Wednesday, October 12, 2016

" ကြွက်တို့၏မာယာ "




ကြွက်တို့၏မာယာ
°°°°°°°°°°°°°°°

[ကိုစက်ဖေ]
“နာရီလေး ကြိုးပြုတ်သွားလို့၊ အဲဒါလေး ပြင်တတ်လား….”
တောင်းဆိုသလိုလို အမိန့်ပေးသလိုလို ဆည်းလည်းသံ တစ်ခုကြောင့် တိုးဝေ စာငုံရေးနေရာက ခေါင်းကို မော့ကြည့်လိုက်သည်။
ခေတ်ပေါ်ကောင်မလေး တစ်ယောက်။ ဆံပင်က အညိုရောင်ဖြစ်သော်လည်း သပ်ရပ်လှပသည်။ အဝတ်အစား၊ ဆံပင်၊ ချယ်သမှုအားလုံးတို့သည် ကိုငှက်ကြီး၏ သီချင်းများလို ဟန်ချက်ညီ၏။ ယနေ့ အင်္ဂလိပ်စာ ကျူရှင်၏ တန်ဖိုးသည် အဝယ်လိုက်သော စတော့ ရှယ်ယာတွေလို့ အဆပေါင်းများစွာ ဈေးတက်သွားတာ သေချာသည်။
ဤဖြစ်ရပ်သည် ထောင်ခြောက်တစ်ခု၏ အစ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
-အခန်း (၁)-
“သူ့နာမည်က သန္တာကိုတဲ့။ ရန်ကုန်သူ တစ်ယောက်ပဲ။ အခုအထိတော့ လက်ဆုပ်လက်ကိုင် မရှိဘူးပေါ့ကွာ။ အရင်ကတော့ မသိဘူး”
“…………”
“မင်း လှုပ်ရှားချင်လို့လား။ မင်းလည်း ရီးစားလက်မဲ့ဆိုတော့ အဆင်ပြေတာပေါ့”
“…………”
“မင်းရဲ့ မထုံတက်တေးပုံစံကိုပြင်စမ်းပါကွာ။ ဟိုတစ်ယောက်ကို မရတာလည်း ဒီပုံစံကြောင့်ပဲထင်တယ်”
တိုးဝေ မလှုပ်မရှား။ သက်ခိုင်စကားကို မတုန့်ပြန်။
“ဒါနဲ့စကားမစပ် ဖော်ထားတဲ့ ဆေးလေးတွေမစပါဦး။ ဒီတစ်ခါ ခပ်ပြင်းပြင်းလေး စပ်ပေးစမ်းပါ”
တိုးဝေ ခေါင်းကို ခါလိုက်ရင်း စာအုပ်ကို ဖွင့်ကာ ဓာတုဗေဒညီမျှခြင်း သုံးလေးကြောင်း လောက်ချရေးလိုက်သည်။ သက်ခိုင်ကတော့ ညီမျှခြင်းတွေကို စိတ်ဝင်စားပုံမရ။ ညီမျှခြင်းက ရလာမည့်အဖြေကိုသာ မျှော်လင့်နေပုံရသည်။ တိုးဝေက အလွယ်တကူရနိုင်သော ဆေးတချို့၏ အချိုးတွေကို ရောစပ်ပြီး စိတ်ကြွဆေး စပ်နေသည်။ တိုးဝေက သည်ဆေးတွေကို ကိုယ်တိုင် မသုံးသော်လည်း ညီမျှခြင်းတွေကို ယုံကြည်သုံးစွဲတတ်သူ။ စာရွက်ကလေးကို ခေါက်လိုက်ပြီး သက်ခိုင်ကို လက်ကမ်းပေးလိုက်သည်။ သက်ခိုင်ကတော့ တိုးဝေ၏ တစ်ဦးတည်းသော ပြောမနာဆိုမနာ သူငယ်ချင်း။
“သက်ခိုင်ရော့။ သွားတော့၊ ဆယ်နာရီလည်းကျော်နေပြီ၊ တော်ကြာအဆောင်မှူး လိုက်စစ်လို့ မင်းကို အခန်းမှာ မတွေ့ရင် ငါ့ကိုပါ အမှုပတ်နေမယ်။ သတင်းပေးတဲ့ အတွက်တော့ ကျေးဇူးပဲကွာ”
