Wednesday, October 5, 2016

“ ကလေးတွေး တွေးမယ် ”



“ ကလေးတွေး တွေးမယ် ”
(၁)

“ ဖေဖေ ”
“ ဟေ သမီး ”
“ ဒီအရုပ်လေး လိုချင်တယ် ၀ယ်ပေးပါလား ”
ရုံးပိတ်ရက်မို့ မိသားစုလိုက် ဈေးဝယ်ထွက်ဖြစ်ခဲ့ကြတယ်။ ကလေးကစားစရာတွေ၊ ကလေးအ၀တ်အထည်တွေ ရောင်းတဲ့ဘက်ဆီရောက်လာခဲ့ကြတယ်။ အဲဒီမှာ သမီးက အရုပ်ဝယ်ပေးဖို့ ပြောလာတာပါ။ ကျွန်တော့ဇနီးက အရုပ်လေးကို ကိုင်ကြည့်တယ်။ ဈေးနှုန်းကြည့်တာဖြစ်မယ်။


“ ၃၅၀၀ ”
“ သမီးလေးကလည်း တခြားဟာ ယူပါလားသမီးရယ်၊ အ၀တ်ဝယ်ဝတ်ရင် သမီးကောင်းကောင်းဝတ်ရတာပေါ့ လှတာလေးဝတ်ရတာပေါ့ သမီးရဲ့ ”
“ မေမေကလည်း ”
“ ဟုတ်သားပဲသမီးရယ် သမီးလေးကြိုက်တဲ့ အ၀တ်ပြောလေ၊ အရုပ်ကဆော့ရင် ခဏလေးနဲ့ပျက်စီးသွားမှာပေါ့”
“ သမီးက အရုပ်ပဲ လိုချင်တဲ့ဟာကို ”
“ တခြားအရုပ်လေးတွေ ၀ယ်ပေးမယ်လေ သမီးရဲ့၊ ခုအရုပ်က သမီးဦးထုပ်လေးဖြစ်ဖြစ်၊ ဘောင်းဘီလေးဖြစ်ဖြစ် လှလှလေးဝယ်လို့ရတယ် ”
ကျွန်တော်ကလည်း သမီးလေးလက်ကိုဆွဲရင်း အရုပ်တွေရောင်းတဲ့ဘက်က ထွက်လာခဲ့ရတယ်။ ပြီးတော့ သမီးလေးကို ချော့ပြီးပြောရတယ်။

“ နောက်တစ်ခေါက်လာမှ ၀ယ်ပေးမယ်နော် သမီး”
“ ဟုတ် ”
ဟုတ်လို့သာ ပြောရတယ် သမီးလေးစိတ်မကြည်ဘူးဆိုတာ သိလိုက်တယ်။ ကျွန်တော့သမီးက ၆ နှစ်တောင် မပြည့်သေးပါဘူး။ ကလေးဆိုတော့လည်း ဟိုဟာဒီဟာလေးတွေ လိုချင်ရှာမှာပေါ့။ ဒါပေမင့် လူကြီးဆိုတော့လည်း အသုံးတည့်မဲ့အရာကိုပဲ ဖြစ်ဖြစ်မြောက်မြောက် ၀ယ်စေချင်တာပေါ့။ ပိုက်ဆံကုန်တာခြင်း အတူတူဆိုရင်ဆိုပြီး စိတ်တွက်၊ စီးပွားတွက် တွက်ရ ချက်ရတာပေါ့လေ။
ငယ်ငယ်တုန်းကတော့ အရုပ်လေးတွေ သိပ်အများကြီး အဟုတ်ပေမဲ့ နည်းနည်းပါးပါး ၀ယ်ပေးဖြစ်တယ်။ အရုပ်ဝယ်ပေးရင်လည်း ကြာရှည်ဆော့လို့ရမဲ့အရာ၊ သူ ဒါ့အပြင် သန်မာအောင်၊ ဥာဏ်ထက်စေနိုင်တဲ့ အရာတွေကို အထောက်အကူဖြစ်စေတဲ့ အရုပ်မျိုးတွေကို ရွေးပြီးဝယ်ပေးဖြစ်တယ်။ သူကတော့ ငယ်သေးတာဆိုတော့ ဘယ်သိပါ့ မလဲလေ။ ၀ယ်ပေးတာ၊ သူ့ရှေ့ချပေးတာ အကုန်ဆော့တော့တာပေါ။ ဆော့ရရှာတော့ပေါ့လေ။

