“
ကြွေ လေ ပြီ ”
………….
(၁)
“ ဥမ္မာဒန္တီ၊ ဆင်းသိင်္ဂီ၏၊ ကြန်ညီရုပ်ပုံ၊
အလုံးစုံကို
အာရုံမကင်း၊ နှလုံးသွင်းကြောင့်၊ အရင်းမသေ
အညွန့်ဝေသား၊ မြေမှာငုတ်ငုတ်၊ ဆီးကိုခုတ်သို့
ပုဂ္ဂိုလ်ခန္ဓာ၊ နာမ်ရုပ်မှာ၌
ငါးရာထောင်မီး၊ နှိပ်စက်ကြီးသော်
ခေါ်ယီးခေါ်ယောင်၊ ကတောင်ကချောက်၊ စိတ်နောက်မသာ
မြည်တမ်းကာမူ၊ ဥမ္မာဒန္တီ၊ ဒေ၀ီမယ်လျ၊ ရှုမ၀နှင့်
နှိုင်းဆစရာ၊ ကျွန်းလေးဖြာကို၊ စကြာရှေ့တည်
ရှာဖွေနှယ်လည်း၊ ပန်းမည်ရုံသာ၊ မရရာတည့်။ ”
ပြသာဒ်ထက် ငွေတိမ်လွှာဇာပ၀ါကြားတွင် “ ရုပ်ဝါဟန်ပန်၊
ဖက်မရန်တည့်၊ သဏ္ဍာန်တင့်မော၊ မြင်သူဇော၌၊ အဆောတလျင်၊ တပ်စိတ်ငင်လျက်၊ ဘ၀င်လွန်ကျ၊ ရူးအောင်လှ
” သည့် ဥမ္မာဒန္တီမင်းသမီးကို မြင်လေ သည့် သီဝိမင်းကြီးခမျာ ကြွေလေပြီ။
ဥမ္မာဒန္တီ၏
အလှတွင် အရူးကြီးရူး၊ အစွဲကြီးစွဲရင်း တစ်ထောင့်ငါးရာသော မီးတွေလောင်ကျွမ်းခြင်းကို
ခံရပြီ။ သလွန်ထက်ဝယ် ပလက်ကယ်လည်း မမှေးနိုင်၊ တစောင်းကယ်မျှမအိပ်နိုင်ပဲ ကတောင်ချောက်ခြားဖြစ်နေသည်။
သြော် မင်းကြီးခမျာ ဥမ္မာဒန္တီအပေါ် အကြွေကြီး ကြွေလေပြီ။
မဟာမင်းလှခေါင်ကျော်၏
“ ဥမ္မာဒန္တီပျို့ ” ကိုဖတ်ရင်း ကျွန်တော်လည်း ဥမ္မာဒန္တီမင်းသမီး၏အလှ အပေါ်ခံစားကြည့်မိနေခြင်းပင်ဖြစ်သည်။ ခေတ်စကားနှင့်ဆိုရပါလျှင် ကြွေကြည့်နေခြင်းပင် ဖြစ်သည်။
ထိုနှင့်
ဇာတ်ကိုဆုံးအောင်ဖတ်ရင်းနှင့် ဥမ္မာဒန္တီထက် သူ၏ ခင်ပွန်းဖြစ်သူ အဘိပါရကကို ပို၍ ကြွေမိလာပြန်
သည်။ မိမိ၏ ချစ်လှစွာသော ဇနီး၊ အင်မတန်ချောမောလှပသည့် ဇနီးကိုမှ မင်းကြီးထံ သုံးကြိမ်တိုင်တိုင်
ဆက်သ သည်။ ပြည်ထဲရေးထက်၊ ၀မ်းရေးခက်သည့် ပြည်သူပြည်သားတို့က
မင်းကြီးအတွက်ပူပန်သည်။ “ပြည်ထဲရေးနှင့် ၀မ်းရေးတို့ထက်၊
လွမ်းရေးခက် ”နေရှာသည့် မင်းကြီးသည် အလှတရားတွင်ယစ်မူးပြီး တိုင်းရေးပြည်ရာကို တရားမျှတစွာ
မအုပ်ချုပ်နိုင်မှာ ပြည်သူတို့ကစိုးရိမ်သည်။
သည်၊
သည် အရေးတွေကြောင့် လွမ်းရေးထက်ခက်လှသည့် ပြည်ထဲရေးကို ဦးစားပေးရင်း ဇနီးမယားကို မင်းကြီးထံအပ်နှံသည်။ သြော် လူအများကောင်းကျိုးအတွက် ကိုယ့်ဇနီးမယားကို
စွန့်လွတ်ရဲသည့် အဘိပါရက စစ်သူကြီးကို ကျွန်တော် ကြွေလေပြီ။
ငါ့မယားအတွက်၊
ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုးအတွက်ဆိုသည့် “ အတွက်..အတွက် ” အတွက်အတ္တ တွေကို ဖယ်ရှားလေသည့်
အဘိပါရကစစ်သူကြီးကို မကြွေနိုင်ပြီလော။
ထို့ထက်
ထို့ထက် သည်ဇာတ်တွင် ကြွေသူတစ်ဦးရှိပါသေးသည်။
ထိုသူကား တခြားသူမဟုတ် သိဝိမင်းကြီးပင် ဖြစ်ပေသည်။ မင်းကြီးခမျာ အလှတွင်းနစ်မြုပ်ရင်း မီးတို့က ရင်ကို
တမြည့်မြည့်လောင်ခြင်းကို ခံစား ရသည်။ မိမိရူးသွပ်စွာနှစ်သက်မိသည်က လင်ရှိမယား။ ခက်လေပြီတကား
မဟုတ်ပါလား။
သို့သော်
မင်းကြီးမှာ မကောင်းမှုစိတ်အစဉ်ကို မည်သူမျှမသိစေကာမူ၊ နတ်တို့သိ၏၊ မိမိကိုယ်ကိုယ်သိ၏
ဟူသောနှလုံးသွင်း ဆင်ချင်မိသည်မှ အလှတရားကို ဖတ်ထုတ်၏။ သူများသားမယားအပေါ် ပြစ်မှားလေမိသည့် စိတ်ကိုဖယ်ထုတ်၏။ ကိုယ့်စိတ်ကို ပြန်လည်ဆုံးမလေ၏။
“
သောက်လေသောက်ငေ ငတ်မပြေသည့် ကိလေသာ ရာဂဆိုး ” ကို မဖြစ်ခင်၊ ကိုယ့်ကိုယ်ကို သတိဝင်
ဆင်ချင်နိုင်လေသည့် သိဝိမင်းကြီးအပေါ် ကျွန်တော် ကြွေပါလေပြီ။ မိမိစိတ်ကို ဆုံးမရန်
အလို့ငှာ ခက်သည်မဟုတ် ပါလော။
(၂)
“ အင်း တောင်ငူကလဲ တောင်ငူပဲ။ မောင်းထောင်းကလဲ
မောင်းထောင်းပဲ ” ဟု ဘိုးတော်ဘုရားမှာ ညည်း တွားရှာတော်မူသည်။ ညည်းတွားရသည့် အကြောင်းရင်းကလည်း
ရှိလေသည်။
တစ်နေ့သောအခါတွင် မောင်းထောင်းသာသနာပိုင်ဆရာတော်က
ဦးတေဇဆိုသည့် ဦးပဉ္စင်းငယ်တစ်ပါးအား စာပြန်ခိုင်းသည်။ ဦးပဉ္စင်းဦးတေဇက စာပြန်ခိုင်းသည့် ဘိက္ခုပါတိမောက်၊
ဘိက္ခုနီပါတိမောက်၊ ခုဒ္ဒကသိက္ခာ၊ ပါဠိ နိဿယ၊ မူလသိက္ခာပါဠိစသည့် ၀ိနည်းပိုင်းဆိုင်ရာစာများကို
အကုန်မရချေ။ တချို့တစ်ဝက်ကိုသာ ရရှိသည်။
ဤတွင် မောင်းထောင်းဆရာတော်က စာမရသည့် ဦးပဉ္စင်းဦးတေဇအား
သဲဒဏ်ရေဒဏ် ပေးလေသည်။ ဦးပဉ္စင်းဦးတေဇဆိုသည်မှာ တောင်ငူမင်းသား၏ ရဟန်းပင်ဖြစ်သည်။ ဦးတေဇ သဲဒဏ်ရေဒဏ်ပေးခံရသည် ဆိုသည့် သတင်းကြား၍
နန်းတော်မှ ချက်ခြင်း ကျောင်းသို့လာတော့သည်။
“ တပည့်တော်ရဲ့ ရဟန်းစာမရပေမယ့် ၀ိနည်းသိက္ခာနဲ့
ဆန့်ကျင်တဲ့ အကျင့်ပျက်မှုများရှိပါသလား ” လို့ တောင်ငူမင်းသားက မေးလျှောက်သည်။ သာသနာပိုင်ဆရာတော်က
“ အကျင့်သိက္ခာပုဒ်မပျက်လိုက်နာကြောင်း ငါသိတယ်။ ဒင်းက စာမရလို့ ငါဒဏ်ပေးတာ ” လို့ ပြန်လည်အမိန့်ရှိသည်။ ဤမှ စ၍ စကားအခြေအတင်များတော့ သည်။
