Thursday, October 13, 2016

စံပယ်ရွက်လေး စိမ်းပါစေ




' စံပယ်ရွက်လေး စိမ်းပါစေ '
~~~~~~~~~~~~~~~~~~~
စာရေးသူ-*မြတ်လေးမောင်*
(1)
တမာပွင့်များ ဖွေးဖွေးလှုပ်ကြွေကျနေသော လမ်းမကြီးပေါ်တွင် စက်ဘီးနှစ်စီး ယှဉ်နင်းလာကြသည် ။ မောင်ဗမာ စက်ဘီးပေါ်မှ အရပ်ရှည်ရှည် အသားဖြူဖြူ ကောင်ကလေး က ခြေနင်းကို ပျင်းရိစွာ တစ်ပါတ်ချင်းနင်းနေပေမယ့် ဂျပန်စက်ဘီး အဟောင်းလေးပေါ်က ကောင်မလေး က စက်ဘီးကို ခပ်သွက်သွက် နင်းနေသည် ။ ကျူ ရှင် အပြန် အိမ်ပြန်လမ်းတစ်ဝက်လောက်အထိ လမ်းတူသော သူတို့နှစ်ယောက် ဒီလိုပဲ အတူပြန်နေကြ ။ 
စံပယ်ပွင့်လေး နဲ့ စံပယ်ရွက်ကလေးလို အဖြူ နဲ့ အစိမ်းကို ဆင်တူ ဝတ်ထားတဲ့ သူတို့နှစ်ယောက် 
နှလုးံသားမှာလည်း ဘာအရောင်မှ မခြယ်ထားတဲ့ အဖြူ သက် သက် ။ 
' စူပုတ် နင့်မလည်း နောက်ကခွေးလိုက်နေတာမို့ အဲ့လောက် ကြုးံ နင်း
နေရတာလား ဟ ' 
' မှောင်တော့မှာ မမြင်ဘူးလား ။နင်တို့တွေ စာမပြီးလို့ ဆရာမက ကျူရှင် မဆင်းပေးတာ '
မျက်မှောင်ကုတ်ကာ ဘုဆတ်ဆတ် ပြန်ဖြေသော စူပုတ် နှုတ်ခမ်းက စူပုတ်လို့နေသည် ။
လူက ပိန်ပိန် လက်ပြင်ကုန်းကုန်း လူကောင်သေးသေး ကျစ်ကျစ် ကလေး မှာ ဆံပင်က
တိုနံ့နံ့ နှင့် စူပုတ် ပုံစံက မိန်းခလေး နဲ့တူတာ ဘာမှ မရှိ ။ သူ့ ခေါင်းထဲ မှာ စာသိုက်ဖွဲ့နေသလားအောက်မေ့ရအောင် စာ ဆိုမှ စာ ။ ကျောင်းစာ မလုပ်တဲ့အချိန်မှာ အပြင်စာအုပ်တွေ တပုံတခေါင်းနဲ့ အလုပ်ရှုပ်နေတတ်တဲ့ စာဂျပိုးမ ။ 
' ငါ သွားပြီ ' 
ပြောပြောဆိုဆို စက်ဘီးကို လှစ်ကနဲချိုးကွေ့ကာ သူ့အိမ်ဘက်ဆီ နင်းသွားသော ကောင်မလေး က တမာပင်တန်းတွေနဲ့ လမ်းမကြီးကို ချန်ထားခဲ့ပြီ။မောင်ဗမာ စက်ဘီးနဲ့ ကောင်ကလေးကို ချန်ထားခဲ့ပြီ။ မြို့သေးသေးလေးကို ချန်ထားခဲ့ပြီး သူ့ဘဝရည်ရွယ်ချက်ဆီသူ ရောက်အောင် ဒုန်းစိုင်း နင်းသွားခဲ့ပြီ ။

(2)
အလုပ်ပိတ်ရက် တနင်္ဂနွေ နေ့မို့ လင်း နဲ့ နှင်း မောင်နှမ နှစ်ယောက် စာအုပ်ကိုယ်စီဖြင့်
အေးအေးဆေးဆေး စာဖတ်ရင်း အနားယူနေကြသည် ။ 
' ငါ ဖြင့် တမာပန်းတွေ ဖွေးလှုပ်နေအောင် ပွင့်တဲ့ အချိန်တိုင်း အိမ်ပြန်ချင်တယ် ။သိလား
လင်း ။ ဆိုင်ကယ်တွေ ကားတွေ မစီးပဲ ငါတို့မြို့ရဲ့ လမ်းတွေပေါ် တမာပင်တန်းတွေအောက်မှာ စက်ဘီး စီးချင်တယ် ' 
' ပြီးတော့ စံပယ်ပန်းကုးံတွေတွေ့ရင် စံပယ် ခက်တွေ တွေ့ရင် ငါတို့ အဖြူ အစိမ်းလေးတွေနဲ့ ကျောင်းသားဘဝ ကို လွမ်းတယ် '
' အင်း'
'စံပယ်ရွက်လေးတွေက ချစ်စရာကောင်းတယ် လင်းရဲ့ ။ငါအခုဖတ်နေတဲ့ ညီမွန် ရဲ့ ကဗျာထဲကလိုပေါ့ 
သူပျော်နေရင် ကိုယ်ကြည်နူးမယ် 
ကိုယ်က အရွက်ကလေးမို့ 
အရွက်ကလေးလို နေပါတယ် 
ကျောင်းဝတ်စုံလေးလိုပေါ့ သူက စံပယ်ပွင့် 