(၂)
“ ကလင် လင် လင်..ကလင် လင် လင်..”
“ ရေခဲချောင်းသည် ထင်တယ် ထွက်ကြည့်လိုက်ဦးမယ်နော် မေမေ ”
“ သမီးက စားချင်လို့လား ”
“ ဟုတ် ”
“ ဒီတစ်ခါပဲ စားရမယ်နော် နောက်တစ်ခါမစားရတော့ဘူး ”
“ ဟုတ် မေမေ ”

ရေခဲချောင်းသည်ကို လှမ်းခေါ်ပြီး ၀ယ်ကျွေးလိုက်တယ်။ ကျွန်တော်ကတော့ ဘာမှ မပြောပဲ ရေးလက်စ စာကို ဆက်ရေးနေလိုက်တယ်။ သူ့အမေနဲ့ သူ့သမီး အဆင်ပြေရင်ပြီးတာပါပဲ။ တစ်ခါတလေ တော်တော်ပြောရတယ်။ ကလေးက အချိုအရသာကြိုက်တယ်။ အချိုနဲ့လုပ်တဲ့ မုန့်ဆိုရင် ကိတ်မုန့်၊ သကြားလုံးအတော်တော်များများ စားတယ်။ ဒီတော့ ကျွန်တော်တို့က သွားပိုးစားမှာ၊ ချောင်းဆိုးရင်ကြပ်မှာစိုးလို့ သူပူဆာရင် တစ်ခါတလေ မကျွေးပဲနေလိုက်တယ်။
ကလေးဆိုတာကလည်း သူစားချင်တာ၊ သူလိုချင်တာမရရင် စိတ်ကောက်တတ်၊ ငိုတတ်တာဆိုတော့ သူ့အမေက တစ်ခါတလေ ဆူတတ်တယ်။ ကျွန်တော်လည်း ဆူမိတတ်တယ်။ ဒီတော့လည်း သူ့ခမျာဘာမှ ပြန်မပြော ရှာဘဲ မျက်ရည်လေးဝဲပြီး နေလိုက်ရှာတယ်။

ကျွန်တော့်တို့ကလည်း လူကြီးဆိုတော့ လူကြီးအသိနဲ့ အစားမှားမှာ၊ တစ်ခုခုဖြစ်မှာတွေးပြီး တားမြစ်ရတာပေါ့လေ။ ဒီဘက်ခေတ်မှာလည်း ပုံသဏ္ဍာန်မျိုးစုံ၊ အရောင်အသွေးမျိုးစုံ၊ အရသာမျိုးစုံနဲ့ ကလေးတွေ စားချင်လာအောင် စွဲဆောင်နေတဲ့ ဘာတွေမှန်း၊ ဘယ်ကထုတ်တဲ့အရာတွေမှန်းမသိတဲ့ မုန့်တွေက ဈေးကွက်ထဲ အများကြီးရောက်ရှိလာတယ်မဟုတ်လား။ ပြီးတော့ ကလေးတွေမှာ ရောဂါတစ်မျိုးပြီး တစ်မျိုးဖြစ်ရတာနဲ့။
ဒီတော့လည်း ကျွန်တော်တို့မှာ ဟိုမုန့်ဝယ်မကျွေးရဲ၊ ဒီမုန့်ဝယ်မကျွေးရဲနဲ့ မိဘနဲ့ ကလေးကြားမှာ ပြဿနာလေးတွေ ဖြစ်ဖြစ်လာရတယ်။ အင်း စီးပွားရေးသမားကလည်း စီးပွားရေးအတွေး၊ လူကြီးကလည်း လူကြီးအတွေး၊ ကလေးကလည်း ကလေးအတွေး ကိုယ်စီပေါ့လေ။

(၃)
ဟာ သကောင့်သားတွေတော့လာပြန်ပြီ။ ဒီနေ့ အေးအေးလူလူအိမ်မှာ နေပါမယ်ဆိုမှ ဘာလာလုပ်ပြန်ပြီလဲ မသိ။ သူတို့နဲ့လိုက်ရင်၊ ၀ိုင်းဖွဲ့မိရင်ကိုယ့်နားရမဲ့ တစ်နေ့တာလုံးကုန်ရော။ ဒီတော့ မဖြစ်ချေဘူး တစ်ခုခုတော့လုပ်မှ ရတော့မယ်။
“ သမီးရေ သမီး အဖေ့ဆီခဏလာပါဦးကွယ်”
“ ဖေဖေ ဘာခိုင်းမလို့လဲဟင် ”
“ ဟို ခြံဝမှာ ဦးတို့လာနေတာတွေ့လား ”
“ ဟုတ်တွေ့တယ် ”
“ သူတို့ အိမ်ထဲလာလို့ အဖေ့ကို မေးရင် အပြင်ကိုသွားတယ်လို့ ပြောလိုက်နော်သမီး ”

