Monday, November 7, 2016

နေအထွက်မှာ ရွှေခွက်နဲ့ ငွေအပြည့်ခပ်ကြပါစို့ (သာကြည်ဆွေ)





နေအထွက်မှာ ရွှေခွက်နဲ့ ငွေအပြည့်ခပ်ကြပါစို့ (သာကြည်ဆွေ)
---------------------------------------------
အခန်း ၁။
မသောင်းကြည်က ကြယ်မြင်၊ လမြင်ဖြစ်နေတဲ့ သူ့အိမ်ခေါင်မိုးကိုကြည့်ပြီး တောင်တောင်အီအီနဲ့ ဟိုအကြောင်း၊ သည်အကြောင်းတွေ လျှောက်တွေးတယ်။ အိမ်ခေါင်မိုးကလည်း အသစ်မမိုးဘဲထားတော့ စုတ်ပြတ်သတ်နေတာ မိုးကြိုးပစ် အိမ်ခေါင်မိုးပါလို့ကို ကျိန်ပြောရမလို ဖြစ်နေတယ်။ ကတ်ထူအတိုအစတွေ၊ အင်ဖက်အပိုင်းအပြတ်တွေက ဟိုတစ်ကွက်၊ သည်တစ်ကွက်နဲ့ ဖာထေးထားရတာ မိုးထားခဲ့တဲ့ သက်ကယ်တွေတောင် မူလအခြေအနေ ပျောက်ဆုံးနေတယ်။
အမိုးမကောင်းလို့ ကြမ်းခင်းကြည့်ပြန်တော့လည်း ကြမ်းခင်းက သာခွေယိုင်ဖြစ်နေတာ အိမ်မြှောင်တောင် ရဲရဲဝံ့ဝံ့ မနင်းရဲ၊ မဖြတ်ရဲ။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဆိုသလိုပဲ တစ်ဖက်ကို နင်းရင် တစ်ဖက်ကြွတက်လာတယ်။ အောက်ကခံထားတဲ့ မျောတိုင်တွေကလည်း ပိုးစားပြီး ကျိုးတာကကျိုး၊ ဆွေးတာကဆွေးဆိုတော့ အိမ်ပေါ်ကို လူတစ်ယောက် တက်လာလျှင် ငလျင်တစ်ခါလှုပ်သလိုပဲ တစ်အိမ်လုံးကို ဆွေ့ဆွေ့ခုန်နေတော့တာ။
အကာအရံဆိုတာကလည်း ခုနစ်ထွေက ကနေသလိုပဲ။ ပီနံအိတ်အပိုင်းက တစ်မျိုး၊ ဂုန်နီအိတ်တစ်ခြမ်းက တစ်သွယ်နဲ့ ထရံဆိုတာကို မနည်းဖြဲရှာမှ တွေ့ရမယ် ထင်တယ်။ ငါးနှစ်လုံးလုံး မပြုမပြင်ဘဲ ထားတာဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့လေ။ ပတ်ဝန်းကျင်အိမ်တွေကလည်း သူ့လိုပဲဆိုတော့လည်း ဘာများမှုနေစရာလိုမလဲ။ အိမ်ပြင်ဖို့ဆိုတာထက် တစ်နေ့၊ တစ်နေ့ မိသားစုခြောက်ယောက်စာကို စားဖို့အရေး ရှာနေရတာနဲ့တင် တစ်ခါတလေ အလျင်မမီ ဖြစ်ရသေးတာကိုး။ အခြေမခိုင်လို့ အိမ်တစ်လုံးလုံး ပြိုကျတော့လည်း ဘာမှုစရာလိုမလဲ။ မြေကြီးဆင်းနေရရုံပေါ့။
