Friday, November 25, 2016

" ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော် "





" ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော် "
****************
(၁)
" သမီးလေး ထတော့လေ ဒီနေ့ ကထိန်လိုက်မှာ မဟုတ်လား "
အိပ်ပျော်နေရှာတဲ့ သမီးလေးကို အသာလေးနမ်းရင်း နှိုးလိုက်တယ်။ ဒီနေ့သူတို့ ကျာင်းက ကထိန် လှည့်ကြမှာ။ ကထိန်ခင်းမဲ့ ကျောင်းက တော်တော်လေးအလှမ်းဝေးတာမို့ သမီးကို မထည့်တော့ဘူးနေတာ။ အဲဒါ သမီးလေးက လိုက်ချင်တယ်ဆိုလို့ ခွင့်ပြုလိုက်တာ။ သူလျှောက်နိုင်သလောက် လျှောက်ပေါ့။ ကျွန်တော်က ဆိုင်ကယ်မောင်းပြီးလိုက်မယ်။ သူမလျှောက်နိုင်တော့မှ ဆိုင်ကယ်နဲ့ခေါ်ပြီးသွားဖို့ စီစဉ်ထားရတယ်။
" သမီး မသွားတော့ဘူးလား "
ခန္ဓာကိုယ်လေးကို လှုပ်နှိုးလိုက်တယ်။ ကျောင်းက ၇ နာရီအရောက်ခေါ်တာဆိုတော့ သမီးလေးကို ၆ နာရီကျော်လောက် နှိုးရတာ။ သူ့ခမျာအိပ်ရေးတောင်ဝပါ့မလားမသိ။
" ဟင် အင်း အင်း သွားမယ်လေ အဖေ "
သမီးက ကပျာကယာထတယ်။ အိပ်ချင်မူးတူးနဲ့ နောက်ကျနေပြီလို့ တွေးမိတယ်ထင်ပါ့။
" ဖြေးဖြေးထပါ သမီးရဲ့ မီပါတယ် "
" နှိုးပြီလားသမီး မျက်နှာသစ် သွားတိုက်ရအောင် သားအဖတွေ လာခဲ့တော့ "
အိမ်အောက်ထပ်မှာ မျက်နှာသစ်ဖို့ ပြင်ဆင်နေတဲ့ သမီးလေးရဲ့အမေက လှမ်းခေါ်တယ်။ သမီးနဲ့ ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းလာခဲ့ကြတယ်။ မျက်နှာသစ်၊ သွားတိုက်၊ သမီးလေးကို သူ့အမေက သနပ်ခါး လူးပေးချိန် ကျွန်တော်က ထမင်းကြမ်းစားနေလိုက်တယ်။
" ပြီးရင် မုန့်စားဦးနော် သမီး၊ စားပြီးမှ သွားမယ် "
" ဟုတ် "
ကော်ဖီနဲ့ မုန့်စားပြီး သမီးက အ၀တ်အစားလဲတယ်။ ကျွန်တော်က ဆိုင်ကယ်ကို အသင့်ပြင်ရင်း လမ်းမ ပေါ်ကစောင့်နေလိုက်တယ်။ မနေ့ကတော့ သမီးလေးကိုင်ဖို့ ပိုက်ဆံလေးတွေခေါက်ပြီး ပန်းပွင့်လေး လုပ်ပေးထား တယ်။ ကျောင်းမှာလည်း ဒီနှစ်တော့ ယပ်နဲ့ ထီးပဲ လှူဖြစ်တော့တယ်။
" အဖေကြီးပါ ဘုန်းကြီးကျောင်းမှာ တစ်ခါတည်း သမီးနဲ့ အတူ ထမင်းစားခဲ့တော့ "
သမီးလေးကို တင်ပြီး ကျောင်းကို ထွက်လာလိုက်တော့တယ်။
(၂)
ကျောင်းကထိန်မှာ မူလတန်း၊ အလယ်တန်း ကလေးတွေတန်းစီပြီး လျှောက်ကြတယ်။ ညှပ်ကြီးထမ်းတဲ့ ကျောင်းသားလေးတွေကလည်း တစ်ယောက်တစ်လှည့်။ ဒီကျောင်းကထိန်ကတော့ ဒီနှစ်အတွက် နည်းနည်းဆန်း တယ်လို့ အောက်မေ့မိတယ်။ တစ်နိုင်ငံလုံးလိုလို " ငါက ဗိုလ်အောင်ဒင် နင်ကဒါကိုမမြင် " ဖြစ်နေကြတဲ့ အချိန်မှာ သူတို့ကတကယ်ကို ဗိုလ်အောင်ဒင်ကို မမြင်ခဲ့ကြဘူး။
ရှေ့ဆုံးမှာ ဆိုက်ကားနဲ့တင်ပြီး အော်သွားတဲ့ အသံချက်စက်ပါတယ်။ အသံချက်စက်က လှူဒါန်းငွေ ဘယ်လောက်၊ ဘယ်ကျောင်း၊ ဘယ်နှကြိမ်စတဲ့ အကြောင်းတွေပဲ ကြေငြာသွားတယ်။ ဘာသီချင်းမှ မဖွင့်ခဲ့ဘူး။ နည်းနည်းတော့ ကထိန်က တိတ်ဆိတ်တယ်ထင်ရပေမဲ့ ကထိန်ရဲ့ အလယ်နဲ့ နောက်မှာတော့ ရိုးရာ အိုးစည်ဝိုင်း နှစ်ဝိုင်းနဲ့ တိုးနယားကတွေ ပါကြတယ်။
ကျွန်တော်က ရှေ့ကနေကြိုသွားလိုက်၊ ဓာတ်ပုံရိုက်လိုက် လုပ်နေမိတယ်။ လျှောက်ရတဲ့ ခရီးကဝေးပေမဲ့ ကလေးတွေက အားနဲ့မာန်နဲ့လျှောက်နေကြဆဲ။ နေရောင်က ထိုးလာပြီဆိုပေမဲ့ မျက်နှာမှာတော့ အပြုံးလေးတွေ ဝေလို့။ အိုးစည်းဝိုင်းကလည်း တီးတုန်း၊ တိုးနယားကြီးကလည်း ကတုန်း။ ကျွန်တော်တောင် ၀င်ကချင်လိုက်ပါဘိ။
(၃)
လူဆိုတာ အသက်အရွယ်အလိုက် ရင့်ကျက်လာရမယ်၊ တွေးခေါ်သိမြင်လာရမယ်တဲ့။ ကျွန်တော်ကတော့ ကြီးလေ ငယ်ချင်စိတ်ပိုလေ ဖြစ်လာနေသလားမသိ။ ကလေးစိတ်ကလေးတွေ ၀င်နေတာကြာပြီလို့ ပြောရမယ်။ မရနိုင်တော့တဲ့ ငယ်ဘ၀ကို ကြီးမှ ပြန်ခံစားနေမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ရောဂါကြီးတပ်လိုက် ရရင်တော့ သူငယ်ပြန်တာ ဆိုတာကြီးဖြစ်နေပြီလားလေ။
မိုးတွင်းတုန်းက သမီးလေးကို ကျောင်းလိုက်ပို့ရင်း မိုးရွာထဲ ကျောင်းသွားနေတဲ့ ကလေးလေးတွေကို မြင်ရတော့ ကျွန်တော့်စိတ်တွေ မခိုင်ချင်လှတော့ဘူး။ မိုးရွာထဲမှာ လွယ်အိပ်လေးကို ကျောမှာပိုးရင်း ကျောင်းသွား ခဲ့ကြတယ်။ " ဒေါင် ဒေါင် ဒေါင် " ဆိုတဲ့ ကျောင်းတက် ခေါင်းလောင်းသံနဲ့အတူ နိုင်ငံတော်သီချင်းကို ပြည့်ဝစွာ နည်းမလည်သော်လည်း ကြက်သီးမွေးညင်းထအောင် အော်ဟစ်ဆိုကြတယ်။