ကိုယ်က သူ့ဘေးနားမှာ အရွက်ကလေးပါပဲကွယ် တဲ့ ။ ခေါင်းစဉ် က သူငယ်ချင်း တဲ့ ဘယ်လောက်လှလဲ ' 
' အင်း' 
' ဟဲ့ လင်းရဲ့ ဒီမှာ ကဗျာလေး ဘယ်လောက်လှလည်း နားမထောင်ပဲနဲ့ အင်း အင်း နဲ့ ။နင်ဟာလေ ခံစားတတ်တဲ့ နှလုးံသားမပါဘူးလား ' 
' ဟာ နှင်း က တစ်မျိုး ။ တစ်ချိန်လုးံလုးံ တစ်ဘဝလုးံလုးံ ကဗျာဆန်ချင်နေလို့ မရဘူး နှင်း ။ ဒီမှာ ငါ လက်တွေ့ဘဝထဲ အသုးံကျမယ့် စာတွေ ဖတ်နေတယ် ။နားထောင် ငါ ဖတ်ပြမယ် ။ 
'အတွေး အခေါ်မဲ့သောသူသည် အတောင်မဲ့သော ငှက်နှင့် တူ၏ '
' ချစ်နေသော အခါ ကျွန်ုပ်တို့သည် အယုံကြည်ရဆုးံ အရာကိုပင် သံသယဝင်လာတတ်သည် '
ဒါတွေ က ဘယ်သူပြောခဲ့တာလည်း မသိပေမယ့် သိပ် အဓိပ္ပာယ် ရှိတယ် ။
ဒီတစ်ခုက ဂျော့ မက္ကဒေါ်နယ်က ပြောခဲ့တာ 
''အယုံအကြည်ခံရခြင်းသည် ချစ်ခင်ခံရခြင်းထက် ကျေနပ်ဖွယ်ကောင်း၏''တဲ့ ။
လင်း ပြောနေတဲ့ ဒဿ န တွေကို စူပုတ်ပုတ် မျက်နှာပေးနှင့် နားထောင်နေသော နှင်းက ဟက်ဟက်ပက်ပက် ထ ရယ်သည် ။ 
' နေစမ်းပါဦး လင်း ရာ ။ ဘာ ဒေါ်နယ် အဲ့ဒီလူကြီးလည်း ငါမသိပါဘူး။ဒေါ်နယ်ဆို ငါဖြင့် ဒေါ်နယ်ဒတ်ခ် တို့ မက်ဒေါ်နယ် တို့ပဲ သိတယ် ။ သူပြောတာဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ငါဖြင့် ဒဿ န တစ်ခုခု ဆို ဦးနှောက်ထဲရောက်အောင် ရင်ထဲရောက်အောင် မနည်း ကြိုးစားရတယ် ။ ငါ က ဘာစာဖတ်ဖတ် ရသလေး ပါမှ နူးနူးညံ့ညံ့လေးမှ ရင်ထဲ ရှောရှောရှုရှု ရောက်တာဟဲ့ ။ ဘဝ အတွေ့အကြုံနဲ့ မနီးစပ်တဲ့ ဒဿ န တွေကို အတုးံလိုက် အတစ်လိုက် လက်ခံလိုက်ဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်တယ် ။ '
'သူငယ်ချင်းလေး ပါပဲ ။သူငယ်ချင်းလေး ပဲတဲ့ကွယ် -------'
ဖုန်းမြည်သံ က ငြင်းခုန်ဆွေးနွေးလို့ ကောင်းနေတဲ့ နှင်းတို့ မောင်နှမ နှစ်ယောက်ရဲ့ အားလပ်ရက် တနင်္ဂနွေ စကားဝိုင်းကို နှောင့်ယှက်သည် ။ 
'ဟယ်လို ' 
' ညည်း နာမည် မိကေ ဟုတ်လား '
' ဟုတ်ကဲ့ အခုပြောနေတာ ဘယ်သူပါလဲ အမ '
'ငါ့ နာမည် ယင်းမာ မသိရင်မှတ်ထား ။ငါ့ယောက်ျားနဲ့ မပက်သက်နဲ့ ။ ညည်း ယူစရာ ယောက်ျား မရှားပါဘူး ၊ --------- ။ ------------- ။ ' 
ပြောချင်တာပြောပြီး ဖုန်းချသွားပေမယ့် ဖုန်းလက်ခံရသူရင်ထဲ ဒေါသမီးက တငွေ့ငွေ့
လောင်ကျန်ခဲ့ပြီ ။ ဒါ ဖုန်း မှားဆက်တာ ။အို ဘယ်ဟုတ်ပါ့မလဲ နှင်း ရဲ့ လူအခေါ်နည်းတဲ့ နာမည်ကို တိတိကျကျ မေးပြီးမှ ပြောတာပဲ ။ နေစမ်းပါဦး ဒီ အမျိုးသမီးရဲ့ ယောက်ျား ဆိုသူ အမျိုးကောင်းသားက ဘယ်သူများပါလိမ့် ။ ခပ်ကြောင်ကြောင် မိန်းမ တစ်ယောက်ရဲ့ ရန်စကားဆိုတဲ့ ဖုန်းခေါ်သံ တစ်ခုကြောင့် တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေလာခဲ့သော နှင်းဘဝမှာ မဟုတ်ပါပဲလျက် စွပ်စွဲခံရခြင်းဆိုသော အပူမီးက အရှိန်ပြင်းပြင်း ဟပ်လေပြီ။

