Friday, October 14, 2016

ဘ၀တွေကိုအ၀ယ်ထွက်ခြင်း




" ဘ၀တွေကိုအ၀ယ်ထွက်ခြင်း "
…………….

(၁)

ဒီနေ့ အိမ်ကမဟေသီဒေ၀ီနဲ့ ဈေးဝယ်ထွက်ဖြစ်ခဲ့ပါသည်။ စင်ကာပူကို လေယာဉ်ကြီးစီးလို့ မဟုတ် ရပါဗျာ။ ရပ်ကွက်ထဲက သာမန်ဈေးလေးတစ်ခုကို တစ်စီးထဲသော ဆိုင်ကယ်လေးနဲ့ သွားဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ကလည်း သာမန်အခြေအနေ၊ သာမန်လူတန်းစားကိုး။
ဈေးကိုရောက်ရောက်ခြင်း စလုပ်ရတဲ့အလုပ်ကတော့ ဆိုင်ကယ်အပ်ရတာပါပဲ။ 
အဲဒီမှာတင် ဘ၀တွေစတယ်လို့ ကျွန်တော်တွေးထင်မိပါသည်။

(၂)
ဒီမိုကရေစီ၊ ဒီမိုကရေစီ၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ။
ဒီမိုကရေစီဆိုတာတော့ ကျွန်တော်က ဂဃနဏမသိပါဘူး။ သို့ပေတည့် စည်းကမ်းပြည့်ဝခြင်းဆို တာတော့နားလည်သယောင်ရှိပါသည်။ စည်းကမ်းတကျရှိမှ တိုးတက်မည်။ စနစ်ကျမည်။ သန့်ရှင်းသာယာလှပ မည်။
လူတစ်ဦးခြင်းစီ စည်းကမ်းရှိမှ နိုင်ငံတိုးတက်မှာပါ။ ဒါ့အပြင် ကမ္ဘာ့အလည်ဝင့်ထည်စွာ ရပ်တည်နိုင်မည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ။
ကြည့်ပါ ဆိုင်ကယ်အပ်ဖို့နေရာပေးထားသည်။ ဆိုင်ကယ်အပ်ခံတယ်ဆိုတာ စည်းကမ်းတကျရှိအောင်၊ လမ်းပိတ်ဆို့မှုမဖြစ်အောင်၊ ပြီးတော့ ဆိုင်ကယ်ပျောက်ရှတာတွေမဖြစ်အောင် ထိန်းသိမ်းပေးတာပါ။ ဒါကို ငွေ ပေးရတဲ့ ၂၀၀ လောက်ကိုတချို့မြင်သည်။ မလိုဘူးထင်ကြသည်။ လွတ်တဲ့နေရာမှာ ကောက်ထိုးပြီး ခပ်တည် တည်ရပ်ထားကြသည်။ တချို့လည်း ဆိုင်ကယ်မှာတစ်ယောက်ကျန်ပြီး ဆိုင်ကယ်အစောင့်မျိုးထားကြသည်။
ကွမ်းတံတားမထွေးရ၊ ယာဉ်မရပ်ရ၊ ဟွန်းမတီးရ၊ ကျောင်းရှိသည်ဖြည်းဖြည်းမောင်းဆိုတာတွေ ကျွန် တော်တို့မြန်မာနိုင်ငံမှာ အများကြီးတွေ့ရပါသည်။ ဒီလိုစည်းမျဉ်း၊ စည်းကမ်းတွေဘာကြောင့် ထုတ်သနည်း၊ ရှိ သနည်း။ သေချာတာကတော့ မလိုက်နာသူတွေရှိလို့ပင်ဖြစ်မည်။ ထိုအထဲမှ စည်းမျဉ်းအပေါ်ကို လမ်းလျှောက် နေသူများ၊ စည်းမျဉ်းကိုမသိမသာနင်းကျော်သူများလည်း ရှိနေပေသည်။
သြော် ဆိုင်ကယ်အပ်ရန်ဆိုတဲ့ နေရာမှာတော့ ဆိုင်ကယ်လေးတွေ စနစ်တကျလေးအပ်စေချင်မိပါဘိ။