" မင်္ဂလာပါဆရာမ " ဆိုတဲ့ မင်္ဂလာရှိတဲ့ စာသင်ချိန်တွေကို ဖြတ်ကျော်ကြတယ်။ ဆရာ/ဆရာမတွေက သူတို့ဘ၀မှာဖြည့်တင်းခဲ့ကြတဲ့ ပညာရပ်တွေကို စေတနာ၊ မေတ္တာ၊ ကရုဏာ တွေနဲ့ အနစ်နာခံရင်း ပြန်လည် လက်ဆင့်ကမ်းကြတယ်။ သူတို့ဘ၀ဖြတ်သန်းမှုအတွေ့အကြုံကနေ ကျွန်တော်တို့ဘ၀လျှောက်လှမ်းနိုင်မဲ့ လမ်းတွေ၊ စိတ်တွေကို အလင်းပြပေးကြတယ်။ ကျောင်းတက်ခဲ့ရတဲ့အချိန်တွေမှာ ဆုံးမခဲ့တဲ့ ဆရာဆရာမတို့ရဲ့ စကားသံတွေ၊ " ဖြန်း " ခနဲ လက်ဝါးပေါ်ကျလာတဲ့ "ပေတံပြား"၊ တင်ပါးပေါ် "ရွှမ်း" ခနဲကျလာတဲ့ " ကြိမ်လုံး" တွေကို ကျွန်တော် ချစ်ကြောက် ရိုသေခဲ့ရတယ်။ ဒီလိုမလုပ်ရဘူးကွဲ့၊ ဒါမှားနေတယ်ကွဲ့ဆိုတဲ့ စကားတွေနဲ့အတူ "ဖြန်း"ခနဲ "ရွှမ်း"ခနဲ ဆုံးမတဲ့ ဆရာ/ဆရာမတွေကို ဒီအချိန်မှာ တမ်းတမ်းတတပြန်လိုချင်မိတယ်။ လူဆိုတာ ကြီးလေ အမှားတွေ များလာလေ မဟုတ်လား။
ကျောင်းတက်သွားကြတဲ့ ကလေးတွေရဲ့ ကျောပိုးအိတ်ထဲ ကျွန်တော့်စိတ်တွေ ၀င်ပုန်းပြီး စာသင်ခန်းထဲထိ လိုက်ပါသွားမိပါရဲ့လေ။
(၄)
ကျောင်းဆင်းတဲ့အချိန်မှာဆိုရင် အိမ်ရောက်တာနဲ့ လွယ်အိပ်လေးကို ပစ်ချ၊ ကျောင်းဝတ်စုံတောင် မလဲနိုင်ပဲ မိုးရွာတော့ ထွက်ဆော့။ ဘောလုံးကန်။ အိုး ပျော်ဖို့ကောင်းလိုက်တာ။
" တော်ကြတော့ဟေ့ " လူကြီးမိဘတွေက လှမ်းအော်မှ ခေါ်မှ ပေကျန်နေတဲ့ ခြေထောက်တွေ၊ အ၀တ်တွေနဲ့ အိမ်ထဲဝင်ကြတယ်။ တံစက်မြိတ်အောက် နာတွေမွန်နေအောင် မိုးရေးချိုးကြ အိမ်ထဲဝင်ဆပ်ပြာလေးတိုက်ကြ၊ မိုးရေထဲ ပြန်ထွက်ချိုးကြ။ ငယ်ငယ်ကမိုး အစိုးရသလို ချိုးရတာအရသာရှိလိုက်တာ။ မဖျားမနာ ရောဂါဘယများ ကင်းလေသလား။
စိုနေတဲ့ ဆံပင်တွေကို ခြောက်နေအောင်သုတ်၊ အ၀တ်အစားလဲပေးပြီး သနပ်ခါးကို ခြေဆုံး ခေါင်းဆုံး လိမ်းပေးတဲ့အလုပ်တွေကို အမေကတော့ တစ်နေ့မှ မပျက်ကွက်ခဲ့ဘူး။ ယောက်ျားလေးဆိုပေမဲ့ သနပ်ခါး အဖွေးသား၊ လက်ကလေးတွေ၊ ပါးလေးတွေကိုင်ကြည့် သနပ်ခါးလူးထားလို့ အသားလေးတွေအေးလို့။ တော်ရုံနေပူဒဏ်လောက်က သာသာလေး။ ဒါကြောင့်လဲ ဒီအရွယ်အထိ အချိန်ရတာနဲ့၊ အိပ်ပြန်ရောက်တာနဲ့ သနပ်ခါးလိမ်းတုန်း။ "သနပ်ခါးလေးကမွှေးနေတာပဲ" ဟယ် ဆိုတဲ့ စကားနဲ့အတူ "ရွှတ် " ခနဲ ပါးပြင်ကိုလာမွှေးတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို တမ်းတမ်းတတရှိမိလှတယ်။ အဲဒီ ချစ်ခြင်းမေတ္တာတရားတို့ကို " ငါသမီးလေးက သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာ မွှေးလို့ကြိုင်လို့ " ဆိုပြီး သမီးလေးရဲ့ ပါးပြင်ဆီ လက်ဆင့်ကမ်းဆက်နွှယ် လာခဲ့ရတာပေါ့။