(3)
' နှင်း ဘာဖြစ်တာတုန်းဟ ။ ဖုန်းပြောပြီး မျက်နှာက မသာမယာနဲ့ ' 
' ငါ့ကို မိန်းမ တစ်ယောက်က သူ့ယောက်ျားနဲ့ မပက်သက်နဲ့တဲ့ ' 
' ဖုန်းမှားတာ နေမှာပေါ့ ။ ဘယ်သူတုန်း သူ့ယောက်ျား က '
' ငါ့နာမည်ကို သေချာ ခေါ်တဲ့ဟာ ဖုန်း မမှားဘူး ။ သူ့ယောက်ျားဘယ်သူလည်း ငါလည်း မသိဘူး ဒုက္ခ ပါပဲ စွပ်စွဲခံရတာ မုန်းစရာ ။ သုတ ဆိုလား ဘာလား သေချာတော့ မကြားလိုက်ရဘူး ။ ငါ့ အသိထဲ မရှိပါဘူးဟ ' 
' ဒါဆို ဒီမိန်းမက ဘယ်သူတုန်း ' 
' ယင်းမာ တဲ့ ။ နင်သိလား ။ငါတော့ မသိဘူး ' 
' နှင်း ရာ နင့်မလည်း ဘုမသိ ဘမသိနဲ့ '
' ဟဲ့ မသိလို့ပေါ့ လင်းရဲ့ ။ ငါ က မရိုးမသား ပက်သက်ချင်လှချည် ရဲ့ ဆိုပြီး ဘယ်သူ့ယောက်ျား ကို လိုက် ပက်သက်နေတာမှမရှိပဲနဲ့ ။ဘယ်သူလဲ သိလို့ကတော့ ကောင်းကောင်း ကောပြီပဲ ။ ငါ ဘယ်လိုနေထိုင်တယ်ဆိုတာ အားလုးံအသိပဲ ။ ငါ လူတွေကို ဖြူ ဖြူ စင်စင် ပဲချစ်တတ် ခင်တတ်တယ် ။ ငါ တတ်နိုင်သမျှ ကူညီတယ် ။ငါ့ ချစ်သူကလွဲပြီး ဘယ်ယောက်ျားတစ်ယောက်ကိုမှ အရောင်ပါတဲ့ အကြည့်နဲ့ မကြည့်ဖူးဘူး ။ ပေါင်းမဖြစ်ဘူး ထင်ရင် အပေါင်းအသင်း မလုပ်ပဲ ထားလိုက်တယ် လေ ။ ဒီလောက်ရှင်းနေတဲ့ဟာ ' 
' အေးလေ အဲ့ဒါ ငါပြော တာပေါ့ သံသယ ဆိုတဲ့မီးဟာ ----'
' တော်ပါတော့ ကိုဒဿ န ရယ် ငါဖြင့်ဒေါသထွက်လို့ သေတော့မယ် ။နင့် ဒဿ နတွေ ခဏ ထားလိုက်ဦး ကိုယ်ကောင်း ခေါင်းဘယ်မရွေ့ဆိုတဲ့ စကားပုံသာ စာအုပ်ထဲက ဆွဲဆုတ် ပြစ်ချည် လင်း ရေ ။ကိုယ်ကောင်းပေမယ့်လည်း ခေါင်း က ရွေ့သွားပြီ ' 
အရေးမပါတာတွေထားလိုက်စမ်းပါဟာ နင်ဒေါသထွက်တာနဲ့ မြန်မာစကားပုံဆိုရိုးစကားစာအုပ်တော့ ငါ ဆုတ်ဖြဲမပစ်နိုင်ပါဘူး ပြန်ပြောကာ ရယ်နေတဲ့ လင်း ရဲ့ ရယ်သံတွေ ကြားမှာ နှင်း ရဲ့ မျက်နှာက ဒေါသကြောင့် တွတ်တွတ်နီနေလေပြီ ။ 

(4)
တမာပင်ကြီးတွေက သိပ်အမှိုက်ရှုပ်တာပဲ ။ဒီမြို့မှာ တမာပင်တွေ မရှိတဲ့လမ်းဆိုတာရော ရှိရဲ့လား ။ မောင် အမြဲဖွင့်ထားနေကြပြတင်းတံခါးကနေ တမာပွင့်ကြွေတွေရော တမာရွက်တွေရော ဖုန်တွေသဲတွေရော အခန်းထဲ ဝင်ကာ ရှုပ်ပွလို့နေသည် ။ ဒီနေ့ မောင်လူပျိဘဝကတည်းကနေခဲ့တဲ့ အိပ်ခန်းကို ယင်းမာ ရှင်းပေးနေရတာ လက်မောင်းတောင် အောင့်နေပြီအပျိုဟိုင်းကြီး အရွယ်ရောက်မှ မောင်နဲ့တွေ့ကာ ယူဖြစ်ခဲ့သည်မို့ မောင့် ကို ဆို အမြဲစိတ်မချ ဖြစ်နေမိသည် ။ မောင်က ဖြူ ဖြူ နွဲ့ နွဲ့ ပိန်ရှည်ရှည် လူက ရိုးရိုးအေးအေး နဲ့ လူတိုင်းနဲ့ခင်ခင်မင်မင်နေတတ်သည်။ ဒီခေတ် မိန်းမတွေက ဆတ်စလူး ခပ်ထ ထ နဲ့ သိပ်ယုံရတာမဟုတ်။ နှစ်ယောက်စလုးံ အစိုးရဝန်ထမ်း ဘဝ မှာ မောင်တစ်ရွာ မယ်တစ်မြို့နဲ့ ခွဲနေရတာ မလွယ် ပေမယ့် သားလေး ငါးနှစ်အထိ ဒီလိုပဲနေခဲ့ရသည် ။မောင့်ကို လည်း စိတ်မချ ။ ပိတ်ရက်တွေဆို မောင့် ဆီ လိုက်ရ ။ မောင်က ယင်းမာဆီ ပြန်လာရနှင့် ခက်ခဲလို့နေသည် ။ မျက်စိအောက်က အပျောက်မခံချင်ရသည့်အထဲ ခွဲနေရပြန်တော့ ယင်းမာ ဘယ်မိန်းမ နဲ့မဆို မောင့်ကို သဝန်တိုမိသည် ။ အမယ် ဒီ ကုတင်အောက်က စာအုပ်သေတ္တာကလည်း ကြွက်ဝင် ကိုက်တော့မယ် သေချာမပိတ်ထားဘူး။ စာအုပ်သေတ္တာ ကို ဆွဲအထုတ်လိုက်မှာတီးလုးံသံမည်နေတဲ့ ကဒ်ပြားတစ်ခု ဖုန်အလိမ်းလိမ်းပေပွနေသော ကဒ်ဘူးလေးထဲမှ ထွက်ကျလာသည် ။ 
သူငယ်ချင်း အတွက် 
မှ 

အမလေး ကွင်းစကွင်းပိတ်နဲ့ အမှတ်တရ ဆိုပဲ ။ ယောကျာ်းလေးတစ်ယောက်ကို အမှတ်တရလက်ဆောင်ပေးတဲ့မိန်းမ ပျံတန်တန် နန့်တန့် တန့်  နဲ့သူများယောက်ျား ကြောင်တောင်နှိုက်ချင် နှိုက်မှာ ။ ပေါ့ပျက်ပျက်မိန်းကလေးတွေက ဒီိလိုပဲ ယောက်ျားဆိုပြီးရော ရည်းစားရှိလည်းဂရုမစိုက် မိန်းမရှိလည်း ဂရုမစိုက် အရှက်မရှိ ပတ်သက်ချင်ကြတာ ။ဒီကဒ်လည်း ဘယ် ဆတ်စလူးမက ပေးထားလို့ နှစ်ပေါင်းများစွာ ကြာအောင် သိမ်းထားရသလဲ မသိ ။မောင့် ကိုတော့ နုပ်နုပ်စင်းချင်လာမိသည် ။ ဒီမိန်းမကရော အခုထိ လွတ်ကင်းရဲ့လား မသိ ။ အတော် ထူပူ လာသော စိတ်ဖြင့် သံသယ မီးပွားတစ်ခုကို ပျိုး မိလေပြီ။ ။ ယင်းမာ နောက်တစ်နေ့ အစောကြီး အိပ်ရာထသည် ။ မောင် အိပ်ရာမနိုးခင် မောင့်ဖုန်းထဲ မွှေနှောက်ကြည့်သည် ။ ဖုန်းနံပါတ်တွေထဲမှာ K ဆိုသည့် စကားလုးံကို တွေ့လိုက်ရချိန်မှာတော့ ယင်းမာ ရင်ထဲက သံသယမီးပွားက မီးဟုန်းဟုန်းတောက်လေပြီ ။ ဖုန်းနံပါတ်ကို သေချာ မှတ်ထားလိုက်သည် ။ ဒီကိစ္စ ကို မောင်မသိအောင် ဖုန်းဆက် ဖြေရှင်းရမည်။ ယင်းမာ ကိုတော့ လာစမ်းလို့မရ ။အကုန် မီးပွင့်သွားမည် ။ ရည်းစားလူလု အူနု ကျွဲခတ် ဆို လင်တော်မောင် လာလုခံရ တာက အူတစ်ခွေလုးံ မီးမြိုက်ခံရသည်နှင့်မခြား ပူလောင်လွန်းလှသည် ။ ဖြစ်နိုင်သည် မဖြစ်နိုင်သည် ဟုတ်သည် မဟုတ်သည်တွေ ယင်းမာ မသိတော့။

(5)
' လင်း ငါ မသိတဲ့ ဖုန်းနံပါတ်တွေနဲ့ ယင်းမာ ဆိုတဲ့မိန်းမ ငါ့ကို ပြောဆိုနေတာတွေ ဒီရက်ပိုင်း သိပ်များနေပြီ သိလား '
'သည်းခံပါ နှင်းရာ ။ ကိုယ်မှ မဟုတ်တာ ဘာမှ မလုပ်ပဲ ။ ကိုယ့်လမ်းကိုယ်လျှောက် ဘာမဟုတ်တာတွေနဲ့ ဦးနှောက်ခြောက် မခံနဲ့ ' 
'နေစမ်းပါဦး လင်းရဲ့ ဒီမိန်းမ ကို ငါတစ်ခုခု ပြောလိုက်ရမှ ကျေနပ်မယ် ၊ ဖုန်းတွေက ပြန်ဆက်လို့လည်းမရ ။ မြို့ ကို ပြန်လာခဲ့စမ်း ငါနဲ့တွေ့မယ် ဆိုတာမျိုးတွေ ။ တခြားစော်ကားတာတွေ ငါ့ သိက္ခာကို တကယ်ထိပါးတယ် ။ ဒီမိန်းမ ငါတို့မြို့မှာ နေတာတော့သေချာတယ် ။ နှင်းကေသရာ ကိုများဘယ်လိုမိန်းမစား ထင်နေလည်း မသိ ' 
