Wednesday, October 26, 2016

" နှလုံးသားတွေလန်းနေပါစေ "






" နှလုံးသားတွေလန်းနေပါစေ "
………………
မာင်ပိုင် (လေးမျက်နှာ)

(၁)
ဒီစာလေးကို ရေးမယ်လို့ အတွေးထဲဝင်လာတော့ နှုတ်ဖျားမှာ သီချင်းတစ်ပုဒ်ကို အလိုလိုရေရွတ်မိသည်။
“ လူငယ်တွေဆိုတာ ..နိုင်ငံဂုဏ်ဆောင်သူပါ..အပေါင်းအသင်း …မင်းပျင်းမနေနဲ့ ”
(၂)
အခန်းထဲကို ကျွန်တော်ဝင်လိုက်တော့ သမီးက ဖုန်းကို ကွယ်ဝှက်သည့်ပုံစံမျိုးလေးလုပ်ပြီး ပြောသည်။
“ ဂိမ်းဆော့တာမဟုတ်ဘူးအဖေ။ ပုံတွေကြည့်နေတာ ” တဲ့။
သူ့ပုံစံနှင့် သူ့စကားကို ကျွန်တော်နားထောင်ကတည်းက လိမ်ပြီဆိုတာသိလိုက်သည်။ ကျွန်တော့် စိတ်ထဲမှာ တော်တော်စိတ်မကောင်းဖြစ်သွားသည်။ သူကတော့ ကျွန်တော့်ကို ကြောက်တာကြောင့် လိမ်လိုက်ခြင်း ဖြစ်ပေမည်။
သမီးလေးက အသက် ၃ နှစ် ၃ လသာ ရှိသေးတာပါ။ ခေတ်ကာလရွှေ့လျားမှုအရ ဒီအရွယ်မှာ ဖုန်းကို ကောင်းကောင်းအသုံးချနေတတ်ပြီ။ မျက်လုံးထိခိုက်မှာစိုးသည့်အတွက် ဂိမ်းဆော့တာကို အကန့်အသတ်ဖြင့် ကျွန်တော် တားမြစ်ထားခြင်းပါ။

ဂိမ်းဆော့လို့ မျက်လုံးထိခိုက်လျှင် ကုစားလို့ရနိုင်ပါသေးသည်။ သို့သော် ၃ နှစ် ကျော်လေးသာ ရှိသော ကလေးက မိဘကို လိမ်တတ်ပြီဆိုသည့် အသိ၊ မိဘမသိအောင် ခိုးဆော့သည့်အကျင့်ကို သိလိုက်ရသည့်အသိ အတွက် ကျွန်တော်စိတ်မကောင်း ဖြစ်ရခြင်းပါ။ ပြန်လည်တည့်မတ်နိုင်သည့်အရွယ်တွင် သိလိုက်ရခြင်းအတွက် ကျေနပ်မှု တစ်ခုတော့ဖြစ်မိပါသည်။
နုနယ်သေးသည့်အရွယ်၌ ပြန်လည်ပြုစုပျိုးထောင် ထိန်းကျောင်းသွားမှသာလျင် သူ့ဘ၀ အရိုးအဖြောင့်ဆုံး ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။

(၃)
ကျွန်တော်ကျောင်းသားဘ၀တုန်းက မိဘတွေမသိအောင် ကျောင်းပြေးခဲ့ဘူးသည်။ ၉ တန်းနှစ်က တစ်ကြိမ်သာဖြစ်သည်။ မိဘမသိအောင် လုပ်ခဲ့သည့်အလုပ်နှင့်အတူ လိမ်ညာမှုကတော့ ပါလာပါပြီ။ ကျွန်တော် လိမ်ညာမိခဲ့ပါသည်။
ကျောင်းသားဘ၀၊ လူငယ်ဘ၀မှာတော့ ဆေးလိပ်၊ ကွမ်းယာ၊ အရက်ကျွန်တော် မသောက်အစားခဲ့ပါ။ တစ်ခုတော့ရှိသည် ထန်းရည်တော့ တစ်ခါတစ်လေ သူငယ်ချင်းတွေနှင့်အတူ သွားသောက်ဖြစ်ကြသည်။ မိဘတွေ ကတော့ ဆူပူခြင်းမရှိခဲ့ပါ။