သည်အရပ်မှာလည်း တစ်ရပ်ကွက်လုံးလိုလိုကိုက မသောင်းကြည်လိုပဲ အပြိုင်အဆိုင် သူ့ထက်ငါ မွဲနေကြတာဆိုတော့ ဘာအရေးလဲ။ မသောင်းကြည်လိုပဲ ကြုံရာကျပန်း အလုပ်လုပ်တဲ့သူတွေ ရှိသလို စက်ရုံအလုပ်သမား၊ ကုန်ထမ်းသမား၊ ထီးစုတ် ဖိနပ်စုတ်ချုပ်တဲ့သူ၊ အမှိုက်ပုံကနေ ဟိုဖွသည်ဖွနဲ့ ဖွတဲ့သူ၊ ဆိုက်ကားသမား၊ တောင်းရမ်းစားသောက်တဲ့သူ၊ အရက်ပုန်းရောင်းတဲ့သူ စသဖြင့်ပေါ့။ လက်သင့်ရာ စားတော်ခေါ်လုပ်နေကျ သူပျံကျ အလုပ်သမားတွေချည်းပဲကိုး။ တစ်ခါတလေ ငွေကလေးရွှင်လို့ အကြင်နာရှာတဲ့ တဏှာသမားတွေက အရပ်ထဲကို မျက်စိလည်လာပြီဆိုရင် ဆတ်ကော့လတ်ကော့ မိန်းမပေါ့တွေက ဆယ့်ခြောက်နှစ်မ သီချင်းတွေ တညည်းညည်းနဲ့ လူလုံးပြပြီး မြှူကြ၊ ဆွယ်ကြတဲ့ဟာတွေကလည်း ရှိသေးသပေါ့။
အားလုံးကတော့ ဘဝအမှောင်တောကနေ မမောနိုင်၊ မပန်းနိုင် ပြေးလွှားရုန်းကန်နေရသူတွေချည်းပဲ။ ငွေဆိုတာကလည်း လွယ်တဲ့သူတွေအတွက်တော့ လွယ်ပြီး၊ ခက်တဲ့သူတွေအတွက်တော့ လုပ်ရင်းနဲ့ကို ငတ်ပြတ်နေကြတာ ဆန်းတော့အဆန်းသား။ ငွေဆိုတာကလည်း ဘာသဘောနဲ့များ လူတွေကို ခွဲခြားပြီး ဆက်ဆံရသလဲ မဆိုနိုင်ဘူး။ စဉ်းစားရင်းနဲ့ မသောင်းကြည့်က ခန္ဓာကိုယ်ကို တစ်ဖက်ပြန်လှည့်ပြီး ပုံစံပြောင်းလိုက်တယ်။ ပြီးတော့ လက်တစ်ဖက်က အငယ်ဆုံးကောင် ငတိုးနဖူးပေါ်ကို တင်လိုက်တယ်။ အောင်မလေး ကိုယ်တွေက တရှိန်းရှိန်းတက်ပြီး ပူသထက် ပူနေပါလား။
နေ့လယ်ကတော့ အိမ်ဆိုင်က ဆေးတစ်လုံး ဝယ်တိုက်လိုက်တာ ကိုယ်ပူကျပြီး အဖျားပျောက်ပြီ မှတ်တာ။ အခုတော့ မပျောက်တဲ့အပြင် ပိုလို့တောင် ဆိုးလာပါလား။ ဒီပုံအတိုင်းဆိုရင်တော့ မနက် ဆေးခန်းပြမှ ဖြစ်တော့မယ်။ ကိုယ်မွေးတဲ့ကလေးဆိုတော့လည်း မသေအောင်တော့ ကြံဖန်ပြီး ကုရမှာပဲ။ ကျန်းမာရေးဆိုတာကလည်း ငွေမရှိတာ၊ ရှိတာ အပထား၊ ဥပေက္ခာသဘောထားပြီး လုပ်လို့မရဘူး မဟုတ်လား။ မရှိလည်း ရှိတာ ပေါင်နှံပြီးတော့ ကုရမှာပဲ။
မနက်ကျ ဘာကိုပေါင်ရင် ကောင်းမလဲလို့ စဉ်းစားတယ်။ ပေါင်စရာပစ္စည်းကလည်း ရှားနေတော့ မနည်းကြီး စဉ်းစားနေရတယ်။ ရှိသမျှ အကောင်းဆိုတာတွေကလည်း အကုန်အပေါင်ဆိုင်မှာ စံမြန်းနေတာဆိုတော့ တစ်အိမ်လုံးလည်း ခွက်စုတ်နဲ့ ခွက်ပဲ့ဆိုတာမျိုးပဲ ကျန်တော့တယ်။ တွေးရင်းနဲ့ ဝမ်းထဲက အပူကို အပြင်ကို မှုတ်ထုတ်လိုက်တယ်။
------------
အခန်း ၂။
