Friday, October 21, 2016

" ကြယ်ကြွေပုံပြင် "





ကြယ်ကြွေ ပုံပြင်
......................
မိုးခါးရေ ရေးသည်။
ကြယ်တွေဟာ တောင်းဆုတွေဖြစ်တယ်ဆိုတာ ဟိုးကလေးဘ၀ထဲက ကျမခံယူထားတာပေါ့။ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရ တာများတဲ့အတွက် ကျမမှာတောင်းဆုတွေဆိုတာလည်း သိပ်ကိုများပါတယ်။ ညရောက်တိုင်း ကောင်းကင်ကြီးကို မော့ကြည့်လို့ ကြယ်ကြွေတာကိုစောင့်ရင်း အဲဒီ့တောင်းဆုတွေကိုလည်း လက်ချိုးရေခဲ့ဖူးတယ်။ ကြယ်တွေကြွေတာ သိပ်ကိုလှပါတယ်။
" ကြယ်ကြွေတဲ့အချိန်မှာ ဆုတောင်းရင် တောင်းဆုတွေပြည့်တယ် " တဲ့ ကျမအတန်းခပ်ငယ်ငယ်က ဘယ်သူကစ သယ်ဆောင်လာမှန်းမသိတဲ့ အဲဒီစကားတစ်ခွန်း နားထဲမှာခဏခဏကြားနေရတယ်။ ကျမအတွက်တော့ ဒါဟာ သိပ်ကိုကောင်းတဲ့ သတင်းတစ်ခုပါ။ ကျမမှာ ကျမသူငယ်ချင်းလို ခဲဖောင်တိန်လေးနဲ့ စာရေးနိုင်ဖို့လည်း ဆုတောင်းစရာရှိတယ်။ နောက်ပြီး ကျမသိပ်လိုချင်နေတဲ့ ဖိနပ်လှလှလေး တစ်ရံ... နောက်ပြီး .. အိုအများကြီးပါပဲ။ အိမ်ရောက်တော့ "ငွေတွင်းကနက်လိုက်တာ" လို့ ခဏခဏညည်းတဲ့ အမေ့ကို အဲဒီ့အကြောင်းပြောပြတော့ " ညည်းသိပ် ကို စိတ်ကူးယဉ်တာပဲ" လို့ ပြန်ပြောခဲ့တာကိုလည်း ကျမ သေချာနားမလည်ခဲ့ပါဘူး။ ကြယ်ကြွေရင်ဆုတောင်းဖို့ဆန္ဒတွေ ရွေးရွေးထုတ်နေတတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေဟာ အဲဒီယုံတမ်းစကားတစ်ခုကနေ စတင်အသက်ဝင်ခဲ့တော့တာပါပဲ။
“ ကြယ်တွေကြွေတာသိပ်ကိုလှပါတယ်” အဲဒီ့ညက ကြယ်တွေကို ဂရုတစိုက်မျှော်လင့်တကြီး လိုက်ကြည့်နေမိတဲ့ကျမ အတွက် တိုက်တိုက်ဆိုင်ဆိုင်ကြယ်တွေ တကယ်ကြွေခဲ့တယ်။ ကြယ်ကြွေတာကို ပထမဆုံးမြင်ဖူးတဲ့ ကျမကတော့ အလင်းတန်းလေးတစ်ခု ဖြတ်ပြေးသွားတာကိုကြည့်ရင်း အံ့သြလွန်းလို့ ဆုတောင်းဖို့မေ့နေခဲ့တယ်။ ဟုတ်တယ်.. ကြယ်ကြွေတာ သိပ်ကိုလှပါတယ်..။