ညနေစာ မိသားစုဝိုင်းထမင်းစားကြ၊ လက်စုံစားကြတော့ တကယ့်ကိုပျော်စရာကြီး။ ကြက်ဥပြုတ်၊ ဘဲဥပြုတ်ဆို အပ်ချည်လေးနဲ့ အဖေက ညီနေအောင် တစ်ခြမ်းစီခြမ်းပေးတယ်။ လည်ချောင်းထဲ အရိုးနင်၊ အရိုးစူး မှာစိုးတော့ အဖေနဲ့ အမေက အရိုးလေးတွေဖယ်၊ ငါအသားလေးတွေ လွှာထည့်ပေးတယ်။ စားဖွယ်မစုံပေမဲ့ ထမင်းပွဲကြီးက ချိုမြိန်လှတယ်။ လက်စုံမစားဖြစ်ကြတော့တဲ့ ဘ၀တွေမှာ လက်စုံစားခဲ့ရတဲ့ အချိန်တွေကို အမှတ်ရရင်း ကလေးငယ်လေး ပြန်ဖြစ်ချင်တယ်။
" ဂျုန်း " "ဂျိန်း" မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံနဲ့ ၀င်းကနဲ လက်ကနဲ လျှပ်စီးရောင်တွေက ကျောချမ်းချင်စရာ ကောင်းလှပေမယ့် အဖေအမေရဲ့ အိမ်မှာ၊ အဖေအမေရဲ့ ရှေ့မှာ စာတွေကျက်ရင်း ကြောက်စိတ်တွေက လွှင့်ပျယ် ခဲ့ရတယ်။ အဲသလို မိုးသည်းတွေညတွေမှာ စောစောစီးစီးအိပ်ရာဝင်ကြတယ်။ ခြင်ထောင်အကျယ်ကြီးထဲ မောင်နှမတွေ အဖေအမေရဲ့ကြားထဲမှာ တိုးလို့ ၀င်ဝှေ့ကြတယ်။ စောင်လေးတွေခြုံရင်း ဒူးက နဖူးထိအောင် ကွေးကြတယ်။ ငယ်ငယ်တုန်းကပေါ့။
မိုးလေကင်းလွတ်လို့ လမင်းကြီး ထိန်လင်းနေပြီဆိုရင် ကျွန်တော်တို့တတွေစုကြပြီ။ ကစားကြပြီ။ တစ်ခါတခါတော့ထမင်းချက်စားကြ၊ တစ်ခါတခါတော့ ဟေးလားဝါးလားပြောကြ။ စကားတွေပြောကြရင်း၊ ငြင်းကြခုန်ကြရင်း ရန်တွေဖြစ်ကြ။ ဟော နောက်နေ့မနက် ကျောင်းတက်တော့ လည်ပင်းဖက်ကျောင်းဝန်းထဲ အတူဝင်ကြပြန်ရော။ ခုချိန်တွေများ လမင်းကြီးကို အရသာခံငေးမောကြည့်ဖို့ အချိန်တွေလုရ၊ မိသားစု၊ သူငယ်ချင်းတွေ ဆုံမိကြဖို့ အချိန်တွေပေးရ။ တချို့ စီးပွားဥစ္စာအတွက်၊ တချို့ သားရေးသမီးရေးအတွက် အပြိုင် စကားတွေမပြောကြ၊ မခေါ်ကြ သူစိမ်းစိမ်းပြင်ပြင်ကနေ ရန်သူတော်တွေကြီးတွေဖြစ်လို့။
လိုချင်တဲ့အခါ ပူဆာ၊ မရတဲ့အခါ ငို၊ ကြာတော့ မေ့ အဲသလို ငယ်ဘ၀ကို လူကြီးတိုင်းဖြတ်ကျော်ခဲ့ကြတယ်။ လူကြီးတိုင်း ပြန်မရနိုင်တော့။ ဒါပေမင့် တချို့က ငယ်ဘ၀လို စိတ်ကလေးတွေ အပြစ်ကင်းတုန်း။ အဖြူထည်လေးတွေ ရှိနေကြတုန်းပါပဲလေ။