ဘာကြောင့်ဆိုတာကို ခုချိန်မှာ ကျွန်တော်နည်းနည်းပြန်စဉ်းစားကြည့်မိပါသည်။ ကျွန်တော်တို့ ပွင့်လင်း ရိုးသားခဲ့ကြလို့ဖြစ်မည်။ မိဘနှင့် ကျွန်တော်တို့ကြားမှာ ကျွန်တော်တို့က ဘ၀ကို ထိခိုက်စေနိုင်သည့် အလုပ်မျိုး မလုပ်ခဲ့ကြ။ မိဘ၏ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ခဲ့ကြ။ ပြီးတော့ ကျွန်တော်တို့ ရိုးသားပွင့်လင်းစွာ မိဘတွေကို ပြောဆိုဆက်ဆံခဲ့ကြပါသည်။
သို့အတွက်ကြောင့် မိဘတွေက ကျွန်တော်တို့ကိုယုံကြည်သည်။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မှုမှာ တင်းကြပ်ခြင်း၊ တားမြစ်ခြင်း မပြုလုပ်ခဲ့ဟု ကျွန်တော်ယူဆမိပါသည်။

ယနေ့ခေတ် ကျောင်းသား လူငယ်တော်တော်များများကို ကျွန်တော်တွေ့မိသည့်အခါ စိတ်ထဲမှာ ခံစားရမှု ကပေါ်ပေါ်လာခဲ့ပါသည်။ ကျွန်တော်နေထိုင်ကျင်လည်ရာ အရပ်ဒေသသည် စည်ပင်ဝပြောလှသော နယ်မြေများ မဟုတ်ပါ။ ခေတ်၏အရိပ်ကတော့ အထိုက်အလျှောက်တော့ လူငယ်တွေထံရှိပါသည်။
ကျွန်တော်မြင်တွေ့ရသော ကျောင်းသားလူငယ်လေးတွေက ပုဆိုးကို ချက်ပြုတ်ဝတ်၊ တင်ပေါ်လေးတွင် တင်ပြီးဝတ်သည်။ တစ်ခါခါ အရက်ဆိုင်တွေမှာတွေ့သည်။ တစ်ခါတခါ ဘိလက်ယက်ခုံတွေမှာတွေ့သည်။ ဆေးလိပ်လေးလက်ကြားညှပ်၊ ကွမ်းလေးကို တပစ်ပစ်ထွေးနေသည့်ပုံစံတွေက ဒီလိုလုပ်မှ ခေတ်နှင့် အံ့ ၀င်မည့် ပုံစံမျိုး။ ပြီးတော့ အဖြူအစိမ်း ကျောင်းဝတ်စုံတွေကို ၀တ်ဆင်လျက်တွေ့မြင်နေရခြင်းဖြစ်သည်။

အရက်သောက်၊ ကွမ်းစား၊ လောင်းကစားလုပ်သောအကျင့်ကိုဖျောက်ပစ်နိုင်ပါသည်။ ထိုနှင့်အတူပါလာ သည့်အရာတွေက မိဘကို လိမ်မည့်စကားတွေ။ ကျောင်းတက်ပါတယ်။ ကွမ်းမစားပါဘူး။ ဆေးလိပ်မသောက် ပါဘူးဆိုသည့် အလိမ်အညာစကားတွေ။
လူငယ်လေးတွေ၏ နှလုံးသားတွေ၊ အတွေးအမြင်တွေ အရောင်ဆိုးကုန်ကြပြီလား။ နှလုံးသားတွေ ညစ်ထေးချင်နေပြီလား။