တိုးဝေ ထိုင်ရာမှထလိုက်ပြီး အခန်းတံခါးကို ထပိတ်လိုက်သည်။ အခန်းထောင့်က တံခါးကြားမှ ကြွက်ထောင်ခြောက် ကို ယူလိုက်သည်။ ထောပတ်တုံးလေး ခပ်သင့်သင့်ထုတ်လိုက်ပြီး သံညှပ်ကို တင်လိုက်သည်။ အဆောင်မှာ သန့်ရှင်းရေး အားနည်းချက်ကြောင့် ကြွက်တွေ သောင်းကျန်းလွန်းလှ၏။
-အခန်း (၂)-
အေးမျိုးခိုင် က ရူပဗေဒ မေဂျာ၏ မျက်စိနှင့်နားဆိုလျှင် ငြင်းနိုင်သူ ရှိမည်မထင်။ သူ့ကွယ်ရာမှာ အားလုံးက စင်းလုံးချော ဟုခေါ်ကြသည်။ ရေးဆင်းတက္ကသိုလ် အမှတ်မမီ၍ မတက်ခဲ့ရသူတစ်ယောက်။ သို့သော် ရောက်လေရာမှာ ဝါသနာကို ပုံဖော်တတ်သည်။ ကြက်နှင့်ဘဲ ပေးစားသည့်အလုပ်မျိုးကို အလွန်စိတ်ဝင်စားသော ကျောင်းသူဖြစ်သည်။ စာသင်မည့် ဆရာ မရောက်ခင် အေးမျိုးခိုင်၏ ဘေးတွင် တိုးဝေ ဝင်ထိုင်လိုက်ရင်း …. ။
“မမျိုးကို ကျွန်တော် အကူအညီတစ်ခုလောက်တောင်းချင်တယ်။ ပေးနိုင်မလား”
“ပိုက်ဆံချေးတာကလွဲရင် အကုန်ကူညီနိုင်တယ်”
တိုးဝေ အနည်းငယ်ပြုံးလိုက်သည်။ မျက်နှာကို ချက်ချင်းမှိုင်းနေအောင် ပြင်ဆင်လိုက်၏။ လက်ထဲမှာ စာအုပ်လေးတစ်အုပ်ကို ကိုင်ထားရာမှ စာရေးခုံပေါ်ချထားလိုက်သည်။
“မပြောတော့ပါဘူး မမျိုးရယ်။ အားမရှိတော့ပါဘူး။ ကျွန်တော်လေ…”
တိုးဝေ စကားကို ရပ်ထားလိုက်ပြီး အေးမျိုးခိုင်ခေါ် စင်းလုံးချော ၏ မျက်နှာကို အသနားခံသလိုကြည့်၏။ အတန်းရှေ့ဆုံးမှာ ထိုင်နေသော သန္တာကို ကိုလည်းလှမ်းကြည့်လိုက်ပြန်သည်။ စင်းလုံးချောက စိတ်ရှည်တတ်ပုံမရ။ သေးသွယ် နေအောင် ပြုပြင်ထားသော မျက်ခုံးနှစ်ခုကို ထိလုနီးပါး ကျုံ့လိုက်သည်။
“တိုးဝေ… ငါ့ကို ပဟေဠိတွေဝှက်မနေနဲ့။ ပြောစရာရှိရင်ပြောနော်”
ထိုစဉ် ဆရာအခန်းတွင်းသို့ ဝင်လာသဖြင့် စကားဖြတ်ပြီး ဆရာကို ကြည့်နေလိုက်ကြသည်။ သို့သော် ဆရာရှင်းပြနေသော သင်ခန်းစာအပေါ် စင်းလုံးချော၏ အာရုံက ကြာကြာ ထားနိုင်ပုံမရ။ တိုးဝေ၏လက်ကို ဘောပင်နှင့် ထိုးလိုက်သည်။ မသိမသာလည်း မေးဆတ်ပြသည်။
တိုးဝေကလည်းမလှုပ်။
စင်းလုံးချောက အမှတ်မထင် တိုးဝေချထားသောစာအုပ်လေးကို ကောက်လှန်လိုက်သည်။ တိုးဝေ ကဗျာကယာ စာအုပ်ကို ဆွဲယူလိုက်သည်။ စင်းလုံးချောက အတင်းပြန်ဆွဲယူပြီး ရေးထားသည့် စာတချို့ကို ဖတ်ဖြစ်အောင် ဖတ်နေလိုက်သေသည်။ တိုးဝေမရမက ဆွဲယူနေမှ မလွှတ်ချင်လွှတ်ချင် စာအုပ်ကို လွှတ်သည်။ ထို့နောက်လေသံသဲ့သဲ့ဖြင့် တိုးဝေက တောင်းပန်လိုက်သည်။