ကျွန်တော်လည်း အိမ်နောက်ဖေးဘက်ဆင်းနေလိုက်တယ်။ မီးဖိုချောင်မှာ ထမင်းဟင်း ချက်နေတဲ့ ကျွန်တော့် ဇနီးက အလိုက်သိစွာပဲ အိမ်ရှေ့ကို ထွက်သွားလိုက်တယ်။ သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ အမျိုးသမီးက ထွက်လာလို့ ရပြီဆိုတဲ့အကြောင်း ပြောလို့ ကျွန်တော်ထွက်လာလိုက်တယ်။
“ အစ်ကို့ သမီးကတော့ အဟုတ်ပဲ ”
“ ဘာတဲ့လဲ ”
“ ဖေဖေက အပြင်သွားတယ်လို့ ပြောလိုက်ပါတဲ့ လေ ”
ကျွန်တော်က သမီးရဲ့ပါးလေးကိုဖျစ်လိုက်တယ်။
“ ဟုတ်လားသမီး အဲသလိုပြောလိုက်တာလား ”
“ ဟုတ်တယ်လေ ဖေဖေပဲ အဲလိုပြောခိုင်းပြီးတော့ ”
“ အေးပါ့ကွယ် အေးပါ ”

တကယ်တော့ ကလေးက စကားကို ဘယ်လိုလှည့်ပတ်ပြောတတ်ပါ့မလဲလေ။ လိမ်ပြောတတ်ပါ့မလဲလေ။ ရိုးရိုးဖြောင့်ဖြောင့်ပဲ ပြောတတ် ရှာမှာပေါ့။ လူကြီးတွေသာ စကားကို အမျိုးမျိုးအဖုံဖုံ ပြောတတ်ကြာတာမဟုတ်လား။ ကိုယ်တင်ပြောလို့အားမရသေးဘဲ ကလေးကိုပါ လိမ်ခိုင်းနေမိတဲ့ ကျွန်တော်ပါလေ။
(၄)
“ ဟယ် မေသွယ်တို့များ ထွားလာလိုက်တာ အပျိုကြီးကို ဖြစ်လို့ ”
မိတ္ထီလာကို မိသားစုလိုက် အလည်အပတ်ရောက်နေခြင်းပင်။ ကျွန်တော်က ရောက်ဖြစ်သော်လည်း ဇနီးနဲ့ သမီးက မရောက်ဖြစ်တာ တစ်နှစ်နီးပါးလောက် ရှိရော့မယ်။ ဒီတော့ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောဖြစ်ကြတာပါ။
“ သမီးက ဘယ်နှတန်းရောက်ပြီလဲ တက္ကသိုလ်လား ”
“ ဟာ ဟုတ်ပါဘူး အန်တီရဲ့ တစ်တန်းတက်မှာ သူငယ်တန်းဖြေပြီးပြီ ”
“ ဟုတ်လား အဆင့်ဘယ်လောက်ရလဲ ”
“ နှစ် ”

သူငယ်တန်းတက်တော့ ပထမဆုံး အဆင့်တစ်ရတယ်။ နောက်စာမေးပွဲမှာ နှစ် ဖြစ်သွားတယ်။ အဲဒီမှာ အမျိုးအဆွေတွေက စကြတာပေါ့လေ။ အဆင့်ကျသွားတယ်ဟေ့၊ မေသွယ်ကြီးတော့ ကျန်ခဲ့ပြီဟေ့ဆိုပြီး လူကြီးတွေက စနောက်ကြတော့ သူလည်း ငိုပါလေရော။ အဆင့်မေးရင် မပြောချင်တော့ဘူး။ နှစ် လို့ဖြေရမှာ ရှက်လာတယ်။ မစကြပါနဲ့ ကလေးသိမ်ငယ်စိတ်ဝင်သွားပါ့မယ်လို့ ပြောမှ ရပ်သွားကြတော့တယ်။
တတိယအကြိမ်ကြတော့ အဆင့်တစ်ပြန်ရတယ်။ အဲ နောက်စာမေးပွဲတွေမှာတော့ အဆင့် နှစ်ပဲ အမြဲရတော့ တယ်။ ကျွန်တော်ကတော့ တစ်ဖြစ်ဖြစ်၊ နှစ်ဖြစ်ဖြစ် ဘာမှ မဖြစ်ပါဘူး။ စာကောင်းကောင်းဖတ်တတ်၊ ကလေးအရည် အချင်းလည်း တိုးတက်လာရင်တော်ပြီ၊ သတ်မှတ်ထားတဲ့ အတန်းလိုက်သင်ခန်းစာ တတ်ရင်ရပြီဆိုပြီး ကလေးကို ဘာမှပြောပါဘူး။ ခုဆို သူလည်း တွေ့မြင်သမျှစာတွေကို ဖတ်နေပြီ။ မပေါင်းတတ်တဲ့ စာလုံးလေးတွေကို မေးတယ် စာအပေါ် သင်ယူချင်စိတ်၊ လိုချင်စိတ်လေးရှိနေ၊ ကြိုးစားနေတာနဲ့ပဲ ကျွန်တော်ကတော့ ကျေနပ်နေတာပါပဲ။