(၃)
ကိုလိုနီခေတ်ဦးကစ၍ကြည့်လျှင် အမျိုးသားစိတ် ပြန်လည်နိုးကြားသည့်မှတ်တိုင်ဖြစ်သော ၀ိုင်အမ်ဘီအေ အသင်းကြီးကို စတင်တည်ထောင်သူများမှာ ခေတ်ပညာတတ်လူငယ်များပင်ဖြစ်သည်။ လူငယ်များ၏ ကြိုးပမ်းမှု ဖြစ်တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လာသော ၀ိုင်အမ်ဘီအေ အသင်းပေါင်း ၂၀၀၀ ကျော်သည် ၁၉၂၀ ပြည့်နှစ်တွင် ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးအဖြစ် အင်အားကောင်းစွာ ပေါ်ထွက်လာသည်။ သူရိယသတင်းစာ တည်ထောင် ပြီး နိုင်ငံရေးအသိအမြင်တိုးပွားအောင် ဖန်တီးသူများမှာလည်း လူငယ်များပင်ဖြစ်သည်။
၁၉၃၀ ပြည့်နှစ်တွင် “ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား ” ဟူသော ကြွေးကြော်သံဖြင့် တို့ဗမာအစည်းအရုံးကြီးကို တည်ထောင်ဖွဲ့စည်းသူများမှာလည်း သခင်လူငယ်များပင် ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ဒုတိယ တက္ကသိုလ်သပိတ်ကို ရှေ့ဆောင်သူများမှာလည်း တက္ကသိုလ်ကျောင်းသား လူငယ် များပင်ဖြစ်သည်။ ၁၉၃၈ ခုနှစ် တတိယတက္ကသိုလ်သပိတ်အပါအ၀င် ထောင့်သုံးရာပြည့် အရေးတော်ပုံကို ဦးဆောင်ဆင်နွှဲခဲ့သူများသည်လည်း လူငယ်များပင်ဖြစ်သည်။
လွတ်လပ်ရေးအတွက် အခွင့်ကောင်းရှာနေသော လူငယ်များသည် ဂျပန်နိုင်ငံတွင် စစ်ပညာသင်၍ ဘီအိုင်အေဖွဲ့စည်းပြီး ရဲဘော်သုံးကျိပ်အဖြစ် မြန်မာပြည်သို့ပြန်လည်ရောက်လာပြီး နိုင်ငံကိုစစ်ရေးအရ ရှေ့ဆောင် ရှေ့ရွက်ပြုကြသည်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြသည်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ်စသည်ဖြင့် တပ်မတော်ကို အဆင့်ဆင့်ဖွဲ့စည်းပြီး နိုင်ငံကိုကာကွယ်ခဲ့ကြသည်မှာလည်း လူငယ်တွေပင်ဖြစ်သည်။
ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစဉ်ကပင် အသက် ၃၂ နှစ် သာရှိပါသေးသည်။

(၄)
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လျှင် ကျောင်းသားလူငယ်တွေ၏ အခန်းကဏ္ဍက အရေးပါသည့်နေရာ တွင်ရှိပေသည်။ လူငယ်တွေ၏ သမိုင်းက ချန်ထားခဲ့လို့မရပါ။
လူငယ်နှင့် လူကြီးဆိုသည်မှာ “ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ” ဖြစ်သည်။ လူငယ်တွေ၏ အနာဂတ်သည် လူကြီးတွေအပေါ်မူတည်သလို လူကြီးတွေ၏ အနာဂတ်သည်လည်း လူငယ်တွေအပေါ်တည်မှီနေပါသည်။ နိုင်ငံကိုဦးဆောင်ဦးရွက်ပြုမည့်၊ လူကြီးများအပေါ် ပြန်လည်အုပ်ချုပ်နိုင်မည့် လူငယ်များ အသိပညာ၊ စိတ်ဓာတ် အရည်အသွေးမြင့်မားနေမှသာလျှင် လူကြီးတွေနှင့် တိုင်းပြည်၏အနာဂတ်လှပနိုင်မည်ဖြစ်သည်။

