Wednesday, November 2, 2016

"ဥပါသကာ"





ဥပါသကာ

            ဘုရား တရား သံဃာ ရတနာ သုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို ဥပါသကာ ဟုခေါ်ဆိုရ၏ ၊အမျိုးသမီးဖြစ်လျှင် ဥပါသိကာမ ဟုခေါ်ဆိုရ၏။ လူပုဂ္ဂိုလ်တို့သည် မိမိ၏ ခန္ဓာကိုယ်နှင့် အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း ၊ရတနာသုံးပါးအပေါ်၌ယုံကြည်ကိုးစား အားထားခြင်း ၊ရတနာမြတ်သုံးပါး၏ တပည့်သားအဖြစ် စွဲမှတ် ခံယူခြင်း ၊ ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှုရိုသေကိုင်းရှိုင်းမှု ပြုခြင်း စသောနည်းလမ်းတို့ဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တက်သော ပုဂ္ဂိုလ် (ဥပါသကာ ၊ ဥပါသိကာမ)အဖြစ်သို့ ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာဖြစ်ပြီးသူများကို ”ဗုဒ္ဓဘာသာဝင် သူတော်စင်” ဟု သတ်မှတ်ရသည်။

ဥပါသကာတို့ ရှောင်ရန် အချက်များ

             ဥပါသကာအဖြစ် ခံယူပြီးသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍ စွမ်းနိုင်ပါမှုရှစ်ပါး ၊ ဆယ်ပါးသီလများကို စောင့်ထိန်း၍ ဖော်ပြလတ္တံပါ အချက်များကို ရှောင်ကြည်ရမည် -
             ( ၁ ) လက်နက်ရောင်းဝယ် ဖောက်ကားခြင်း ၊
             ( ၂ ) လူအရောင်းအဝယ် ပြုလုပ်ခြင်း ( ကျွန်ရောင်း ကျွန်ဝယ်ခြင်း ၊ပြည့်တန်ဆာ ရောင်းဝယ်ခြင်း
                     စသည် )၊
             ( ၃ ) ကြက် ဝက် အမဲ သား ငါး ရောင်းဝယ်ခြင်း ၊
             ( ၄ ) မူးယစ်ဆေးဝါး အမျိုးမျိုး နှင့် သေရည် သေရက် ရောင်းဝယ်ခြင်း ၊
             ( ၅ ) လူကို သေစေတက်သည့် အဆိပ် ရောင်းဝယ်ခြင်း တို့ ဖြစ်ပါသည်။

ဥပါသကာ အရည်အချင်း နှင့် ပြည့်စုံခြင်း
             ဥပါသကာအဖြစ်သို့ ရောက်ပြီးသော ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် -
             ( ၁ ) သဒ္ဓါတရား နှင့် ပြည့်စုံရ၏ ။
             ( ၂ ) အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏ ။             
             ( ၃ ) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်း မင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ ၊           
             ( ၄ ) ကံ ၊ ကံ၏ အကျိုးကို ယုံကြည်ရ၏
             ( ၅ ) အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ကို မပြုရ ၊ မလှူဒါန်းရပေ။
            အဆိုပါ အင်္ဂါရပ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို -
        ( ၁ ) ဥပါသကရတန      =  နှစ်သက်ကြည်ညိုဖွယ် ဥပါသကာဟူ၍ လည်းကောင်း ၊            
        ( ၂ ) ဥပါသကပဒုမ       =   ပဒုမ္မာကြာနှင့် တူသော ဥပါသကာဟူ၍ လည်းကောင်း ၊        
        ( ၃ ) ဥပါသကာပုဏ္ဍရိက =  ကြာဖြူနှင့်တူသော ဥပါသကာ ဟူ၍ လည်းကောင်း ၊ ခေါ်ဆိုထိုက်ပါသည်။