' မလုပ်စမ်းပါနဲ့ဟာ။ နင်ဟာလေ ငယ်ငယ်ကတည်းက မဟုတ်မခံဘူး ရန်ဖြစ်မယ်ဆိုတာချည်းပဲ ။နည်းနည်းလည်း လူကြီးစိတ်မွေးဦး ။ ကြည့်ရတာ နင့်ကို ဘယ်လိုလူမှန်းတောင် သိတာမဟုတ်ဘူး။ ရန်ဖြစ် မနေနဲ့ ။ နင်လည်း အခုထိ ယင်းမာ ဆိုတာ ဘယ်သူ့မိန်းမ မှန်း မသိပဲနဲ့။ နင် ဖုန်းပြောတုန်းက သုတ လို့နားကြားမှားတာလား ဟိုကောင် သူရ ဖြစ်နေဦးမယ် ။ '
' လင်း ရဲ့ ငါ ဆယ်နှစ်ကျော် ၁၅ နှစ်နီးပါး ဘယ်ရောက် ဘယ်ပေါက်ပြီး ဘာလုပ်နေမှန်း မသိတဲ့ သူငယ်ချင်း သူရ နဲ့ ငါ့ကို သူ့မိန်းမက ဘာစွပ်စွဲစရာလည်း ။ ဒီကိစ္စ ငါ ရှင်းမယ် ' 
' နင့်ကို အရင်က သူရက ကြိုက်ခဲ့တာလား ' 
' ချစ်ပါတယ် တစ်ခါမှတောင် မပြောဘူးဖူး ' 
' နင်က စိတ်ဝင်စားခဲ့တာလား နှင်းရဲ့ ' 
' ဘုရားစူး မိုးကြိုးပစ် တစ်ခါမှကို စိတ်မကူးခဲ့တာပါ လင်းရယ် ။ငါ့စိတ်လည်း နင်အသိပဲ။ဘယ်သူ့မှ စိတ်မကူးခဲ့ဘူး ။ဘွဲ့မရမခြင်း ရည်းစားမထားပါဘူး ဆိုတဲ့ အမေ့ကိုပေးထားတဲ့ ကတိတည်ခဲ့တာပဲ ။
' တစ်ခုခုတော့ ရှိပါလိမ့်မယ် နှင်း ရာ '
' ဘာတစ်ခုခု မှ မရှိဘူး ။ ငါ့ဆီက သူ ရဖူးတာဆိုလို့ မွေးနေ့မုန့်ကျွေးလို့ လက်ဆောင်ပေးလိုက်တဲ့ သံစုံမြည်တဲ့ ကဒ်တစ်ခုပဲရှိမယ် ' 
'ဟုတ်လား ။ဖြူ ဖြူ စင်စင် ခင်ခင်မင်မင် စံပယ်ပွင့် နဲ့ စံပယ်ရွက်ပေါ့လေ'
'အေးလေ ။ သူရ ဘာလုပ်နေမှန်း ဘယ်ရောက်နေမှန်း ဘာဖြစ်နေမှန်းတောင် ငါမသိဘူး '
' ခွင့်လွှတ်လိုက်ပါ နှင်းရဲ့ ။ '
' အို ခွင့် မလွှတ်နိုင်ပါဘူး လင်း ရဲ့ ။ ငါ့ဘက်က ဘာအမှားမှ မရှိပဲနဲ့ ။မျက်နှာချင်းဆိုင်သာ တွေ့စမ်းပါစေ ငါ ကောင်းကောင်း ပွဲကြမ်းမှာ ။ ဒီနှစ်တော့ ငါတို့မြို့ကို ပြန်ဖြစ်အောင် ပြန်ကြမယ် သိလား လင်း ။'

(6)
တမာပင်တန်းကြီးတွေအောက် ဆိုင်ကယ် ဖြတ်စီးလာ ရင်းငယ်သူငယ်ချင်းတွေ ကို ငါ မတွေ့ဘူးတာ အတော်ကြာပြီလို့ သူရတွေးမိသည် ။ဟော့ဒီ လမ်းတွေပေါ်မှာ စက်ဘီးလေးတွေရှားသွားပြီဆိုတာ မိကေကတော့ သိမှာမဟုတ် ။ ဒီနှစ် ဆရာကန်တော့ပွဲမှာတော့ ငါတို့သူငယ်ချင်းတွေအားလုးံ ဆုံကြမှာပဲ ဆိုတဲ့ အတွေးနဲ့ မောင်ဗမာ စက်ဘီးကနေ တရုတ်ဆိုင်ကယ်ပြောင်းစီးနေတဲ့ သူရ ပျော်နေမိသည် ။ကြာဆို သူရ ရဲ့ သားလေး သူငယ်တန်း တက်နေတဲ့အထိ တောင် အချိန်တွေ ရှေ့ကို ရွေ့လျားခဲ့ပြီလေ ။ ဒီတစ်ခါ ဆုံမှ သူငယ်ချင်းတွေအားလုံးရဲ့ ဖုန်းနံပါတ်တွေ တောင်းရဦးမည် ။ စူပုတ်မ မိကေ ဖုန်းနံပါတ်ကတော့ ဟိုတလောက သူ့အဒေါ်ဆီက ရလို့ မှတ်ထားပြီးပြီ။လေလေးတချွန်ချွန်နဲ့သားတော်မောင်ကိုပုခုးံပေါ်ထမ်းပြီးအိမ်ထဲဝင်လာတဲ့သူရတစ်ယောက်အိမ်ထဲရောက်တာနဲ့ မိန်းမ လုပ်သူ၏ ပုလိပ်စစ် စစ်တဲ့မေးခွန်းနှင့် တန်းတိုးသည် ။
' မောင် ။ မောင့်သူငယ်ချင်းထဲက K ဆိုတာ ဘယ်သူတုန်း '