အနာဂတ်တွင် ခေါင်းဆောင်လုပ်မည့် လူငယ်တွေနှင့်ပတ်သက်၍ ဆရာတော်အရှင်ဒေါက်တာ နန္ဒမာလာဘိဝံသက အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။
“ လူ့လောကမှာ ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ကရုဏာလည်းရှိရမယ်။ ပညာလည်းရှိရမယ်။ ပညာတော့ရှိတယ် ကရုဏာမရှိဘူးဆိုရင် ကောက်ကျစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ရက်စက်တတ်တယ်။ ကရုဏာတော့ ရှိတယ်။ ပညာတော့မရှိဘူးဆိုရင် လမ်းမှန်ကိုမသိဘူး။ တလွဲတွေလုပ်တယ်။”

ရန်ကုန်မြို့တော်က လူငယ်တွေကိုကြည့်လျှင် ပညာနောက်၊ ခေတ်နောက်လိုက်နေသည်ကို တွေ့မြင်ရ မည်ဖြစ်သည်။ သက်ဆိုင်ရာ သင်တန်းတွေကို အပြေးအလွှားတက်နေကြသည်။ လိုအပ်လျက်ရှိသော နည်းပညာ၊ ဘာသာရပ်တွေကို အမီလိုက်သင်ကြားနေရသည်ကို တွေ့မြင်နေရပါသည်။
ကာတွန်းလေးတစ်ခုကို သတိရမိသည်။ လူငယ်တစ်ယောက်က “ ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ်စကားတွေ အကုန်သင်ပြီးပြီ၊ ကွန်ပျူတာ၊ နည်းပညာဘာသာရပ်တွေ တတ်ပြီးပြီ။ ကဲ ဘာသင်ဖို့ကျန်သေးလဲ ” လို့ လူကြီး တစ်ယောက်က မေးသည့်ပုံစံလေးပါ။ လူကြီးက ပြန်ဖြေသည်။ “ မင်္ဂလသုတ် ရအောင်ကျက်ဖို့ ကျန်သေးတယ်” တဲ့။

လူငယ်တွေကို အပြစ်ပြောလိုရင်းမဟုတ်ပါ။ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ရပ်ကျိုးရွာကျိုးဆောင်ရွက် နေသူတွေ၊ သာရေး၊ နာရေးတွေမှာ စိတ်အားထက်သန်စွာဆောင်ရွက်နေတဲ့ လူငယ်တွေအပြင် နိုင်ငံအကျိုးကို သယ်ပိုးဆောင်ရွက်နေသည့် လူငယ်တော်တော်များများကိုလည်း တွေ့မြင်ရပါသည်။ ၀မ်းသာပီတိဖြစ်မိရပါသည်။ ထိုသို့သော လူငယ်တွေများများပေါ်ထွက်မှာသာလျှင် နိုင်ငံ၏ အနာဂတ် သာယာလှပါပေလိမ့်မည်။
ဆရာနေ၀င်းမြင့် ဟောပြောခဲ့သော စာပေဟောပြောပွဲထဲက စကားအချို့ကို သတိရမိပါသည်။
“ လူငယ်တွေဟာ ခေတ်ကြီးကို မီအောင်အပြေးလိုက်နေချိန်မှာ လူငယ်တွေရဲ့ အိပ်ထဲက အရာတစ်ချို့ ပြုတ်ကျခဲ့ကြတယ်။ အဲဒါတွေက ခံစားနားလည်တတ်တဲ့ နှလုံးသားတွေ၊ အကျင့်စာရိတ္တတွေပဲ ”