“မမျိုးရယ် သူ့ကိုသွားမပြောပါနဲ့နော်။ ဘယ်သူ့ကိုမှလည်းပြန်မပြောပါနဲ့။ တောင်းပန်ပါတယ်ဗျာ”
စင်းလုံးချော ကျေနပ်သလို ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ တိုးဝေကတော့ ဆရာအလစ်တွင် အခန်းအပြင်သို့ ထွက်လိုက်သည်။ ထို့နောက် အောင်မြင်တက်ကြွစွာ ပြုံးလိုက်ပြီး သင်္ချာအတန်းဘက်ကို ခြေဦးလှည့်လိုက်သည်။ တိုးဝေ ညနေ ကျောင်းဆင်းချိန်ကို မျှော်ရတော့မည်။
-အခန်း (၃)-
ညနေကျောင်းဆင်းချိန်မှာ ဝန်းကျင်တစ်ခုလုံးကျောင်းသားတွေက လှုပ်လှုပ်ရွရွ။ တိုးဝေ ကင်တင်းမှာ ထိုင်ရင်း ကော်ဖီခွက်ကို စိုက်ကြည့်နေသည်။ မျက်နှာချင်းဆိုင်က ထိုင်ခုံကို ကျောပိုးအိတ်တစ်လုံး ပြုတ်ကျလာသဖြင့် မော့ကြည့်လိုက်သည်။ သန္တာကို…။ အနားမှာထိုင်နေသည့် သက်ခိုင်က ထသွားသည်။ သန္တာကို က သက်ခိုင် ထွက်သွားသည် အထိ မထိုင်သေးဘဲ သက်ခိုင်ကို လိုက်ကြည့်သည်။ နာရီ ကြိုးတပ်ပေးဖို့ တိုးဝေဆီကို လာတာတော့ မဖြစ်နိုင်။
တိုးဝေ မွှေပြီးသားကော်ဖီခွက်ကို ထပ်ကာတလဲလဲ မွှေနေသည်။ ဘာစကား မှလည်းမထွက်။ အတင်းဖြစ်ညှစ်ပြောလိုက်မှ လေသံတစ်ချက် ထွက်လာသည်။
“တစ်ခုခု သောက်ပါလား”
တိုးဝေဖိတ်ခေါ်မှုကို စိတ်ဝင်စားပုံမရ။
“မမျိုးဖတ်လိုက်ရတဲ့ စာကို ဖတ်ချင်တယ်။ အဲဒီစာကို ပြပါ”
ထောင်ခြောက်ဆီတိုးဝင်လာသော ကြွက်မလှလှလေး။ နှုတ်ခမ်းမွှေးတော့မပါ။ သို့သော် ကြည့်ရသည်မှာ သည်ကြွက်က အားကောင်းမောင်းသန်နိုင်လွန်းလှပါသည်။ သူ့ထောင်ခြောက်ကို လွှင့်ပစ်ဖို့ အများကြီး အားစိုက်ရန်မလိုသည့် ပုံမျိုးပါ။
“ဗျာ…။ အဲဒါလေ”
တိုးဝေစကားမပြန်တတ်။ လွယ်အိတ်ထဲကို လက်က အလိုလိုရောက်သွားသည်။ ပြန်တော့ထွက်မလာသေး။ ခဏနေတော့ လက်ဗလာ တစ်ဘက်ထွက်လာသည်။ တိုးဝေ နှုတ်ခမ်းကို တစ်ချက်သတ်လိုက်ပြီး…။
“မဖတ်ပါနဲ့တော့ဗျာ။ အဲဒီစာလေးတွေက ခဲတံနဲ့ ရေးထားတာ။ ပျက်လွယ်တယ်။ သဘောတူမယ်ဆိုရင် ကျွန်တော့်လက်ဖျံမှာ သန္တာကို ရဲ့ နာမည်ကို တက်တူးထိုးချင်တယ်”