(၃)
မဟေသီနောက်လိုက်ရပြီဆိုကတည်းက သေချာတာတစ်ခုက ဈေးခြင်းဆွဲရတာပါပဲ။ ကျွန်တော်လည်း ဈေးခြင်းလေးဆွဲလို့ သူ့နောက်က လိုက်ပါရတာပေါ့လေ။ ပထမဆုံးသူက အသားငါးတန်းဘက်ကို သွားသည်။ ဈေးဝယ်ထွက်လာတဲ့အချိန်က နည်းနည်းလေးနောက်ကျတာဆိုတော့ အသားမရမှာဆိုးတော့ သူက အသားတန်းဘက်အရင် လာခဲ့တာပါ။
အမဲသားဝယ်မယ်ဆိုပြီးကြည့်တော့ အသားက ကုန်နေပြီ။ အူ၊ အသည်းနဲ့ ကလီစာတွေပဲရှိတော့သည်။ ဒီလိုကြည့်နေတုန်း ခွေးတစ်ကောင်က နောက်ကနေ အူကိုလှမ်းဆွဲသည်။ အသည်က လက်ထဲမှာရှိနေသည့် အလေးဖြင့် ကောက်ထုလိုက်သည်။ ခွေးကတော့ နာကျင်သွားပုံရသည်။ တဂိန်ဂိန်အော်ပြေးတော့သည်။
ကျွန်တော်တို့က အသားကိုပိုက်ဆံပေးဝယ်သည်။ ခွေးခမျာမှာတော့ ပိုက်ဆံပေးရမည်ဆိုတာမသိ။ သူသိတာက သူစားရဖို့။ ဒီတော့ရသည့်နည်းဖြင့် ၀င်လုသည်။ ၀င်လုသည့် ပြစ်ဒဏ်ကတော့ အလေးတစ်လုံး ပါပဲ။
ကြည့်ကြည့်ပါဦး။ လောကလူ့ပတ်ဝန်းကျင်မှာ ချမ်းသာကြွယ်ဝသူတွေက ငွေကို ပက်ခနဲပေးပေးပြီး ဇိမ်ခံပစ္စည်းတွေ၊ စားသောက်ကုန်တွေ ၀ယ်ဝယ်သွားလိုက်ကြတာ။ နွမ်းပါးတဲ့သူများကြတော့ တစ်ခုလေးဝယ် ရဖို့ကို ချီတုန်ချတုန်။ ဒီထက်ဆိုးတာကတော့ ငတ်မွတ်မှုဒဏ်၊ ၀မ်းရေး၊ နေရေးအတွေက် ပြေလည်အောင်ဖြေ ရှင်းနိုင်ဖို့ခက်ခဲလာသည့်အခါ ရသည့်နည်းမျိုးစုံဖြင့် လုပ်ကိုင်လာကြတော့သည်။ လုသည်၊ ခိုးသည်၊ ၀ှက်သည်၊ လိမ်သည် နောက်ဆုံး လူသတ်၊ ဓားမြတိုက်တော့သည်။
ထိုအတွက် ပြန်ရလိုက်သည်က ဥပဒေ၏ ပြစ်ဒဏ်။ ထိုအပြစ်ဒဏ်ကတော့ တစ်ဘ၀သာ ဆင်းရဲနိုင်ပါ သည်။ အပြစ်(အကုသိုလ်)၏နောက်တွင် လိုက်ပါလာသည့် ကံအကျိုးပေးကတော့ ဘ၀များစွာအတွက် ပါသွား နိုင်ပါသည်။
ထိုအထဲမှာမှ ချမ်းသာပြည့်ဝလျက်ပင် ခိုး၊ ၀ှက်၊ လု၊ လိမ်နေသည့် လူများကလည်း အများသားရှိနေပါ သေးသည်။ ဤသူများ၏ ကံအကျိုးပေးလားရာသည်လည်း မိမိတို့၏ လုပ်ရပ်များအတိုင်း သွားရမည်ပင် ဖြစ်သည်။