(၅)
လွန်ခဲ့သော နှစ်အနည်းငယ်က မိတ္ထီလာမြို့၊ မိဘမဲ့ကျောင်းကို ကျွန်တော်တို့ သူငယ်ချင်းတစ်စု စားစရာ မုန့်တွေ၊ သောက်စရာ အချိုရည်တွေကို ကတ်လိုက်၊ ပုံးလိုက်တင်ပြီး သွားရောက်လှူဒါန်းဖြစ်ခဲ့ကြပါသည်။ ထိုမိဘမဲ့ကျောင်းလေးက ယောက်ကျားလေးတွေပဲ ထားသည့်ကျောင်းပါ။ ကလေးတွေက ၅ နှစ်ကနေ တက္ကသိုလ်တက်နေသည့်အရွယ်ထိ ရှိသည်။ အယောက် ၁၀၀ ၀န်းကျင်ရှိသည်။
ထိုမိဘမဲ့ကျောင်းကို စီမံခန့်ခွဲအုပ်ချုပ်နေသည့် လူငယ်လေးက ၂၈ နှစ်သာရှိသေးသည်။ တက္ကသိုလ်က ဘွဲ့ရပြီးသော်လည်း သူ့ဘ၀ မြင့်မားရေးအတွက် ကျောင်းကို စွန့်လွတ်မသွား။ ဒီကျောင်းလေးမှာပင် ထူးချွန်သည့်
လူငယ်တွေ၊ ပညာတတ်လူငယ်တွေ၊ အကျင့်စာရိတ္တမြင့်မားသည့်လူငယ်တွေပေါ်ထွန်းအောင် သူက ပြန်လည် အုပ်ချုပ်နေပြီး ကလေးတွေကိုလည်း စာသင်ကြားပြသမှုများပြုလုပ်နေသည်။

ကျောင်းလေး၏လိုအပ်ချက်၊ ရေ၊ မီး၊ စားသောက်မှုကအစ လူငယ်လေးက ရှင်းလင်းပြသည်။ ကျောင်းထဲ ကလူငယ်လေးတွေအကြောင်း ပြောပြသည်။ နေထိုင်ရမှု၊ စာပေသင်ကြားရမှုပုံစံကို ပြောပြသည်။
ထို့နောက်ကျွန်တော်တို့နှင့်အတူ ကျောင်းသားတွေကို မုန့်နှင့်အအေးများ အတူလှူဒါန်းကြသည်။
အပြန်ခရီးတွင် လူငယ်လေး၏ ပုံရိပ်က ကျွန်တော့်စိတ်ထဲကမထွက်။ မိမိနေထိုင်ကြီးပြင်းခဲ့ရာ မိဘလိုဖြစ်နေသည့် ကျောင်းကို မမေ့၊ မိမိကျောင်းလေးတိုးတက်ရာ၊ မိမိကျောင်းမှာ ရှိနေသည့် လူငယ်ကလေး တွေ၏ အနာဂတ်လှပရာအတွက် မိမိဘ၀ကို မြုပ်နှံထားသည့် လူငယ်၏ စိတ်ကို တွေးတောစဉ်းစား နေမိခြင်း ဖြစ်သည်။

ပညာတတ်လူငယ်တွေ၊ အရည်အချင်းပြည့်ဝသည့် လူငယ်တွေက မိမိနေခဲ့သည့်မြေ၊ မိမိသောက်ခဲ့သည့် ရေ၊ မိမိမွေးဖွားရာဒေသဖြစ်သည့် မိမိနိုင်ငံ၏အကျိုး၊ မိမိနိုင်ငံရှိ ပြည်သူပြည်သားတွေ၏ အကျိုးအတွက် မိမိတို့၏ ဘ၀တွေနှင့်အတူ တည်ဆောက်ကြပါလျှင်။