“ သမီးတို့ အတန်းထဲမှာ ကောင်လေးတွေရောရှိလား ”
“ ဟုတ် ရှိတယ် ”
“ ဟုတ်လား ဒါဆို ရည်းစားတွေဘာတွေ တွေ့နေပြီလား ”
သမီးလေးက ပြန်မဖြေဘူး။ ရည်းစား ဆိုတဲ့ စကားကို သူသိပုံမပေါ်ဘူး။ သူမသိတဲ့၊ နားမလည်တဲ့ စကားတွေ ဆိုမေးတတ်တယ်။ တစ်ခါတလေ လူကြီးတွေရဲ့ ပါးစပ်က လွတ်ခနဲပြောမိတဲ့စကားတွေထဲက နားမလည်တဲ့ စကားလုံး တွေဆိုရင် မေးတတ်တယ်။ အဲဒီအခါ သူ့ကို (ကလေးအသိနဲ့ နားလည်ဖို့) မနည်းရှင်းပြရတယ်။ တချို့စကားတွေကို တော့ မသိစေလိုတော့ တခြားအဓိပ္ပါယ်တွေနဲ့ လွှဲပြီးဖြစ်ပေးရတယ်။

ကလေးရှေ့မှာဆိုရင် စကားပြောရော၊ အနေအထိုင်ရော ဆင်ခြင်ပြီး နေထိုင်ရတာပေါ့လေ။
“ ပြောလိုက်လေ သမီးရဲ့ မရှိပါဘူးလို့ ကလေးပဲရှိသေးတာလို့ ”
သူ့အမေက ပြန်ပြောနိုင်ဖို့ သင်ပေးလေရဲ့။
“ သမီးက ကလေးပဲရှိသေးတယ် အဖေအမေတို့နဲ့ အတူတူပဲနေမှာ ”
“ လိမ္မာချက်တော် ”

(၅)
“ ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေး အငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား ”

ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ကြည့်ပြီး ငယ်ငယ်က ကဗျာလေးရွတ်နေမိတာပါ။ ကဗျာလေးပြန်ရွတ် ကြည့်မိတော့ အတွေးတွေကလည်း တန်းစီဝင်လာတယ်။
ခပ်ငယ်ငယ်တုန်းကတော့ ကဗျာလေးက ရွတ်ဆိုလိုလည်းကောင်းသလို လမင်းကြီးရယ်၊ ယုန်ကြီးရယ်၊ အဖိုးအိုကြီးရယ်နဲ့ ပတ်သက်တဲ့ ပုံပြင်တွေက ကလေးသဘာဝနားထောင်လို့ကောင်းတာကိုး။ ပြီးတော့ တကယ်ရတော့မယ် အထင်နဲ့ “ ဖိုးလမင်းကြီးရယ် ထမင်းဆီစမ်း ရွေလင်ဗန်းနဲ့ပေးပါ ” လို့ လမင်ကြီးကိုကြည့် လက်ကလေးဖြန့်ပြီး အကြိမ်ကြိမ်တောင်းခဲ့ဖူးတယ်။