' ဟေ အေး ။ K ဘာကေ တုန်း ။ မိကေလား ။K တွေတော့ အများကြီးပေါ့ မိန်းမရ ။ကေသီ ကေသွယ် အများကြီးပေါ့ မောင်တို့အတန်းတူတွေထဲမှာ ။ ဒီနေ့ပဲ မောင် မိကေ ကို သတိရနေသေးတာ ။ မောင်တို့နဲ့ တစ်နှစ်ထဲပဲလေ ။ အဆက်အသွယ် မရတာတောင်ကြာပေါ့ ။ မိန်းမ က ဘယ်လိုလုပ် မိကေ ကို သိတာတုန်း ' 
' ဘာ သတိရနေတာ ဟုတ်လား ' 
အဆက်အသွယ်မရဘူး ဗြောင်လိမ်သေးတယ် ။ ဖုန်းနံပါတ်တစ်ခုလုးံ ဖုန်းထဲမှာသိမ်းထားပြီး ခပ်တည်တည် လှိမ့်နေတယ် ။ ကွယ်ရာမှာ ဘယ်နှစ်ခါ ဖုန်းပြောပြီး ကျိတ်ပုန်းခုတ်နေကြလဲ မသိ ။ ဒါဆို အခုချိန်ထိ ဒီကောင်မနဲ့ မပြတ်နိုင်ကြသေးဘူးပေါ့လေ ။ ခေါ်ပုံကိုက ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ။ခက်ရ ချည်ရဲ့ မောင် ရယ် ။ 
မျက်ရည်တွေ စီးကျပြီး ငိုကြီးချက်မနဲ့ အိမ်နောက်ဖေး ဝင်သွားပြီး ကဒ် ပြားတစ်ခုကို ဆုတ်ဖြဲနေတဲ့ မိန်းမကြောင့် အူတိအူကြောင် ဖြစ်မိသည်။မိန်းမလက်ထဲက ကဒ်ပြားလေးခမျာလည်းဆုတ်ဖြဲခံနေရတာတောင်မှ Happy birthday တေးသံသာက ထွက်နေတုန်း ။ ဘယ်က ကဒ်ပြားလည်းမသိ။ သူရ က ငယ်ငယ်ကတည်းကလူတစ်မျိုး ကိုယ်မသိတဲ့ဟာ ကိုယ်မရှင်းတတ်တဲ့ဟာ ဆိုကိုယ်နဲ့လည်း မဆိုင်ပါပဲနဲ့ အပြစ်တင်ခံရလည်း ခပ်အေးအေးနေတတ်သူ ။ မိန်းမဆိုတာမျိုးကလည်း ဒီလိုပဲ ဘာမဟုတ်တာတွေ လိုက်ရန်ရှာနေရမှ အိပ်ပျော်စားဝင်တာကိုး။ ဒါမျိုး ထူးဖြေရှင်းနေရကောင်းစေလည်း သူရ မအောက်မေ့ ။ ဘောလုးံပွဲကြည့်တာ ညနက်လည်း ရန်ရှာခံရ ။ လက်ဖက်ရည်ဆိုင်ထိုင်တာကြာလည်း ရန်ရှာခံရ ။ ရုးံက စာရေးမတွေနဲ့ စကားကြာကြာပြောရင် ရန်ရှာခံရ ။ အကြောင်းအရာ ကိုစုံလို့ ။ မရိုးရဘူး ။ ခုလည်း ဘာစိတ်ကူးပေါက်ပြီး မိကေ အကြောင်းပြု ငိုနေပြန်သလည်း မသိ။ ဟိုကဖြင့် သူငယ်ချင်းတွေကို ကဗျာတစ်ပုဒ် စာတစ်အုပ်လောက်တောင် အဖက်မလုပ်တတ်တဲ့ စာဂျပိုးမ ။ အခါတိုင်းကိစ္စတွေဆို ပြဿ နာရှာ ခဏပေမယ့် ဒီတစ်ခါတော့ တစ်ရက်နဲ့ မပြီး နှစ်ရက်နဲ့မပြီး လချီပြီး တရှုံ့ရှုံ့ ငိုလိုက် ပေါက်ကွဲလိုက်ဆိုတော့ သူရ လို လူအေး တောင် စိတ်မရှည်ချင် ။ကိုယ်လည်း ဘာမှလုပ်မထားပါပဲနဲ့ ဘာကို ဖြေရှင်းစေချင်နေမှန်း မသိ ။ စိတ်ကူးပေါက်တိုင်း မိကေ က ဘာအလုပ်လုပ်တာလဲ ။ မိကေ က အခုဘယ်မှာနေတာလဲ ။ မိကေ က ယောက်ျားရပလား လာလာ မေးနေတော့ သူရ ရူးတောင် ရူးချင်လာသည် ။ စိတ်ပေါက်ပေါက်နဲ့ငါလည်း မသိဘူးဟေ့လို့ ခပ်ပြတ်ပြတ် ခပ်မာမာ ပြောပြီး မိန်းမ က ထုနှက်နေတာကို ဘာရယ် ညာရယ် ထပ်မေးမနေပဲ ထပ်ဖြေရှင်း မနေပဲ ပေပြီး အထုအနှက်ခံနေလိုက်သည်။အိမ်ပြန်လာတိုင်း တဂျီဂျီ တပူပူ လုပ်နေသော မိန်းမကြောင့်
အိမ်ပြန်ဖို့တောင် သူရ ခြေလှမ်းတွေ နှေး တတ်လာသည်။

(7)