အိပ်ပျော်မယ် ကြံရုံရှိသေးတယ်။ ခေါင်းရင်းအိမ်က ဖိုးသာအောင်တို့ လင်မယား ရန်ဖြစ်တာကြောင့် မသောင်းကြည် လန့်သွားတယ်။
"ဖျောင်း...ခွပ်"
"အမလေး...သေပါပြီတော့"
"ကောင်မက လူပါးဝလို့ ဘုန်း...အုန်း"
ရုတ်တရက်ဆိုတော့ ဘာမှန်းညာမှန်း မသိလိုက်ဘူး။ ဖိုးသာအောင်က မူးမူးရူးရူးနဲ့ သူ့မိန်းမကို ရိုက်နှက်နေတာ။ ဒါက ထုံးစံလိုကို ဖြစ်နေတာ။ သည်အရပ်ထဲက ယောက်ျား တော်တော်များများက အလုပ်ပင်ပန်းတာကို အကြောင်းပြပြီး အရက်ကလေး တမြမြနဲ့ ဖြစ်နေကြတာ။ အရည်လေး ဝင်လာတော့ ရိုက်ချင်၊ နှက်ချင်တာတွေက ဖြစ်လာရော။ နောက်ဆုံး ဘယ်ကိုမှ ပြဿနာရှာမရရင် မှောင်ကြီးမည်းကြီးထဲ ဆင်ကန်းတောတိုး ပြန်လာပြီး အိမ်က မိန်းမတွေကို ပြဿနာရှာတော့တာပဲ။
မသောင်းကြည်လည်း သည်လိုအဖြစ်မျိုး ကျန်ခဲ့တဲ့ တစ်နှစ်လောက်အထိတော့ ခံခဲ့ရသေးတာပဲ။ ယောက်ျားက မူးမူးနဲ့ ပြန်လာရင် မသောင်းကြည်ကို ကြံဖန်ပြဿနာရှာပြီး ရိုက်လိုက်၊ နှက်လိုက်တာ မသေရုံတမယ်ပဲ။ တစ်ခါတလေ ဘာမျှပြဿနာ ရှာလို့မရရင် ထမင်းစားတာ အနားမထိုင်ရကောင်းလားဆိုပြီး ထဆော်ချင်ဆော်တာ။ ကလေးတွေလည်း အော်ကာဟစ်ကာနဲ့ ငိုလိုက်ကြတာ ကမ္ဘာပျက်သလိုပဲ။ အခုတော့လည်း အရက်တန်ခိုးနဲ့ သေတော့ မသောင်းကြည် အရိုက်ခံရလွတ်သွားတယ်။
တဖြည်းဖြည်းနဲ့ ဖိုးသာအောင်တို့ လင်မယားရန်ဖြစ်တဲ့ အသံက တိတ်သွားတော့ ဟိုင်းဝေးလမ်းမဆီက အဝေးပြေးကားသံ သဲ့သဲ့ကိုပဲ တစ်ချက် တစ်ချက် ကြားရတယ်။ ငတိုးနဖူးကို ထပ်ပြီး စမ်းတော့ ကိုယ်ပူက မကျချင်ဘူး။ မကျလည်း မနက်ဖြန်မှပဲ ဆေးခန်းပြေးရမှာပဲ။ မသောင်းကြည် မျက်လုံးတွေလည်း တဖြည်းဖြည်း စင်းလာပြီး အိပ်ချင်လာတယ်။ ဘယ်သူတွေများ ထသတ်ကြဦးမလဲဆိုတာ နားတော့ စွင့်ထားရသေးတယ်။ အမူးသမားတွေဆိုတာကလည်း ပြန်ချင်တဲ့အချိန် ပြန်ပြီးမှ အိမ်က မိန်းမတွေကို ဆိုချင်ရာဆို၊ ဆဲချင်ရာ ဆဲကြတာကိုး။
------------
အခန်း ၃။
မသောင်းကြည်က ဒေါသကြောင့် ရင်တွေလည်း ကတုန်ကယင်ဖြစ်ပြီး အိပ်ပျော်နေတာတွေတောင် ဘယ်ရောက်သွားမှန်း မသိဘူး။
"ကျက်သရေတုံးတဲ့ အကောင်တွေ"