(၅)
" ၀ါး အိပ်ချင်လိုက်တာ "
" ၀ါး သမီးလည်း အိပ်ချင်ပြီ အဖေ "
သမီးလေးပါ လိုက်သမ်းဝေရင်း အိပ်ချင်ပြီတဲ့။ ကထိန်မှာ လမ်းလိုက်လျှောက် အိမ်ပြန်ရောက်တော့ ဆက်ဆော့ရင်း မောသွားပြီထင်ပါ့။ ကျွန်တော်လည်း ဒီနေ့မှ စောစော အိပ်ချင်နေပေါ့။
" သားအဖတွေ အိပ်ချင်အိပ်ကြတော့ သမီးလေးအိပ်တော့ "
ညာဖက်လေးကျွန်တော်စောင်းပြီး မျက်လုံးလေးမှိတ်လိုက်တယ်။ မိသားစုတွေ နှစ်ပတ်တစ်ခါလောက်သာ တွေ့ရ။ နွေးနွေးထွေးထွေးနေရ။ အတူနေနိုင်ဖို့ ကြိုးပမ်းရဦးမယ်။ အင်းရှာရဖွေရတာလည်း မလွယ်လှ။ ဒီလိုပဲ ကိုယ့်လိုပဲ ရုန်းကန်နေရသူတွေ အများကြီးပါပဲ။ ဒီအထဲက ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင်၊ အေးချမ်းစွာ ဖြတ်သန်းနိုင်အောင် တည်ဆောက်နိုင်ဖို့ပဲ ကြိုးစားရမှာပေါ့။ ပက်လက်လေးပြန်လှန်ပြီး သမီးလေးကို ကြည့်လိုက်တယ်။ ဟင် အိပ်ပျော်သွားပြီ။ စိတ်ချမ်းသာလိုက်တာ။ ကလေးတွေကြည့်ရတာ။ အိပ်ပြီဟေ့ဆို ခဏလေးနဲ့ အိပ်ပျော်သွားတဲ့ ဘ၀လေး။
ခန္ဓာကိုယ်ကပင်ပမ်း၊ မျက်လုံးတွေ ညောင်းညာပြီး အတော်လေးအိပ်ချင်လှပေမဲ့ အိပ်မပျော်ခင် ၀င်လာတဲ့ အတွေးတွေ အရေးတွေကြောင့် လူကြီးတွေမှာတော့ စိတ်ကလေးတွေ ကြောင်တောင်တောင်ဖြစ်လို့။ အိပ်ပျော်ဖို့ အတွက် အချိန်တွေပေးနေရ။
ကောင်းလိုက်တာ ကလေးလေးလို အိပ်ပျော်ချင်လိုက်တာ။
သြော် ကျွန်တော့်မှာ ကလေးတွေ ကသလို ၀င်ကချင်မိ၊ ကလေးတွေ ဘောလုံးကန်တော့ဝင်ကန်ချင်၊ ကလေးတွေ ကျောင်းတက်တော့ လိုက်တက်ချင်၊ ကလေးတွေ စားချင်ရင် ဘာမှမတွေးပဲ စားနေတာတွေ့တော့ စားပစ်ချင်၊ ကလေးတွေ အပူအပင်အကြောင့်အကြ အိပ်ပျော်သွားသလို အိပ်ပျော်ချင်စိတ်တွေ ဖြစ်နေလိုက်တာ။
အဲဒါကြောင့် ကျွန်တော်ပြောပါတယ် ကျွန်တော့်စိတ်တွေဟာ ဒီအသက်ရွယ်ရောက်တဲ့အထိ ကလေးစိတ်တွေ မကုန်သေးပါဘူးရယ်လို့။ ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်ပေါ့လေ။
****************
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၂၀-၁၁-၂၀၁၆ (၂၁၄၅)
ရန်ကုန်မြို့။

No comments:

Post a Comment