ကြယ်ကြွေဆုတောင်းတွေဟာ ပြည့်လို့လား...။ အဲ့လိုကျမကို တစ်ယောက်ယောက်ကများ မေးလာခဲ့ရင် ပြည့်တယ်၊ မပြည့်ဖူးဆိုတာထက် ကြယ်တွေနဲ့ပတ်သက်တဲ့ ကျမရဲ့ခံစားချက်ကိုပဲ ပြောပြရပါလိမ့်မယ်။ ရေနစ်နေတဲ့သူအတွက် ကောက်ရိုးတစ်မျှင်ဟာလည်း အားကိုးရာပဲဆိုတာလိုမျိုး ကြယ်ကြွေဆုတောင်းတွေ ဟာလည်း ကျမလို ကံမကောင်းတတ် တဲ့သူအတွက် ကောက်ရိုးတစ်မျှင်ဆိုတာထက် အများကြီးပိုနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အခုအရွယ်အထိ တောင်းဆု တွေပြည့်တယ်လို့ သေချာမပြောနိုင်ပေမယ့် အဲဒီ့ကြယ်တွေကပေးတဲ့ မျှော်လင့်ချက်တွေနဲ့ မနက်ဖြန်တွေကို ယုံယုံကြည်ကြည် တက်လှမ်းခဲ့တယ်။ ဖြစ်မလာသေးတဲ့ အိပ်မက်တွေကို ပွေ့ပိုက်ရင်း အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားသစ်တွေရလာတတ်တယ်ဆိုတာ ကျမကိုယ်တိုင်ကလွဲပြီး ဘယ်သူနားလည်နိုင်မလဲလေ..။ ငယ်ငယ်က အမေပြော သလို စိတ်ကူးသိပ်ယဉ်လွန်းရာကျတယ်လို့ပဲ ထားပါကြပါစို့။
ကြယ်တွေကို ကျမအရမ်းချစ်တယ်။ အဲဒီကြယ်တွေကို ချစ်တာထက်အဆပေါင်းများစွာ ပိုချစ်ရတဲ့သူ တစ်ယောက်လည်း ကျမဘ၀ထဲကို ရောက်လာခဲ့ပါတယ်။ ကြယ်တွေနဲ့ပတ်သတ်တဲ့ ကျမရဲ့ခံစားချက်တွေကို ပြက်ရယ်မပြုခဲ့တဲ့သူ့ကို ကျမ သိပ်ချစ်ခဲ့သလို စိတ်ကူးယဉ်မှုအားနည်းတဲ့ သူကလည်းကျမကိုသိပ်ချစ်ခဲ့တာပါပဲ။ အတွေးအခေါ်၊ အယူအဆချင်း လွဲနေခဲ့ကြပေမယ့် အချစ်ကအရာအားလုံးကို အကောင်းအတိုင်းဖြစ်စေခဲ့ပါတယ်။အဆင်ပြေတဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ရတဲ့အခါ လောကကြီးဟာလည်း သိပ်ကိုပျော်စရာကောင်းလာတယ်။ ကျမအတွက် အခက်အခဲတွေဆိုတာလည်း မြူတစ်မှုံလောက်တောင် ရှိမနေတော့သလိုမျိုး ဘာမဆို ရင်ဆိုင်ဖို့ ရဲရင့်လာခဲ့တယ်။ သူ့အချစ်တွေနဲ့တင် ကျမဘ၀ ပြီးပြည့် စုံပြီလို့ ခံစားမိလာတာနဲ့အမျှ ကြယ်ကြွေဆုတောင်းတွေကိုလည်း မေ့တတ်လာခဲ့ တယ်။