တစ်ကိုယ်တည်း ရွတ်ရင်းနဲ့ ကြမ်းခင်းပေါ်က ဆေးပေါ့လိပ်အတိုကို စမ်းလိုက်တယ်။ ဒီညအဖို့တော့ အိပ်ရပါ့မလားလို့ တွေးမိတယ်။ ကလေးနေမကောင်းလို့ စိတ်ညစ်ရတဲ့အထဲ အကုသိုလ်တွေက အထွေးလိုက်ကို လာလာနေတယ်။ မသောင်းကြည်က လက်ထဲက ဖွာနေတဲ့ ဆေးပေါ့လိပ်ကို အသာပြန်ချပြီး အိပ်ဖို့ ပြန်ကြိုးစားတယ်။ အရေးထဲ ကြွက်တွေကလည်း ထုပ်တန်းတစ်လျှောက်ကို တကျွိကျွိနဲ့ ပြေးလွှားနေကြတာ။
"အား...အမေ့...အား"
"ဟဲ့ကောင် ဖိုးကျော်၊ ဘာဖြစ်တာလဲ"
"အား...ကျွတ်...ကျွတ် ခြေသန်းကို ကြွက်ကိုက်သွားတယ်"
သည်အရပ်ထဲထဲ ကြွက်တွေကလည်း လူကို ဂရုကိုမစိုက်တာ။ ဖယောင်းတိုင်ထွန်းပြီးကြည့်တော့ ခြေသန်းထိပ်က အသားစလေး ပဲ့ပါသွားတယ်။ မနည်းချော့တော့မှ အလတ်ကောင်ဖိုးကျော် ပြန်အိပ်သွားတယ်။ အချိန်အတော်ကြာတော့ အသံတွေ တိတ်ဆိတ်သွားပြီး အကြီးမ မိမှုံဟောက်သံက မှန်မှန်လေး ထွက်လာတယ်။
မနက်အရေး တွေးမိတော့ ခေါင်းတွေ မူးနောက်လာတယ်။ မနက်ချက်ဖို့ ဆန်ဖိုးကလည်း အလုံအလောက်မရှိဘူး။ အငယ်ကောင် ငတိုး ဆေးခန်းပြဖို့အတွက်ကလည်း ဘာကိုပေါင်ရမလဲ ရှာလို့မရဘူး။ မသောင်းကြည်မှာ မနက်ရောက်မှာတောင် ခပ်ကြောက်ကြောက် ဖြစ်လာတယ်။
-------------
အခန်း ၄။
မနက်ရောက်တာနဲ့ မသောင်းကြည်က ခါတိုင်းချက်နေကျ တစ်လုံးတည်းသော ဒန်အိုးကို ပလတ်စတစ်အိတ်ကြီးတစ်လုံးနဲ့ ပတ်ပြီး ထုတ်လိုက်တယ်။ ထမင်းချက်ခါနီး ဒန်အိုးမရှိလည်း ရေကပြင်က မြေအိုးနဲ့ပဲ ချက်ရတော့မှာပဲ။ လောလောဆယ် ပေါင်စရာက ဒီပစ္စည်းပဲ ရှိတာကိုး။
ပဲပြုတ်သည် မသန်းရီ အသံကြားလိုက်တော့ မနက် ၆ နာရီကျော်သွားပြီဆိုတာ သေချာသလောက် ရှိသွားတယ်။ အပေါင်ဆိုင်က ဖွင့်မှာမဟုတ်သေးတာတော့ သေချာတယ်။ ဒါပေမဲ့ အတင်းမရမက နှိုးရမှာပဲ။ ငတိုးရဲ့အဖျားက ကျကို ကျမသွားတော့ မသောင်းကြည်လည်း မိခင်တစ်ယောက်ပီပီ စိုးရိမ်စိတ်တွေ ပိုလာတယ်။
အပေါင်ဆိုင် အိမ်ရှေ့ရောက်တော့ တံခါးက ပိတ်ထားတယ်။ ရှေ့မှာ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန် ဆိုတဲ့ ကတ်ပြားက အထင်းသား နေရာယူထားတယ်။ မသောင်းကြည်က တံခါးကို ခေါက်မယ်လုပ်တော့ အထဲက အမျှဝေပြီး ကြေးစည်ထုတဲ့ အသံကြားလိုက်ရတယ်။ ဒီတော့မှ မသောင်းကြည်လည်း ဒီမနက် ဘုရားရှိခိုးဖို့ မေ့တာကို သတိရတော့တယ်။ ကြေးစည်သံ ပြတ်သွားတော့...