တစ်ကြိမ်တွင် “ နင်ဘာစကားလာများနေတာလဲ ”
ဆို၍ အနားရှိ ထွေးခံနှင့် ပစ်ပေါက်လိုက်သည်။
တောင်ငူမင်းသားကလည်း ထိုထွေးခံဖြင့် ဆရာတော်အား ပြန်၍ ပစ်ပေါက်သည်။ ထိုအခါ ဆရာတော်က တောင်ငူ မင်းသားအား ထပြီး ခြေထောက်နှင့်ပြေးကန်ပါတော့သည်။ တောင်ငူမင်းသားမှ ဆရာတော်အားဖက်ပြီး နပန်းလုံး ပါတော့သည်။
သာသနာပိုင်ဆရာတော်နှင့် တောင်ငူမင်းသားနပန်းလုံးနေခြင်းကြောင့်
အနားရှိ တိုက်အုပ်၊ တိုက်ကြပ်ဘုန်း ကြီးတွေက ၀င်၍ မခွဲရဲဖြစ်နေချိန်တွင် မဟာဒါန်ဝန်ရောက်လာပြီး
ခွဲပေးသည့်အခါမှ ရန်ပွဲရပ်သွားလေတော့သည်။
ထိုသတင်းကို ကြားသိရသည့်အခါ ဘိုးတော်ဘုရား
ညည်းတွားလေခြင်းဖြစ်ပါသည်။
ဤအဖြစ်အပျက်သည် မည်သို့မျှ ကြား၍ကောင်းလှသည့်
သတင်းမဟုတ်။ ထို့ကြောင့် တောင်ငူမင်းသားကို နိုင်သည့် ရန်ကုန်ဝန်ကြီး ဦးကျော်ရွေးကို
အကူအညီတောင်း၍ တောင်ငူမင်းသားက မောင်းထောင်းဆရာတော်အား ၀န်ချတောင်းပန်ရန် လောကရေး၊
ဓမ္ပရေးတို့ဖြင့် ဆုံးမခိုင်းရလေတော့သည်။
“ မိုက်မှားကျူးလွန်မိသောအပြစ်ကို ချမ်းသာပေးသနားတော်မူပါရန်
တပည့်တော် ကန်တော့ ၀န်ချတောင်းပန်ပါ၏ ဘုရား။
ဝန်ချတောင်းပန်ကန်တော့သည့်အတိုင်း တပည့်တော်ကို သနားသောအားဖြင့် သည်းခံတော်မူပါရန်
အကြိမ်ကြိမ်ကန်တော့ဝန်ချပါကြောင်း ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား ” ဟု ၀န်ချတောင်းပန်
ကန်တော့သည်။
မောင်းထောင်းသာသနာပိုင်ဆရာတော်က တည်တည်ငြိမ်ငြိမ်နှင့်
ပြန်လည်မိန့်တော်မူသည် “ အင်း… သာဓု သာဓု သာဓု ငါးသည်ခံ၏။ မင်းသားချည်း မှားသည်မဟုတ်၊ ငါလဲ မှားလေသည်။ မင်းသားလဲ
ပုထုဇဉ်၊ ငါလဲ ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိလိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင် ဖြစ်သော်လည်း မင်းသားက ပုထုဇဉ်အငယ်၊
ငါက ပုထုဇဉ်အကြီးဖြစ်၍ ငါက မင်းသားထက် သာလွန်၍ မိုက်မှားမိချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို
ဝတ်ဆင်မြန်းလျက် မဟာသံဃရာဖာအမည်ကိုရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင်ဂုဏ်ယစ်မူးသောကြောင်
ဒေါသာဂတိကိုလိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလဲ ငါ့အပေါ်၌ အမျက်မထားလေနဲ့။ သည်းခံပါလေ
” ဟုမိန့်၏။
တက်ရောက်လာသော ပရိသတ်အားလုံးက သာဓုခေါ်ဆိုကြလေသည်။
ကျွန်တော်အဖို့ကား တစ်ခါတခါ ရန်ဖြစ်ဖူးသည်။ ရဟန်းသံဃာနှင့်တော့ မဟုတ်၊ လူပုဂ္ဂိုလ်ချင်းဖြစ်သည်။
သို့သော် တစ်ခါမျှသော်မှ အချင်းချင်းပြန်လည် မတောင်းပန်ဖူးချေ။ ကိုယ့်ဘက်ကသာ အမှန်ဟူသော
စိတ်ဖြင့်သာ နေ၏။ သြော် ရဟန်းသံဃာနှင့်သာ ဖြစ်ချေပါမူ
ဤသို့ ၀န်ချတောင်းပန်ခြင်းမပြုလေက မတွေးဝံ့စရာ မဟုတ်ပါ လော။
ထို့ကြောင့် ကျွန်တော်ကတော့ တောင်ငူမင်းသားအား
ကြွေလေပြီ။ ထို့ထက် လူပုဂ္ဂိုလ်အား သည်းခံရန် ပြန်မိန့်သည့် မောင်းထောင်းဆရာတော်အား
ပို၍ ကြွေလေပြီဆိုပါလျှင် လွန်ပါလေပြီလော။
(၃)
အခါတစ်ပါး၌
မဟာဇနကမင်းနှင့် သီဝလိဒေဝီ မိဖုရားတို့သည်
မိထိလာပြည်ကြီးကို စိုးစံ၍ မင်း၏စည်းစိမ်ဖြင့် တင့်တယ်စွာ စံနေတော်မူကြသည်။
တစ်နေ့သောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူသည်တွင်း
မဟာဇနကမင်းသည် သရက်ပင် နှစ်ပင်၏ ခြားနားနေမှုကို ကြည့်၍ “ ဤအပင်ကား အသီးမသီးသောကြောင့်
စိမ်းစိမ်းလတ်လတ် ညိုဖတ်သော ခက်ရွက်ဖြင့် နှစ်သက်ဖွယ် ပြကတေ့အတိုင်းရှိသည်။ ဤအပင်ကား
အသီးသီးခြင်းကြောင့် ဖျက်ဆီးတတ်သော သူနှင့် ဆက်ဆံသည်ဖြစ်၍ ပြကတေ့အတိုင်း မတည်ရ။ ဤပြည်စည်းစိမ်သည်လည်း
ရန်သူနှင့် ဆက်ဆံခြင်းကြောင့် အသီးသီးသော သရက်ပင်နှင့်တူသည်။ ရန်သူ မဆက်ဆံသော စည်းစိမ်ကိုရှာလျှင်
ရသေ့ရဟန်း၏ အဖြစ်သည်သာ ရန်သူနှင့် မဆက်ဆံသောကြောင့် အသီးမသီသော သရက်ပင်နှင့်တူ၏ ” ဟူ၍
နေက္ခမ္မဝိတက်ဖြင့် အကြံတော်ရရှိပြီးလျှင် ရဟန်းအဖြစ်ကို တောင့်တ၍ တောထွက်တော်မူသည်။
ဤ မဟာဇနက မင်းသားသည် ပင်လယ်ကြီးတွင်
မလျော့သောလုံ့လဖြင့် ကူးခတ်ခဲ့သည် မဟုတ်လော။
ထို့ကြောင့် ဇနကမင်းသားကြီး၏ လုံ့လအား ကျွန်တော် ကြွေမိပါသည်။ ထို့ထက် အပင်နှစ်ပင်၏ ခြားနားခြင်းကို နှလုံးသွင်းဆင်ခြင်မိသည့်
စိတ်ဓာတ်ခံတို့သည် အဘယ်မျှ မကြွေဘဲ နေဖို့ကောင်းလေမည်နည်း။
ကျွန်တော်တို့မူသည်ကား စည်းစိမ်သည်
ရန်သူမဟုတ်။ စည်းစိမ်ရှိသူကား ရန်သူပါး၏ ဟူသော