မဲ့သည်လား၊ ပြုံးသည်လား တိုးဝေမတွေးတတ်။ နှုတ်ခမ်းချွန်ချွန်ရဲရဲလေး နည်းနည်းတွန့်သွားတာတော့ သတိပြုလိုက်မိသည်။ သည်မျက်နှာလေးက နာရီတစ်လုံးလို အချိန်နှင့်အမျှ ပြောင်းလဲတတ်ပုံရသည်။
“ဟင့်အင်…တက်တူးထိုးဖို့တော့ ခွင့်ပြုချက်မပေးနိုင်သေးဘူး။ စာကို ပဲပေးပါ။ တကယ်ဖတ်ချင်နေပြီ…”
သူ့မျက်နှာ။ သူသာကလေးတစ်ယောက်ဆို သူ့ပါးလေးတွေကို မနာအောင် လိန်ဆွဲလိုက်ချင်ပါသည်။ သူသာ မွေးပွ ရုပ်လေးတစ်ခု ဖြစ်ခဲ့ရင် ရင်ခွင်ထဲမှာ ထားကာ ဖြစ်ညှစ်လိုက်ချင်ပါသည်။
“တကယ်ဖတ်ချင်တာလား။ အဲဒါဆိုရင်အဆောင်ကို ပြန်လိုက်ပါ။ သန္တာကိုရဲ့ အဆောင်မှူးဆီမှာ ပါဆယ်တစ်ထုပ် ကျွန်တော်အပ်ထားပါတယ်။ ကျွန်တော်ရေးတဲ့ စာတွေ နဲ့ လက်ဆောင်တစ်ခု ကို အဲဒီမှာ ယူလိုက်ပါနော်”
ချာကနဲလှည့်ထွက်သွားသော ပုံရိပ်တစ်ခုကို မြင်ကွင်း အဆုံးအထိ တိုးဝေ ငေးကြည့်နေမိ၏။ အတော်ဝေးဝေးရောက်မှ အကြည့်တစ်ချက် က သမင်လည်ပြန် နှုတ်ဆက်သည်။ တိုးဝေ အလိုလိုပြုံးနေမိ၏။ ရာသီဥတုသည် သာယာ လွန်းပါသည်ကော။
-အခန်း (၄)-
တက္ကသိုလ်၏ ခုံတန်းလေးတွေမှာ တစ်ခါတစ်ရံ တိုးဝေနှင့် သန္တာကိုတို့ ထိုင်ခဲ့ကြသည်။ အများအမြင်မှာလည်း မထူးဆန်း။ သည်လို စုံတွဲလေးတွေ အများအပြား တွေ့ရတတ်သည်သာ။ သို့သော်…။ ဆုပ်ဆုပ်ကိုင်ကိုင် အဖြေတစ်ခုရဖို့ အထိ တိုးဝေ မတိုးတက်နိုင်သေး။ မုန့်ကျွေးလျှင်စားသည်။ တစ်ခုံတည်းထိုင်ခွင့်ရှိသည်။ သန္တာကို၏ ပုံဆွဲခဲတံလေးတွေကို အလိုက်တသိချွန်ပေးတတ်လျှင် အပြုံးလေးနှင့် ကျေးဇူးစကား ဆိုတတ်သည်။ ဒါပါပဲလား။ ယနေ့လည်း အင်းယားကန်ဘောင်မှာ ထိုင်ဖြစ်ကြသည်။
“တိုးဝေပေးထားတဲ့နှင်းဆီပန်းလေး ဒီနေ့နဲ့ ဆိုရင် နှစ်ပတ်တောင် ရှိသွားပြီ။ အခုအထိမနွမ်းသေးဘူး။ ထူးဆန်းလိုက်တာနော်။ ဘယ်လိုများလုပ်ထားတာလဲ”
“သစ္စာပြုထားတာလေ။ ကျွန်တော့်အချစ်တွေ စိမ့်ဝင်နေသမျှ မနွမ်းပါစေနဲ့ ဆိုပြီးတော့ပေါ့”
သန္တာကို ပေါ့ပေါ့ပါးပါး ပြုံးသွားသည်။ တိုးဝေစိတ်ထဲမှာ နေရောင်ပင် နည်းနည်း မှိန်သွားသလိုလို။
“တကယ်လည်း ဟုတ်ဘဲနဲ့”
“ဒီကောင်က သင်္ချာမေဂျာသာ ယူထားတာ အသုံးချ ဓာတုကို အတော်လေး ထိရောက်အောင် လုပ်နိုင်တယ်”
အနားမှာ ပေကပ်ကပ်လုပ်နေသော သက်ခိုင်ကဝင်ပြောလာသည်။ တိုးဝေ သက်ခိုင်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ သို့သော်သက်ခိုင်မထသေး။ တိုးဝေ မျက်နှာနည်းနည်းတင်းလိုက်မှ ပြုံးပြုံးကြီး ထသွားလေသည်။