(၄)
အမဲသားဝယ်ဖို့ကြည့်ရာက စိတ်ပျက်သွားပြီး ငါးသည်ဘက်ဆီသို့ လှည့်ထွက်ခဲ့လိုက်သည်။ ငါးက ငါးခူ ပေါက်လေးတွေ၊ အကောင်ကြီးတွေ၊ ငါးသလဲထိုးလိုငါးအသေးလေးတွေ အစုံပါပဲ။ ရှေ့မှာလည်း ဈေးဝယ်သူ တစ်ဦးနှစ်ဦးက ရှိနေသည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း ဘေးကနေထိုင်စောင့်နေမိသည်။
ကျွန်တော်က ဟိုကြည့်ဒီကြည့်လုပ်ရင်း ဈေးသည်၏နောက်ဘက်က ခြင်းဆီသို့မျက်လုံးရောက်သွား သည်။ ခြင်းထဲမှာက ငါးခူခပ်လတ်လတ်အကောင်တွေ။ ခုန်ဆွခုန်ဆွ လုပ်နေကြသည်။ ငါးတွေကတော့ လတ် သလားမမေးနဲ့ အရှင်ကြီးရှိသေးသည်။ ဒါနဲ့ အောက်ကချထားတဲ့ ငါးတွေကြည့်တော့လည်း တချို့အကောင်တွေ က သူတို့အသက်ရှင်သန်ဖို့အတွက် တတ်နိုင်သမျှ ရုန်းကန်နေကြတုန်း။
ဈေးသည်၏ ခင်ပွန်းဖြစ်ဟန်ရှိသည့် အမျိုးသားက ခင်းထားတဲ့ ငါးကုန်ခါနီးဆိုလျှင် ခြင်းထဲက ငါး၏ ပါးဟက်ကလက်ဖြင့်ထိုးဖောက်သည်။ ပြီးလျှင် ရှေ့ရေပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ရေပုံးထဲက ငါးက ခေတ္တမျှ ရုန်းကန်ပြီး ငြိမ်သွားရှာသည်။ အမျိုးသမီးက ဆယ်ယူပြီး ရှေ့ဗန်းထဲထည့်ရောင်းသည်။
ကျွန်တော်ငါးရောင်းသူ ၀ယ်သူတွေကိုကြည့်ရင်း သတိရမိသည်။ မြတ်စွာဘုရားရှင်၏ ၀ိပါက်တော် ၁၂ ပါးပင်ဖြစ်သည်။ ထို ၁၂ ပါးထဲမှ ဘုရားရှင်၏ ခြေမတော်တွင် ကျောက်လွှာကြောင့် အနာတည်ရာကို ဇီဝကက ဓားဖြင့်ခွဲသည့် ၀ိပါက်တော်၊ ရံဖန်ရံခါ ခေါင်းခဲတော်မူခြင်း ၀ိပါက်တော်တို့ကို သတိရမိပါသည်။ 
တစ်ခုသော ပဒေသရာဇ်မင်းဖြစ်စဉ် ဘ၀တွင် မူးယစ်သောက်စား၍ လူအရှင်လတ်လတ်ကို ဓားဖြင့်ထိုး ဖြတ်ခြင်းပြုခဲ့သော ၀ဋ်ကြွေးက ဆရာဇီဝက၏ ခွဲစိတ်ခြင်းခံရပေသည်။ ထိုနည်းတူ တံငါသမားဘ၀ဖြစ်စဉ်တွင် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ၀မ်းမြောက်ခဲ့ဖူးသောကြောင့် ဘုရားရှင်ဘ၀တွင် ခေါင်းခဲသည့် ၀ဋ်တော်ကို ခံစား ရတော်မူပါသည်။
ဝဋ်မှာအမြဲ ငရဲမှအပ ဟူသော စကားရှိပါသည်။ ငရဲဆိုသည်မှာ အချိန်ကာလအရ လွှတ်မြောက်ရန် ဖြစ်နိုင်သော်လည်း မိမိ၏ ပြုလုပ်ခဲ့သည့် လုပ်ရပ်များအတွက်တူသော ၀ဋ်ကတော့ ပြန်လည်ခံစားရမြဲဖြစ်ပါသည်။