ခုတော့ ကဗျာကို စဉ်းစားမိတော့ လက်တွေ့မကျဘူးပေါ့လေ။ လမင်းကြီးပေါ်က ဆန်ဖွတ်နေတဲ့ အဖိုးအိုနဲ့ ယုန်ရဲ့ အရိပ်တွေဆိုတာက လမင်းကြီးပေါ်က ချိုင့်ခွက်တွေမှန်းသိနေပြီ။ ဒီတော့ ကလေးဘ၀တုန်းက တွေးခဲ့တဲ့ အတွေးလောက် အရသာမရှိလှတော့ဘူး။ ကလေးဘ၀တုန်းက အတွေးလောက် မလွတ်လပ်တော့သလို ခံစားမိတယ်။
လူကြီးဆိုတာ တစ်ချိန်က ကလေးဖြစ်ခဲ့သလို၊ ကလေးဆိုတာလည်း တစ်ချိန်တော့ လူကြီးဖြစ်လာကြမှာပါ။ လူကြီးမဖြစ်ခင် ကလေးအရွယ်မှာ ကလေးအသိ၊ ကလေးအတွေးပဲ ကောင်းပါလိမ့်မယ်။ လူကြီးဖြစ်လာချိန်မှာလည်း ကလေးအတွေး ဆက်တွေးနေရင်တော့ ဒါဟာ သိပ်မူမမှန်ဘူးလို့ ဆိုချင်စရာပါ။

ဒီတော့ ကလေးဘ၀၊ ကလေးအရွယ်မှာ ကလေးအတွေးတွေးနေကြတာ ပိုကောင်းပါတယ်။ တွေးကြပါစေ၊ ပြောကြပါစေ။ သူတို့အတွေး၊ သူတို့အပြော၊ သူတို့လုပ်ဆောင်ချက်တွေဟာ လွတ်လပ်တယ်၊ ရိုးသားဖြူစင်ကြတယ်၊ ပွင့်လင်းကြတယ်၊ ကောက်ကျစ်မှ အလျဉ်းမရှိကြပါဘူး။
ဒါပေမဲ့လည်း လူကြီးတွေက လူကြီးအတွေးတွေနဲ့ ကလေးရဲ့အတွေးတွေကို ချုပ်ကိုင်ချင်ကြ၊ ချယ်လှယ်ချင်ကြ တယ်။ ကလေးအတွေးတွေကို ဘောင်ခတ်ချင်ကြတယ်။ ဖြောင့်နေတဲ့ စိတ်ကလေးတွေကို ကောက်လာအောင် ပုံသွင်းချင်ကြတယ်။ ကလေးဘ၀မှာ လူကြီးတွေးတွေးတတ်အောင် ပုံစံခွက်ထဲ သွပ်သွင်းနေချင်ကြတယ်။

ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်မိပါရဲ့။ သမီးလေးဟာ တစ်ချိန်တော့ လူကြီးဖြစ်လာမှာပဲ ဒီတော့ကလေးအရွယ်မှာ သူဆော့ချင်တာဆော့စေ၊ သူလိုချင်တဲ့ အရုပ်ကို ပူဆာလို့ယူစေ၊ သူ မပြောချင်တဲ့စကား မပြောတတ်၊ မလိမ်တတ်တဲ့စကားကို မပြောစေ၊ သူစားချင်တဲ့ အစားအသောက်လေးတွေကို ထိုက်သင့်သလောက် စားစေသောက်စေဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
ကလေးကို ကလေးအတွေးအတိုင်း ရှိစေလိုက်ပါ့မယ်။

(၆)
“ မေမေ ဟိုမှာ ပူဖောင်းသည် ”
“ သမီးကလိုချင်လို့လား ”
“ ဟုတ် ”
“ ပူစီဖောင်းက ခဏလေးနဲ့ ”
ကျွန်တော့်ဇနီးဖြစ်သူရဲ့ စကားမဆုံးသေးခင် ကျွန်တော်က စကားကိုဖြတ်ပြောလိုက်တယ်။
“ အမေကြီးရေ ကလေးပဲ လိုချင်ရှာမှာပေါ့၊ ဆော့ချင်ရှာမှာပေါ့၊ လူကြီးအတွေးနဲ့ အရာရာလိုက်တားမနေပါနဲ့ကွာ ၀ယ်ပေးလိုက်၊ ၀ယ်ပေးလိုက်ပါ ”
ဒါနဲ့ သူကြိုက်တဲ့ ပူပေါင်းလေးကို ၀ယ်ပေးလိုက်တယ်။

သမီးလေးက ပူဖောင်းလေးကိုင်ပြီး ပျော်လို့။ ကျွန်တော်လည်း သမီးလေးကိုကြည့်ပြီး ကြည်နူးလို့ပေါ့လေ။
************
မေတ္တာဖြင့်
မောင်ပိုင်(လေးမျက်နှာ)
၂၄-၃-၂၀၁၆ (၂၁၃၆)
မိတ္ထီလာမြို့


No comments:

Post a Comment