်နေသည်။
ရိုးသားခြင်း၊
ပွင့်လင်းခြင်း၊ ဖြူစင်ခြင်း၊ ချစ်ခင်ခြင်းတို့သည် တဖြည်းဖြည်း အရောင်ရင့်လာခဲ့သည်။ ညစ်နွမ်း လာခဲ့ကြသည်။ ကြည်လင်နေသော မျက်လုံးအိမ်တို့တွင်၊
အရောင်စုံသက်တန့်တို့ ထွန်းပေါ်စေခဲ့ပြီ။ ဟန်ဆောင်ခြင်းသည်လည်းကောင်း၊ ဒေါသနှင့်အာဃာတတို့သည်လည်းကောင်း၊
ငွေ၊ ရာထူး၊ အာဏာတို့အပေါ်တည်မီ နေသည့် လောဘ၊ မနာလိုတရားတို့သည်လည်းကောင်း အားကောင်းမောင်းသန်စွာ
ရှင်သန်ကြီးထွားလာခဲ့ကြသည်။
မောဟိုက်လာသည့်
ဘ၀အမော၊ စိတ်အမောတို့ကြားတွင် ကျွန်တော် ငယ်ဘ၀ကို အလွမ်းကြီးလွမ်းနေမိသည်။ ဖြစ်နိုင်လျှင်
သူငယ်ပြန်ပြစ်လိုက်ချင်သည်။ မရရှိနိုင်တော့သည့်
ငယ်ဘ၀အချိန်အတွင်းမှ ဖြူစင်ရိုးသားမှုတို့ကို ပြန်လည် အသက်သွင်းလိုသည်။ မရရှိနိုင်တော့သည့် ငယ်ဘ၀အချိန်အတွင်းမှ မေတ္တာတရားတို့ကို
ရေလောင်း ပေါင်းသင်လိုသည်။ မရရှိတော့သည့် ငယ်ဘ၀အချိန်အတွင်းမှ
ခုရန်ဖြစ်၊ ခုပြန်ချစ်ကြသည့် ခင်မင်မှုတို့ကို ပျိုးထောင်လိုသည်။ မရရှိနိုင်တော့သည့် ငယ်ဘ၀အချိန်အတွင်းမှ ကိုယ်ကျင့်တရားတို့ကို
ပြန်လည်လွှမ်းခြုံလိုပါသည်။
ကျွန်တော်
ငယ်ဘ၀ကို တရှိုက်မက်မက် လွမ်းမိသည်။ ဆို့နစ်စွာဖြင့်
အလွမ်းနာကျနေမိပါသည်။
----------------
မေတ္တာဖြင့်
မောင်ပိုင်(လေးမျက်နှာ)
၁၉-၇-၂၀၁၇
No comments:
Post a Comment