"ကြယ်တွေကိုမကြွေစေချင်ပါနဲ့" လို့သူပြောဖူးတယ်။ အကြောင်းရင်းကိုမေးကြည့်တော့ "ကိုယ့်ဆန္ဒ ပြည့်ဖို့အတွက် ကြယ်လေးတွေ ကြွေပေးရတာ တရားလို့လား" တဲ့လေ။ အို.. ကြည့်စမ်း ---စိတ်ကူးယဉ်မှုအားနည်းတဲ့ သူ့ဆီမှာ ဘာလို့ ဒီလောက်နူးညံ့တဲ့ အတွေးမျိုးရှိနေရတာလဲ၊ကျမကရော ဒါကိုဘာလို့မစဉ်းစားမိသလဲ..။ အဲဒီ့နေ့ကစပြီး ကြယ်ကြွေ ဆုတောင်းဆိုတာ ကျမဘ၀ထဲက ကွယ်ပျောက်သွားခဲ့တယ်။ ကြယ်ကြွေတိုင်း တောင်းဆုပြုဖို့ ထုတ်သိမ်းထားခဲ့တဲ့ ကျမ ဆန္ဒတွေအားလုံးကို သူ တစ်ယောက်တည်းနဲ့လဲနိုင်ခဲ့ပါတယ်။ကြယ်ကြွေဆုတောင်းတွေလည်း မလိုတော့ဘူး၊ ကြယ်တွေ ကိုလည်း မကြွေစေချင်တော့ပါဘူး။
ကြယ်တွေဟာကံကောင်းတတ်တယ်။သူနဲ့ကျမရဲ့ချစ်သူသက်တမ်း (၂)နှစ်ပြည့်မှာ ကောင်းကင်ပေါ်ကကြွေပေးဖို့ မလိုတဲ့ စက္ကူကြယ်လေးတွေ ၁၅၀၀ ပြည့်အောင်ခေါက်ပြီး သူ့ကိုလက်ဆောင်ပေးဖို့ စိတ်ကူးရလာခဲ့တယ်။ ကျမအချစ်တွေနဲ့အတူ ကံကောင်းခြင်းတွေပါ သူ့ကိုပေးမယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ပေါ့။ အဲ့လိုနဲ့ တစ်ရက်ပြီးတစ်ရက် ဖန်ပုလင်းထဲမှာ ကြယ်လေးတွေ များလာသလို ကျမလည်းမောင့်ကို တစ်ရက်ထက်တစ်ရက် ပိုချစ်လာမိပါတယ်။ ကြယ်တွေခေါက်ရင်း "သူကျမကို အမြဲချစ် နေနိုင်ပါစေ" လို့လည်း ဆုတောင်းခဲ့တယ်။ ကြယ်တွေက ကံကောင်း စေတယ်မို့လား...။
ကြယ်လေးတွေ ၆၀၀ ပြည့်သွားတဲ့နေ့က ကျမတမင်မေ့ထားတဲ့ မောင်တို့အသိုင်းအ၀ိုင်းရဲ့ ငွေကြေး၊ ဂုဏ်ဒြပ် တွက်ချက်မှု တွေကို စကြားလာရတယ်။ ဒါပေမယ့် "အချစ်ကို ဘယ်ငွေကြေးနဲ့မှတွက်ချက်စရာမလိုပါဘူး" ဆိုတဲ့ မောင့်ရဲ့စကားနဲ့တင် ကျမဖြေသာခဲ့ပါတယ်။ ကြယ်လေးတွေ ၁၅၀၀ ပြည့်ဖို့တစ်ဝက်တိတိပဲ လိုတော့တဲ့ အချိန်မှာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေနဲ့ မောင်နဲ့ကျမကြားမှာ အက်ကြောင်းတွေ စထင်လာတယ်။ ကျမဘာမှားခဲ့သလဲ..။ မောင့်အသိုင်း အ၀ိုင်းကပြောတဲ့ အဆင့်အတန်း တိုင်းတာမှုတွေက မောင့်အချစ်တွေကို ယိုင်နဲ့စေခဲ့သလား။ ဒါပေမယ့် မောင့်ကို ကျမယုံပါတယ်။ အဆင်မပြေမှုနည်းနည်းရှိပေမယ့် အနည်းဆုံး မောင်ကျမကို ချစ်နေပါသေးတယ် (ဒါကျမရဲ့အထင် များဖြစ်နေမလား)။ ဘ၀နဲ့ အချစ်ကို ညီမျှခြင်းချထားမိခဲ့တဲ့ ကျမရဲ့ အသိမ်ငယ်ဆုံးကာလတွေပါပဲ။