“ကဲ ငါ အကြော်သွားစားလိုက်ဦးမယ်”
တိုးဝေ အခုမှ သက်ပြင်းချနိုင်သည်။ သို့သော် နောက်ဆက်တွဲ စကားသံတစ်ခု ထွက်ပေါ်မလာခင်အချိန် အထိသာ စိတ်သက်သာခဲ့ရသည်။
“တို့လည်းလိုက်ခဲ့မယ်။ ဗိုက်ဆာနေတာနဲ့ အတော်ပဲ”
သန္တာကိုပါ လိုက်သွား၏။ မြက်ခင်းစိမ်းတွေပေါ်မှာ တိုးဝေ တစ်ယောက်တည်း ကျန်ခဲ့သည်။ ဆောင်းဝင်ကာနီး မြောက်ပြန်လေတွေ တိုက်နေခဲ့သည်။ အင်းယားကန်ရေပြင်မှာ ရွက်လှေလေး တစ်စီးတည်း ရွက်တိုက် ကျင့်နေတာ တွေ့ရသည်။
အဆောင်ကိုတိုးဝေပြန်ရောက်တော့ အတော်မှောင်နေပြီ။ အမှတ်မထင် ဖုန်းဝင်လာသော နံပါတ်တစ်ခုကြောင့် အံ့သြတကြီး ကောက်ကိုင်လိုက်မိသည်။ စင်းလုံးချောဆီက ဖုန်းဆက်လာ၏။
“ဟယ်လို…တိုးဝေပါ”
“အေးဟာ နင့်အတွက်တော့ စိတ်မကောင်းဘူး၊ နင်ခံလိုက်ရပြီတိုးဝေ။ သန္တာက ရည်ရွယ်ချက်ရှိလို့ နင့်ကို ချဉ်းခဲ့တာတဲ့”
“ဗျာ…”
“ဗျာမနေနဲ့ ဒါပဲဟာ၊ ဖုန်းဘေကုန်တယ်”
ပြောပြောဆိုဆိုဖြင့် စင်းလုံးချော ဖုန်းချသွားသည်။ ဘာတွေများခံလိုက်ရတာပါလိမ့်။ တချို့သတင်းတွေက နားဖြင့်ကြားလျှင် ၂၅ ရာနှုန်းသာ သေချာသည်။ မျက်စိဖြင့် မြင်ရလျှင် ၅၀ ရာနှုန်းသေချာသည်။ ဆက်စပ်ထင်မိသည့်အကြောင်းအရာကို တိုးဝေ မစဉ်းစားချင်တော့။
မောမောနှင့် ကုတင်ပေါ်ပစ်လှဲလိုက်စဉ် ခေါင်းရင်းထုတ်တန်းပေါ်မှာ ကြွက်တစ်ကောင် ဖြတ်ပြေး သွားသည်ကို မြင်လိုက်ရသဖြင့် ကြွက်ထောင်ခြောက်ကို သတိရလာသည်။ ထထိုင်လိုက်ပြီး ကြွက်ထောင်ခြောက်ကို စစ်ဆေးလိုက်ရာ ထောင်ခြောက်စာဖြစ်သည့် ထောပတ်တုံးလေးကို ကုန်လုနီးပါး လှည့်ပတ် စားသောက်သည်ကို တွေ့လိုက်ရသည်။ စိတ်ထဲမှာ မွန်းကြပ်လာသလိုတော့ ခံစားလိုက်ရသည်။ စိတ်ကြည်လင်လန်းဆန်းအောင် ကြိုးပမ်းသည့်အနေဖြင့် ဘေစင် မှာ မျက်နှာသစ်လိုက်သည်။ အလောကြီးတာကြောင့် ဆံပင်တွေပါ ရေစိုကုန်၏။ ရေစင်နေသော ကြည့်မှန်ဝါးဝါးလေးကို တစ်ချက်ပွတ်လိုက်သည်။ နှုတ်ခမ်းမွှေး ကျဲကျဲရှည်ရှည်၊ အနည်းငယ်ချွန်သော နှာခေါင်း၊ ရေစိုနေသော ဆံပင်။ မှန်ထဲမှာ ကြွက်တစ်ကောင်၏ပုံရိပ် ပေါ်လာလေသည်။

ကိုစက်ဖေ


No comments:

Post a Comment