မြစ်ပြင်ဘက်က လာသောလေက တသုန်သုန်တိုက်ခတ်နေသည် ။ ကျောင်းဝန်းထဲက တမာပင်ကြီးတွေမှာ အပွင့်တွေ ဖွေးလှုပ်နေအောင် ပွင့်လို့ ။ ကျူ ရှင်နဲ့ ကျောင်းနဲ့ အမြဲ စက်ဘီးနဲ့ကူးသန်းခဲ့ရာ လမ်းတစ်လျှောက်မှာ လည်း တမာရိပ်တွေ တမာရနံ့တွေ သင်းပျံ့နေသည် ။ ကျောင်းဝန်းထဲက ဆရာမတွေရဲ့ ဆံထုးံထက်မှာ ကျောင်းသူလေးတွေရဲ့ ဆံကေသာတွေမှာ စံပယ်ခက်ကလေးတွေ စံပယ်ကုးံကလေးတွေ ဝေလို့ ။ဖြူစိမ်းကြား အသွေးတူ အရောင်တူ စိတ်ဓါတ်ဖြူဖြူ စံပယ်ပွင့်နဲ့ စံပယ်ရွက်လိုခလေးလေးတွေလည်း ကျောင်းထဲမှာ အပြည့် ။ဆရာကန်တော့ပွဲအတွက် မြို့ကလေးကို အလည်ပြန်ရောက်တုန်းဘာရယ် မဟုတ် ကျောင်းဝန်းထဲ လျှောက်ကြည့်နေမိသည့် လင်း နဲ့ နှင်း သူငယ်တန်း အဆောင်ရှေ့ရောက်လာသည် ။နှင်း ခန္ဓာကိုယ်လေး ပိန်သွယ်သွယ်မှာ အညိုပေါ် နံ့သာရောင်ဖောက်ထားတဲ့ ချိတ်လုံချည်နဲ့နံ့သာရောင် ရင်ဖုးံလေးနဲ့ ဖြူစင် ကြည်လင် ကာ ဣနြေ္ဒ ရရ လှနေသဖြင့် လင်းကအကျည်းတန် မှန်ကြိုက်မ ဒီကနေ့ အလှပြင်ထားတယ် ဟု တစ်လမ်းလုးံ စ လာသည် ။ 
'ဒီမောင်နှမ နှစ်ယောက် ဘယ်လဲဟေ့ '
ဆိုသည့် အသံ နှင့် အတူ နှင်းတို့လှည့်ကြည့်မိရာ နေရာမှာ နှင်းတို့ ငယ်ငယ်က သိပ်ချစ်ရတဲ့ဆရာမ နှင့် ငါးနှစ်အရွယ် ပိန်ပိန်ရှည်ရှည် အသားဖြူ ဖြူ ကောင်ကလေး တစ်ယောက် ၊ကိုယ်လုးံကိုယ်ထည် ခပ်တောင့်တောင့် နဲ့ အမေဖြစ်ဟန်တူသူ တစ်ယောက် ။ 
' နှင်း က သူရ နဲ့ အတန်းတူပဲ ယင်းမာရဲ့။ ဒါ သူရ မိန်းမ ယင်းမာတဲ့ ။ ယောင်နောက် ဆံထုးံပါ ။နင်တို့သူငယ်ချင်းနဲ့ရပြီး တို့မြို့ပါလာတာ ။ သူ့သား ကို ကျောင်းလာကြိုတာလေ '
ဒိန်း ကနဲ နှင်း နားထင်ဆီမှာ ဒေါသသွေးတို့ ဆောင့် ခုန် လာသည် ။ လက်ဖျားတွေအေးစက်လာပြီး နှင်းရင်ထဲက ဒေါသစိတ်ကို နှင်း အနိုင်နိုင် ထိန်းနေရသည် ။ဒီမိန်းမ က တစ်ချိန်လုးံ ဖုန်းတွေဆက်ပြီး စိတ်ဒုက္ခပေးနေတဲ့မိန်းမ။ လက်စသတ်တော့ သူရ မိန်းမ ကိုး ။ လင်း ထင်တာမမှားဘူး ပဲ။
'ကျွန်မ နာမည် နှင်းကေသရာ။သူရ အပါအဝင်ပေါ့လေ ငယ် သူငယ်ချင်းတွေက မိကေ လို့ခေါ်ကြတယ် မယင်းမာ ' 
နှင်းစကားသံအဆုးံမှာ ဆတ်ခနဲ အထိတ်တလန့်ဖြစ်သွားတဲ့ မယင်းမာကို နှင်း နှစ်လိုဖွယ် စိုက်ကြည့်ပြုးံပြလိုက်တော့ အထင် နှင့် အမြင် လွဲ၍ ဘာပြန်ပြောရမှန်း မသိဖြစ်နေသော ခပ်အမ်းအမ်း မျက်နှာပေးကို နှင်း မြင်ရသည် ။ မယင်းမာ ပုံဖော်တွေးထားမည့် သူများ အိမ်ထောင် သူများ မိသားစု ဝင်နှောင့်ယှက်နေသည့် ပျက်စီးနေသည့် မိန်းမတစ်ယောက် ဆိုသော အထင်ကို နှင်းမျက်လုးံ ထဲက ဆင်ခြင်ဥာဏ်ရှိသောအကြည့် တစ်ခုဖြင့် ယဉ်ကျေးနှစ်လိုဖွယ် လိပ်ပြာလုံသော အပြုးံဖြင့် အလဲထိုးနိုင်ပါသည်။ 
'ကြုံလို့ပြောရဦးမယ် ဆရာမရဲ့ နှင်း ဖြင့် ဘယ်ငယ်သူငယ်ချင်းနဲ့မှ အဆက်အသွယ် မရှိတော့တာ ဆယ်တန်းအောင် ကတည်းက ။ တခြားသူတွေ ဘာလုပ်နေတယ် ဘယ်ရောက်နေတယ် ဆိုတာလည်း မသိဘူး ။ သိလည်း မသိချင်ဘူး ။ကိုယ့်ဘဝနဲ့ ကိုယ့်အလုပ်နဲ့ ကိုယ့်ဝါသနာ နဲ့ဘယ်သူ့အကြောင်းမှ ခေါင်းထဲ မထည့်နိုင်ဘူး ။'