ဥပါသကာ ပျက်စီးခြင်း
                  ဥပါသကာ ဖြစ်ပြီးသူသည် -             
                  ( ၁ ) သဒ္ဓါမရှိခြင်း ၊                 
                  ( ၂ ) သီလ မရှိခြင်း ၊                  
                  ( ၃ ) အထူးအဆန်း မင်္ဂလာကို သက်ဝင်ယုံကြည်ခြင်း ၊          
                  ( ၄ ) ကံ၊ ကံ၏ အကျိုးကို မယုံကြည်ခြင်း ၊
                  ( ၅ ) အယူပျက်သော သာသနာပ တိတ္တိတို့ကို ရှိခိုးခြင်း ၊ အရိုအသေ ပြုခြင်း ၊ လှူဒါန်းခြင်း
           စသည့်အချက်တို့ကို ပြုလုပ်ပါက ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ်ပျက်ပြယ်သွားပါသည်။

ထို့ကြောင့် ဖော်ပြခဲ့သော သွေဖည်ဖျက်ချက် ၅ ချက် နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို -
                 ( ၁ ) ဥပါသကစဏ္ဍာလ = ဒွန်းစဏ္ဍား ဥပါသကာဟူ၍ လည်းကောင်း ၊
                 ( ၂ ) ဥပါသကမလ      = မသန့်ရှင်းသော ဥပါသကာဟူ၍ လည်းကောင်း၊
                 ( ၃ ) ဥပါသကပဋိကိဋ္ဌ  = စက်ဆုပ် ရွှံရှာဖွယ် ဥပါသကာဟူ၍ လည်းကောင်း ခေါ်ဆိုရတော့၏ ။        

ဥပါသကာ၏ ဂုဏ်ရည် ၁၀ ပါး
ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သော ပုဂ္ဂိုလ်တစ်ယောက်သည် ဖော်ပြလတ္တံပါ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံပါက

အဆင့်မြင့် ဥပါသကာ ဂုဏ်သရေရှိ ဥပါသကာ စစ်စစ် ဖြစ်ပါသည် -
         ( ၁ ) ဘုရားရှင်၏ တပည့်သား သံဃောများနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှ ခံစားခြင်း ၊
         ( ၂ ) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း ( အခြားသာသနာပ အယူဝါဒများကို လုံးဝ
                 ဂရုမပြုခြင်း)၊
         ( ၃ ) မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြားသုံးစွဲ လှူဒါန်းတက်ခြင်း ၊       
         ( ၄ ) ဘုရားသာသနာ ပျက်စီးမည့် အရေး တွေ့မြင်ပါက သာသနာတော်ကြီးပွားရာ
                ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း ။            

        ( ၅ ) အယူဖြောင့်မှန်ပြီး လူပြိုန်းတို့ လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအသက်ကို   ပဓာနမထားဘဲ မိမိကိုးကွယ်ရာ ဆရာ ( ဘုရား ) မှ အခြား အယူပျက်သော တတ္တိဆရာများကို မိမိ၏ ဆရာအဖြစ်မည့်သည့် အခါမျှ မရည်ညွှန်းခြင်း၊
       ( ၆ ) ကာယကံ ၊ ဝစီကံကို စောင့်ထိန်းခြင်း ၊
       ( ၇ ) အတူနေ ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီညွှတ်စွာ နေထိုင်တက်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး
              သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှား ဝါကြွားမှု မပြုခြင်း ၊
      ( ၈ ) ဘုရား ရတနာကို ကိုးကွယ်ဆည်းကပ်းခြင်း ၊
       ( ၉ ) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ၊       
       ( ၁၀ ) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်ပါသည် ။          
                    
                                                                                        ( မိလိန္ဒပဥှာ ၊ ၁၀၂ )

ဥပါသကာ ၊ ဥပါသိကာမ  အရည်အချင်း များကို သိရှိပြီး ကျင့်သုံးနေထိုင်နိုင်ကြပါစေ....

No comments:

Post a Comment