(၅)
ဝမ်းရေး၊ ၀တ်ရေး၊ နေထိုင်ရေးအတွက် ခေါင်းခဲနေကြရသည့် လူတန်းစားဘ၀တွေက များစွာရှိနေ သည်။ ကျောပူဒဏ်၊ နားပူဒဏ်ခံရင်း လုပ်ကိုင်နေကြရသည်။ ထိုနည်းတူ နိုင်ငံအရေးမှာလည်း ဖြေရှင်းရမည့် ပြဿနာတွေက များစွာရှိလှသည်။ ခေါင်းခဲလျှင် ခေါင်းခဲချင်စရာပင်။ ကျောပူဒဏ်၊ နားပူဒဏ်ရင်းပင် အများ အကျိုးအတွက် ဆက်လက်လုပ်ကိုင်သွားကြရမှာပင်ဖြစ်သည်။
ကမ္ဘာနှင့်အ၀ှမ်း အကြမ်းဖက်မှုတွေ၊ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ သတ်ဖြတ်ခြင်းခံရမှုတွေ၊ သဘာဝဘေးဒဏ် ခံရမှုတွေ၊ စစ်ဘေးဒဏ်ခံစားရမှုတွေက တစ်နေ့ထက်တစ်နေ့ မကြားချင်မှအဆုံး ကြားနေရပေသည်။ 
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသည့် စကားတစ်ခုလည်းရှိပါသည်။ ပြုလုပ်သည့်အတွက် တန်ပြန် ခံစားရမှာဖြစ်သလို ခံစားရသူများမှာလည်း တစ်ခုသောဝဋ်ကြွေးကြောင့်ဟု မြင်မိပါသည်။ 
ဈေးထဲက ငါးရောင်းသူအမျိုးသားကတော့ ငါးကို ထိုးဖောက်လို့ ရောင်းနေစဲ။

(၆)
ငါးခူအစိတ်သားလောက်ဝယ်ပြီး နောက်တစ်နေရာ ဆက်ထွက်ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ မိသားစုက ရုံးပိတ်ရက်မှာ ၀ယ်ယူပြီးကြော်လှော်ထားသည်။ ရုံးဖွင့်ရက်ဆိုလျှင် တစ်ခုခုဖြင့် ပြန်ချက်ပြုတ်သည်။ သို့အတွက် ဈေးဝယ်ထွက်လျှင် တော်တော်များများဝယ်ဖြစ်သည်။
ငါးကိုရုံးဖွင့်ရက်အတွက် ကြော်ထားပြီး ၀က်သားကိုတော့ ဒီနေ့ချက်စားမည်ဟု မဟေသီက အဆိုတင် သွင်းသောကြောင့် ကျွန်တော်လည်း အပြည့်အ၀ထောက်ခံပေးလိုက်သည်။ ၀က်သားရောင်းရာ အသည်ဆီ ထွက်လာခဲ့သည်။
ဝက်သားလည်း အစိတ်သားဝယ်သည်။ ကျွန်တော့်ဇနီးက အလေးချိန်ပြည့်မပြည့်ကို မပြော။ အပိုထည့် ပေးဖို့သာ ပြောသည်။ အလေးချိန်က ဒီဂျစ်တယ်ကတ်တားဖြင့် ချိန်ခြင်းကြောင့်ဖြစ်သည်။
ချိန်ခွင်ဆိုသည်မှာ မျှတမှု၊ မှန်ကန်မှုအတွက် သက်သေတည်နိုင်ရန် ပြုလုပ်ထားသည့်အရာဟု ထင်မြင်မိသည်။ တဖြည်းဖြည်း လူတွေ၏လောဘစိတ်တွေကြောင့် အလေးခိုးတာ၊ ချိန်ခွင်လျှာ တစ်ဖက်စွန်း ထွက်အောင် ပြုလုပ်တာတွေက များများလာသည့်အခါ သမာဓိချိန်ခွင်ဆိုတာကြီးက ပေါ်လာရပြန်သည်။ သမာဓိချိန်ခွင်တဲ့။ တည်ကြည်ဖြောင့်မတ်သည်ပေါ့။ ကျန်သော ချိန်ခွင်တွေကတော့ သမာ မဓိတော့တာအမှန်။ ရိုးသားမှုကနေ ခွဲထွက်လာခဲ့သည်လည်း အမှန်ပေပေါ့။
ဈေးထဲက သမာဓိချိန်ခွင်ကြီးကို လိုအပ်လျှင် ရပ်ကွက်ရုံးထဲမှာလည်းထားဖို့လိုမည်၊ လူမှုအဖွဲ့အစည်း တွေထဲမှာလည်းထားဖို့လိုမည်၊ သက်ဆိုင်ရာဌာနတွေမှာလည်း ထားရှိဖို့လိုမည်၊ အထက်အဆင့်ဆင့်သော ဌာန အကြီးအကဲတွေမှာလည်း ထားဖို့လိုအပ်ပါမည်။
သမာဓိတရားသူကြီးမင်း၊ သမာဓိတရားရုံး၊ သမာဓိလူကြီးမင်း၊ သမာဓိဝန်ကြီး၊ သမာဓိဝန်ထမ်း၊ သမာဓိ ပြည်သူတွေများများလာပါလျှင် ကမ္ဘာ့အလည်တွင် နိုင်ငံတိုင်းတန်ဖိုးထားအလေးထားရသည့် သမာဓိနိုင်ငံကြီး လည်းဖြစ်လာနိုင်သည်ပင်။