'ယုံတယ် သမီးရေ ။ နှင်းက ငယ်ငယ်ကတည်းက ကိုယ့်အာရုံနဲ့ကိုယ် နေတတ်တဲ့ ခလေး ။
တခြားသူတွေနဲ့ သိပ်ရောနှောတတ်တာ မဟုတ်ဘူး ။စာသင်တဲ့အရွယ်မှာရည်းစားလည်းမထား ။ ယောက်ျားလေးတွေလည်း စိတ်မဝင်စား သိပ် ကင်းကင်းရှင်းရှင်းနေတတ်တာ ။သူ က စာဆိုမှစာ တခြားဟာ စိတ်မဝင်စားဘူး ။ပြောရင်း ဆိုရင်း နင်တို့ သူငယ်ချင်း သူရ လာနေပြီ ဟိုမှာ ၊ ဆရာမ အတန်းဝင်ချိန်နီးလို့ သွားပြီ '

(8)
' ဟဲ့ သူရ ငါ မိကေလေ မှတ်မိလား '
' အောင်မာ ဘာမမှတ်မိစရာလည်း မိကေ က အရင်လို ရုပ်မဆိုးတော့ပေမယ့် စူပုတ်တုန်းပဲဟာ နော် လင်း ။ '
' နှင်းလို့ပဲ ခေါ် ခေါ် ။ မိကေ လို့ပဲ ခေါ်ခေါ် သူက အမြဲ စူပုတ်ပုတ်လုပ်နေတော့ မမှတ်မိစရာ မရှိဘူးပေါ့ကွာ'
စကားဝိုင်းဘေးမှာ ကျောက်ရုပ်လို အတောင့်သားရပ်နေသော မယင်းမာ မျက်နှာကို နှင်းသေသေချာချာ ကြည့်မိသည် ။ လူကွယ်ရာမှာ တယ်လီဖုန်းလိုင်းထဲကနေ ငါးစိမ်းသည်လို ရင်ထုပြီး လင်လုနေတတ်တဲ့ စကားသံ ခပ်ကြမ်းကြမ်းတွေ ထွက်ကျရာ သူ့နှုတ်ခမ်းလွှာ က အခုတော့ အသံတိတ် နှုတ်ဆိတ်လို့နေသည် ။ 
' ငါ့ဘာသာ စူစူ ပုတ်ပုတ် နင့်အပူမပါပါဘူး သူရ ရဲ့ ။ နင့် ဆီမှာ ငါ့ဖုန်းနံပါတ်ရှိတယ် မဟုတ်လား '
နှင်းစကားသံ အဆုးံမှာ သူရမျက်နှာကို မယင်းမာ ထိတ်ထိတ်ပျာပျာ စိုက်ကြည့်နေတာ နှင်းတွေ့သည် ။ လင်း ကလည်း ငယ်ငယ်ကလို မဟုတ်မခံ ပဲ ပွဲကြမ်းတော့မှာလားလို့ နှင်းမျက်နှာကို စိတ်ပူစွာလှမ်းကြည့်သည် ။ 
' ရှိတယ် ဆိုတာ ဟိုတလောကမှ နင့်အဒေါ် နဲ့လမ်းမှာတွေ့လို့ မေးပြီး မှတ်ထားတာဟ '
' အေး အေး ။ ငါ့ ဖုန်းနံပါတ် နင့်မှာ ရှိတာ ငါ သိတယ် ။ နင်တစ်ခါမှ မဆက်ပေမယ့် နင့်မိန်းမ ငါ့ကို ခဏ ခဏ ဆက်တယ် ' 
'ဟင် '
သူရ ရဲ့ အာမေဋိတ်သံဟာ ကျယ်လောင်စွာ ထွက်ကျလာသည် ။ 
' သွားဦးမယ် သူရ နဲ့ မယင်းမာ ။ လင်နဲ့မယား တစ်ဦးအပေါ်တစ်ဦး သံသယကင်းကင်းနဲ့ ပတ်ဝန်းကျင်ကို အမြင်ရှင်းရှင်းထားနိုင်တဲ့ ပျော်ရွှင်တဲ့ မိသားစုလေး တည်ဆောက်နိုင်ကြပါစေ' 
ဒီစကားလေးတစ်ခွန်းလောက် နဲ့ ဒီကိစ္စ အဆုးံသတ်ပါစေတော့ရယ်လို့ နှင်းရဲ့ ဒေါသကို မြူ မှုန်တစ်စ မကျန်အောင်ချေဖျက်ပြီးပြီ မို့ နှင်း ရင်ထဲမှာရှိတဲ့ စံပယ်ရွက်လေးတွေက စိမ်းမြဲစိမ်းပြီး စံပယ်ပွင့်လေးတွေက ဖြူ မြဲ ဖြူ နေပါလိမ့်မည် ။ မျက်မှောင်ကုတ်ကာ ဇာတ်ရည်မလည် ဖြစ်နေသာ သူရ နှင့် အားတုံ့အားနာ ဖြစ်နေသော ယင်းမာ ဆိုသူ အမျိုး သမီး တို့အား နှင်း လှည့်မကြည့်တော့ ။လှည့် မကြည့်ချင်တော့ ။ လှည့်ကြည့်စရာလည်း မလိုတော့ ။

မြတ်လေးမောင်

No comments:

Post a Comment