Wednesday, October 5, 2016

"မြန်မာပြည်မှာနေသည်"

"မြန်မာပြည်မှာနေသည်"
ရေးသူ - ယက္ခရဲကြီး

. . . ကမ္ဘာ့နေရာအများအပြားမှာ cash ပိုက်ဆံအရွက်တွေ ကိုင်သုံးဖို့ မလိုတော့ပါဘူး။ ပိုက်ဆံဆိုတာ card ကဒ်တွေဖြစ်နေပြီ။ မြန်မာပြည်မှာတော့ ငွေစက္ကူရွက်တွေကိုင်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဘဏ်စနစ် နဲ့ အခြား infrastructure တွေ လုံလောက်အောင်မဖွံ့ဖြိုးသေးလို့ပါ။ တစ်ဦးကို တစ်ဦးယုံကြည်မှုနည်းပါး ၊ လူတစ်ဦးချင်းရဲ့အထွေထွေလုံခြုံမှုနည်းပါး ၊ လူထုတရပ်လုံးရဲ့ ပညာရေချိန် နိမ့်ပါးလို့လည်း ဖြစ်တယ်။

. . ကမ္ဘာ့နေရာအများအပြားမှာ လူတစ်ဦးစီအတွက် ၊ မိသားစု အိမ်ထောင်စုတစ်ခုစီအတွက် မီးစက်ဝယ်ထားဖို့မလိုပါဘူး။ ဘက္ထရီအိုးတွေ ဝယ်ထားဖို့မလိုဘူး။ မြန်မာပြည်မှာ လိုအပ်ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဖြန့်ဝေမှု စီမံခန့်ခွဲမှု စနစ်တွေ ၊ infrastructure တွေ လုံလောက်အောင်မဖွံ့ဖြိုးသေးလို့ပါ။
. . . . ကမ္ဘာ့နေရာအများအပြားမှာ အနုပညာသည်တွေဟာ ခိုးကူးခွေတွေ မဝယ်ကြပါနဲ့ ၊ တရားဝင်အခွေ ဝယ်ပေးကြပါလို့ ပြောဖို့မလိုပါ။ မြန်မာပြည်မှာ လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးမှု ၊ internetစနစ် ၊ ဘဏ်စနစ်နဲ့ အခြား infrastructure တွေ လုံလောက်အောင်မဖွံ့ဖြိုးသေးလို့ပါ။ လူအများစု ဆင်းရဲမွဲတေခြင်း ၊ ပညာရေချိန်နိမ့်ပါးခြင်း ၊ စိတ်ဓာတ်အခြေခံနဲ့ တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးလာခြင်း များနဲ့လည်း စပ်ဆိုင်ပါတယ်။
. . . . ကမ္ဘာ့နေရာအများအပြားမှာ ကိုယ်ဆန္ဒမရှိသော်လည်း အများအမြင်လှစေဖို့ ၊ စော်ကားမခံရစေဖို့ ၊ တစ်ကိုယ်ရေလုံခြုံမှုရှိစေဖို့အတွက် လုံလုံခြုံခြုံဝတ်စားနေထိုင်ဖို့ မလိုပါ။ မြန်မာပြည်မှာ လိုအပ်ပါတယ်။ လူအများစုရဲ့ ပညာရေချိန် နဲ့ စိတ်အခြေခံက ၂၀၁၆ခုနှစ် လူသားကမ္ဘာကြီးရဲ့ လူ့ယဉ်ကျေးမှုကို မြင်တတ် နားလည်တတ်နိုင်လောက်တဲ့အထိ လုံလောက်အောင်မဖွံ့ဖြိုးသေးလို့ပါ။ လူတစ်ဦးချင်းရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ခံယူချက်တွေ ၊ ရွှေရောင်ခေတ်ဟောင်းကို တမ်းမျှော်ခြင်းတွေ ၊ အစွန်းရောက် စံလွဲယဉ်ကျေးမှုတွေနဲ့လည်း စပ်ဆိုင်ပါတယ်။
. . . သင်နေထိုင်နေတာ မြန်မာပြည်ဖြစ်ပါတယ်။ . ကမ္ဘာ့နေရာအများစုနဲ့ မတူကွဲပြားတဲ့ စရိုက်လက္ခဏာတွေ ရှိနေဆဲဖြစ်ပါလိမ့်မယ်။ ရန်ကုန်မြို့လယ်၆မြို့နယ်ဆိုတာ မြန်မာပြည်သူလူထု အများစုမဟုတ်ပါ။ မိုးမြင့်တိုက်ကြီးတွေ ခေတ်မီကုန်တိုက်ကြီးတွေ ရှိတဲ့ ဧရိယာဟာ မြန်မာပြည်အကျယ်အဝန်းနဲ့ ယှဉ်ရင် အစက်အပြောက်မျှသာ။ ညဘက်မီးတွေထိန်ထိန်လင်းတဲ့ ဧရိယာဟာ မြန်မာပြည်မြေပုံပေါ်မှာ အကွက်သေးသေးလေးတစ်ခုသာ။ အထူးကုဆေးရုံပေါ်မှာတက်ပြီးဆေးကုနိုင်တဲ့လူဦးရေဟာ နှမ်းတစ်ဆုပ်မျှသာ။ စာအုပ်ဝယ်တတ်တဲ့ ၊ ဖတ်တတ်တဲ့ မြန်မာလူမျိုးဆိုတာ အနည်းစုရဲ့အနည်းစုပါ။ ဗုဒ္ဓတရားတော်ရဲ့ အတွင်းသဏ္ဋန်ကို သိမြင်နားလည်တဲ့ ဗုဒ္ဓဘာသာဝင်အရေအတွက်ဟာ သစ်သီးထဲကသစ်စေ့ပါ။
. . . မြန်မာပြည်မှာ အဆင်ပြေစွာနေထိုင်ဖို့ဆိုရင် ပိုက်ဆံအရွက်တွေကိုင်ဆောင်သယ်သွားရပါလိမ့်မယ်။ ဆီစားသက်သာတဲ့ မီးစက်တစ်လုံးဝယ်ထားဖို့လိုအပ်ပါတယ်။ လုံလုံခြုံခြုံဝတ်စားနေထိုင်ဖို့လည်း ထိုက်သင့်သလောက်ထိ လိုအပ်ပါသေးတယ်။

ယက္ခရဲကြီး

No comments:

Post a Comment