ကြယ်တွေ ၁၂၀၀ ရှိသွားပါပြီ။ ကျမတို့ရဲ့ချစ်သူသက်တမ်း ၂ နှစ်ပြည့်ဖို့ လ၀က်လောက်သာလိုတော့တဲ့ အချိန်မှာ သူငယ်ချင်းတွေက ကျမကိုလာပြောတယ်။ မောင့်အိမ်က သဘောတူထားတဲ့ ကောင်မလေးနဲ့ မောင်တွဲနေတယ်တဲ့။ မောင့်ကောင်မလေးက အရမ်းလှတယ်တဲ့။ အဲဒီ့စကားကြားပြီးနောက် ပြောမပြနိုင်တဲ့ တုန်လှုပ်ခြင်းမျိုးနဲ့ ကျမခြောက်ခြား သွားခဲ့တယ်။ မောင်က သစ္စာတရားဆိုတာကို မေ့နေခဲ့ပြီလား..။ နောက်ရက်တွေမောင်နဲ့ဆုံဖြစ်တော့ အဲဒီ့အကြောင်းကျမ မမေးဖြစ်ခဲ့ဘူး။ မောင့်ကိုအကျပ်အတည်း မတွေ့စေချင်လို့ပါ။
ကြယ်လေးတွေ ၁၅၀၀ ပြည့်သွားခဲ့ပါပြီ။ အဲဒီ့နေ့......။ မောင်နဲ့ကျမချစ်သူသက်တမ်း(၂)နှစ်ပြည့်ဖို့ တစ်ရက်ပဲ လိုတော့တဲ့နေ့မှာ ကျမကိုယ်ကျမ ထပ်လိမ်နေစရာ မလိုတော့အောင် အမှန်တရားတစ်ခုကိုတွေ့ခဲ့ရတယ်။ မောင်က အဲဒီ့ကောင်မလေးရဲ့လက်ကလေးကိုကိုင်လို့....။ သူတို့သိပ်ပျော်နေကြတယ်။ ပြီးတော့ သူငယ်ချင်းတွေ ပြောသလိုပဲ ကောင်မလေးက အစစအရာရာ ပြီးပြည့်စုံပါတယ်။ ကျမဘာဆက်လုပ်ရမလဲ...။ ဟိုးအရင်က ဆုတောင်းတွေ ပြည့်ဖို့ ကြယ်လေးတွေကြွေပေးရသလိုမျိုး အချစ်စစ်တစ်ခုရဖို့ ကျမနှလုံးသားထဲက ဦးဆုံးအချစ်တွေကွဲကြေရင်း သင်ခန်းစာ ပေးခဲ့တယ်လို့ ဖြေသိမ့်စရာရှိပေမယ့် ကျမအတွက်မလိုတော့ပါဘူးလေ...။
မျှော်လင့်ချက်တွေဆိုတာ ဆုတောင်းတွေနဲ့အသက်ဆက်လို့ မရသလို ၊ ကံကောင်းမှုတွေကို လည်းကြယ်တွေဆီက မျှော်လင့်လို့မရပါဘူးနောက်ပြီး အချစ်က ဘ၀တစ်ခုပဲလို့ အပြည့်အ၀ယုံကြည်နေတဲ့ တစ်ယောက်ယောက်များရှိနေခဲ့ရင် မှားတယ်လို့ကျမကအပြည့်အ၀ ဝေဖန်မိပါလိမ့်မယ်။တကယ်တော့ ကြယ်တွေကြွေတယ် ဆိုတာပုံပြင်တစ်ခုပါပဲ။ စိတ်ကူး ယဉ်ချင်စရာကောင်းပေမယ့် လက်တွေ့နဲ့က ဝေးကွာ နေဦးမှာပါ။ ။
မိုးခါးရေ
(12.7.11)

No comments:

Post a Comment