(၇)
ဝယ်စရာရှိသည့် အသီးအရွက်လေးတွေ၊ စားသောက်ကုန်လေးတွေဝယ်ပြီး ကျွန်တော်တို့ ဈေးကနေ ပြန်ထွက်ဖြစ်ကြသည်။ ဈေးထဲလိုအပ်သည့်အရာများ ၀ယ်ယူပြီးပြန်ဖြစ်ခဲ့ကြပါသည်။
ကျွန်တော်တို့ကတော့ စားချင်တာလေးဝယ်ခဲ့ကြသည်။ ဈေးသည်တွေ ၀ယ်တာလေးတွေကို ရောင်း ဖြစ်ခဲ့ကြသည်။ ဈေးထဲတွင် အသားငါး၊ ဟင်းသီးဟင်းရွက်တွေကို ကျွန်တော်တို့ဘ၀ အာဟာရအသက်ရှင်သန် ရန်အတွက် ၀ယ်ယူဖြည့်တင်းခဲ့ကြပါသည်။
ထို့နည်းတူ ပိုပိုသာသာလေးထည့်စေချင်တဲ့ လောဘစိတ်လေး၊ ကောင်းတာလေးမှ၊ အသားလေးပါမှ အရသာသိချင်တဲ့ ရသတဏှာစိတ်လေးတွေက ညစ်နွမ်းဖွယ်ကိလေသာစိတ်လေးတွေကို ၀ယ်ယူဖြည့်တင်းလိုက် ကြသည်။
ဈေးရောင်းသည့် သူများကလည်း မိမိစားဝတ်နေရေးအတွက် သားငါးသတ်ဖြတ်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြရသည်။ ဒီဘ၀ ပြုလုပ်သည့်ကံအကြောင်းဖြင့် နောက်ဘ၀ ကံအကျိုးကို ၀ယ်ယူလိုက်ကြသည်။ အကုသိုလ်စေသသိတ်ဖြင့် ၀ယ်ယူလိုက်သည့် ဘ၀က အကုသိုလ်ဘ၀အကျိုးကိုသာ ရရှိပါပေမည်။
သြော် ဈေးဆိုသောနေရာတွင် လက်ရှိဘ၀အတွက် စားသောက်ကုန်တွေသာမက ဘ၀ ဘ၀တွေကို ၀ယ်ရောင်းနေတဲ့ နေရာကြီးပါလားလို့ ကျွန်တော်တွေးမြင်မိလိုက်ပါသည်။
ကျွန်တော်တို့ရော ဈေးရောင်းသူတွေကပါ ဘ၀ကို အ၀ယ်ထွက်နေကြခြင်းဖြစ်ပါသည်။
ရောင်းမှားဝယ်မှား မဖြစ်ကြပါစေနှင့်လို့သာ။

*****************

မောင်ပိုင်
၁၃-၁၀-၂၀၁၃။

No comments:

Post a Comment