(၆)
“ သမီးလေး ခုနက ဂိမ်းဆော့နေတာ မဟုတ်လား”
“ မဟုတ်ပါဘူး အဖေရဲ့ ”
“ မလိမ်နဲ့သမီး။ အဖေလိမ်တာမကြိုက်ဘူး။ သမီးကို ဂိမ်းပေးဆော့ထားတယ်နော်။ အဖေမသိအောင် သမီးခိုးမဆော့ရဘူး။ ဆော့ချင်ရင် ပြောဆော့။ ပြီးတော့ ဆော့ရင်ဆော့တယ်ပြောရတယ်။ မလိမ်ရဘူး။ ငရဲကြီး တတ်တယ်သမီး ”

“ ဟုတ်ကဲ့အဖေ နောက်တစ်ခါ ပြောဆော့မယ်နော်။ အဖေမသိအောင်မလုပ်ဘူး။ မလိမ်တော့ပါဘူး”
“ အေးအေး ဒီလိုမှပေါ့။ ငါ့သမီးက လိမ်မာပါတယ်”
ကျွန်တော်ဖုန်းလေးကို ယူခဲ့ပြီး စားပွဲပေါ်တင်လိုက်သည်။ ပြီးတော့ ကျွန်တော်လည်း ကုလားထိုင်မှ ထိုင်လိုက်ရင်း တွေးနေမိသည်။

ခေတ်အရ စီးဝင်လာသည့် ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုကို ကျွန်တော်တို့ မဟန့်တားနိုင်။ ယနေ့လူငယ် တွေမြင်တွေ့ရလျှင်လည်း ကိုရီးယားလိုလို၊ အာဖရိကလိုလို၊ အမေရိကန်လိုလို၊ ဟိုလိုလို ဒီလိုလိုတွေ။
အ၀တ်အစားကာလာတွေက ထိန်းလို့မလွယ်လှတော့ပါ။ သို့သော် လူငယ်တွေ၏ စာနာတတ်သည့် နှလုံးသား၊ အချင်းချင်းရိုင်းပင်းကူညီတတ်သည့်နှလုံးသား၊ ကြီးသူကိုရိုသေ၊ ငယ်သူကိုသနား၊ ရွယ်သူကို လေးစားတတ်သည့် နှလုံးသား၊ ဘာသာတရားအပေါ် သက်ဝင်ယုံကြည်သည့် နှလုံးသားများ အရောင်အစွန်း မထင်စေလိုပါ။ ထွက်ကျမကျန်စေလိုပါ။

နှလုံးသားလေးများ မညစ်ထေးစေလိုပါ။ လူငယ်တွေ၏ ခေတ်စကားနှင့် ပြောရလျှင် ၀တ်စားဆင်ယင်မှု ပုံစံတွေ လန်းနေ ဖလန်းဖလန်းထနေလို့မပြီးသေး နှလုံးသားတွေ လန်းနေဖို့လိုသေးသည်။ လိုအပ်ပါသေးသည်။
ကျွန်တော်တို့ မြန်မာ့နိုင်ငံ၏သမိုင်းထဲက လူငယ်တွေ၏ စိတ်ဓာတ်တွေ၊ နှလုံးသားတွေ လန်းခဲ့ပါပြီ။ ကျွန်တော်တွေ့ခဲ့ရသော မိဘမဲ့ကျောင်းက လူငယ်လေး၏ နှလုံးသားကလည်း လန်းနေသည်။
ထို့အတူ နောက်တစ်ခါ မလိမ်တော့ပါဘူးဆိုသည့် သမီးလေး၏ နှလုံးသားကလည်း လန်းလိုက်ပါဘိတော့ သည်။
နိုင်ငံဂုဏ်ဆောင်မည့်၊ နိုင်ငံ၏ အနာဂတ်ကို ထုဆစ်မည့် လူငယ်တွေ၏ နှလုံးသားတွေလည်း ထာဝရ လန်းနေပါစေလို့သာ။

အမှတ်(၅၄)၊ ၂၀၁၃
ပိတောက်ပွင့်သစ်စာပေအနုပညာမဂ္ဂဇင်း

********************

No comments:

Post a Comment