"ဒုန်း...ဒုန်း...မညွန့်ခင်၊ ဒုန်း...မညွန့်ခင်"
"ဘယ်သူတုံးဟဲ့၊ တံခါးကို ထုနေတာ"
"သောင်းကြည်ပါ၊ ပစ္စည်းလေး ထားချင်လို့"
"ဟဲ့...မနက်အစောကြီး ရှိသေးတယ် သောင်းကြည်ရယ်။ ဒီမှာ သူများတွေ ဘုရားကန်တော့ ကုသိုလ်ယူနေတာ"
"ဟုတ်ပါတယ် မညွန့်ခင်ရယ်၊ အငယ်ကောင် နေမကောင်းလို့။ အလုပ်မသွားခင် ဆေးခန်းပြဖို့ အရေးကြီးနေလို့ပါ"
"အို...ဘာဖြစ်ဖြစ် နားမလည်ဘူး။ နင်အရင်ထားတဲ့ ပစ္စည်းတွေလည်း တစ်ခုမှ ပြန်မရွေးနိုင်သေးတော့ ထပ်ပြီး လက်မခံဘူး"
"ပိုက်ဆံရရင် ပြန်ရွေးမှာပါ မညွန့်ခင်ရယ်"
"ကျက်သရေတုံးတယ်အေ၊ စောစောစီးစီးကို။ မရဘူးလို့ ပြောပြီးပြီ။ အကုသိုလ်တက်အောင် လာမလုပ်နဲ့"
မညွန့်ခင် စကားကြောင့် မသောင်းကြည် ဒေါသက ထောင်းခနဲ ကြွတက်လာတယ်။ သူ့ကို ကျက်သရေတုံးသတဲ့။ နေနှင့်ဦးပေါ့လေ။ အပေါင်ဆိုင်ရှေ့ကနေ ဒေါနဲ့ မာန်နဲ့ ပြန်ထွက်လာခဲ့တယ်။ အိမ်ရောက်တော့ ရေကပြင်ပေါ်ကို ဒန်အိုးကို ပစ်ချလိုက်တယ်။
"အမေသောင်း...စောစောစီးစီး ဘာတွေ ဒေါပွနေသလဲ"
"ဘာဖြစ်ရမလဲအေ၊ ဒန်အိုးသွားပေါင်တာ မရတဲ့အပြင် ငါ့ကို ကျက်သရေတုံးသလေး ဘာလေးနဲ့"
ဖိုးသာအောင် မိန်းမက သူ့အိမ်နောက်ဖေးကနေ မသောင်းကြည်ကို လှမ်းမေးတယ်။ မျက်နှာမှာလည်း ညက ယောက်ျားပြထားတဲ့ လက်စွမ်းတွေက ညိုလို့မည်းလို့။
"အငယ်ကောင် နေမကောင်းလို့ ပိုက်ဆံလိုလို့ပါ။ နို့မို့ဆို ဝေးသေး"
ဖိုးသာအောင် မိန်းမက ဝါးကပ်သာ ခြားတဲ့ ခြံစည်းရိုးနား ကပ်လာပြီး...
"အမေသောင်း လိုရင် ကျွန်မဆီက ယူလေ။ ညက ဟိုအကောင်အိတ်ထဲက နှိုက်ထားတာ ရှိတယ်။ မူးနေတော့ ဘာမှမသိဘူး"
"ဒါဆိုလည်း ဒန်အိုးတော့ ယူထားလေ"
"လုပ်မနေပါနဲ့ အမေသောင်းရယ်။ ချက်စရာ ဒန်အိုးမရှိဘဲ နေပါဦးမယ်။ မွဲတာက မွဲတာပဲ။ ဒီလောက်လည်း မရိုင်းပါဘူး။ အချင်းချင်းတွေကို"
ဖိုးသာအောင် မိန်းမက လုံချည်ကြားထဲက လိပ်ထားတဲ့ ပိုက်ဆံကိုဖြေပြီး မသောင်းကြည်ကို လှမ်းပေးတယ်။
"ချက်ဖို့ ပြုတ်ဖို့ရော ရှိရဲ့လားအေ၊ တော်ကြာ ညည်းယောက်ျားက..."
"မရှိတော့ရော အမေသောင်း ထမင်းအိုးထဲက နှိုက်ရုံပေါ့"
"အေး...ကောင်းတယ်"
မသောင်းကြည်က ပိုက်ဆံကို ယူပြီး အိပ်ရာထဲ ခွေနေတဲ့ ငတိုးကို ခါးထစ်ခွင် ချီလိုက်တယ်။ ပြီးတော့ ဆေးခန်းရှိတဲ့နေရာကို ခပ်သွက်သွက် လှမ်းသွားတယ်။ ငတိုး တစ်ကိုယ်လုံးကလည်း ခြစ်ခြစ်တောက်အောင်ကို ပူလို့။
ဆေးခန်းရှေ့ ရောက်တော့ လူနာတွေက တန်းစီနေကြတာ အတော်တော့ အများသား။ မသောင်းကြည်လည်း တိုကင်နံပါတ်ပြားလေးတစ်ခုယူပြီး လွတ်ရာခုံတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ခဏကြာတော့ ဘေးနားက အမျိုးသမီးကြီးတစ်ယောက်က မသောင်းကြည်ကို မေးတယ်။
"တစ်ခါပြရင် ဘယ်လောက်ပေးရလဲ"
"ကျွန်မလည်း အဲဒါပဲ တွက်နေတာ"
----------------
သာကြည်ဆွေ
ရွှေအမြုတေမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂ဝဝ၈။
Credit:  ရွှေအမြုတေမဂ္ဂဇင်း Facebook Pages

No comments:

Post a Comment