စိတ်ဖြင့် မရမက၊ မဖြစ်မနေ၊ မနားမနေ၊ အာသာငမ်းငမ်းရှာနေရသည်၊ ရှာနေကြသည် မဟုတ်ပါလော။
(၄)
မဃဒေ၀မင်းကြီးက “ ငါ့ဦးခေါင်းတွင်
ဆံဖြူမြင်သော် မြင်လျှင်နုတ်ဆွ ငါ့ကိုပြ” ဟု ဆတ္တာသည်အား မိန့်မှာထား၏။ တစ်နေ့သောအခါ
ဆတ္တာသည်က မင်းကြီးအား “ ဝတ်တွားခယ ဆံပင် သ-စဉ် ရာဇာ့ခေါင်းတွင် ဆံပင်ဖြူမြင်၍ ယူငင်နုတ်ဆွ
ပြသပါ၏” ဟု ဆံဖြူကိုပြလေသည်။
ထိုသောအခါ မင်းကြီးသည် လွန်စွာချောက်ချား
သံဝေဂပွါး၏။ “ ငါ့အား ဇရာပူးကပ်လာပြီ။ မကြာမီတွင် ရှင်သေမင်းလည်း ချည်းနှင်းဝင်ရောက်
တံခါးခေါက်ကာ မထောက်မညှာ ဆိုက်ရောက်လာလျှင် ငါ့မှာဘယ်ဆီ ပြေးရမည်နည်း။ ငါ့မှာ မိဖုရား
သမီးသားနှင့် များပြားခြေရံ စစ်တပ်ရံလည်း ငါ့ထံသေမင်း ဝင်လာခြင်းကို ဖြိုခွင်းနိုင်သူ တစ်လူမရှိ။ ငါ့ကိုငါသာ လွတ်လမ်းရှာ၍
မရဏာမင်း သူ့နယ်တွင်းမှ ရှောင်ကွင်းလွတ်မြောက် တစ်ဖက်ရောက်အောင် တောက်ရှောက်ပြေးရန်
ငါကြံဆောင်အံ့ ” စိတ်အကြံဖြစ်၍ မင်းစည်းစိမ်တို့ကို စွန့်ကာ တောထွက်တော်မူလေသည်။
ဆံဖြူတစ်ချောင်းမြင်ရ၍ တောထွက်တော်မူသော
မဃဒေ၀မင်းကြီးကိုကား ကျွန်တော် ကြွေပြန်လေ ပြန်သည်။
(၅)
“
ဘာလည်းဟ ဒီနေ့အသားဟင်းလဲ မစားဘဲ ဘာလို့ သွားကြားညပ်နေပါလိမ့် ” ကျွန်တော်တွေးရင်း လျှာဖြင့်
သွားကိုထိုးနေမိသည်။ လျှာတွင် မာသောအထိအတွေ့ကို
ခံစားမိသည်။ သို့ဖြင့် လက်နှင့် ထိုးလိုက်သည်။
လိုက်ထဲသို့ သွားကြားထဲမှ အရာပါလာသည်။
“
ဟင် ဘာကြီးတုန်းဟ ” နှုတ်က ရေရွတ်ရင်း ကြည့်မိသည်။
သွား ဖြစ်လိမ့်မည်။ သွားပဲ့တာ ဖြစ်လိမ့်မည်။ မသင်ကာ၍ မှန်နှင့်ကြည့်သောအခါ အောက်သွားနှစ်ခုကြားတွင်
မည်သို့ထွက်နေသည်မသိသည့် သွားက ပဲ့ကြွေ သွားခြင်းပင်ဖြစ်ပါပေသည်။ သွားဖုံးက သွေးစတို့ ထွက်နေပြီ။
သြော်
ကျွန်တော်တို့ မကြွေသေး၊ သွားတော့ ကြွေလေပြီ။ ကြွေလေပြီ။
ကျွန်တော်ကြွေခြင်းသည်ကား
ပဲ့ကြွေခြင်း၊ ပျက်သွားလေခြင်းတို့ကြောင့် ဤကြွေခြင်းကို ကျွန်တော် မနှစ်သက်လှ။ မနှစ်သက်လှသော်လည်း တစ်ချိန်တော့ ကြွေလေမည်ကအမှန်။
အထက်တွင်
ဆိုခဲ့ပြီးသော “ ကြွေလေပြီ ” ကြွေခြင်းသည်ကား ခေတ်စကားနှင့် ဆိုလေခြင်းပင်။ ကျွန်တော် အလွန်နှစ်သက်မိခြင်းကို ကိုယ်စားပြုလေခြင်းပင်။ အဘိပါရကစစ်သူကြီး၊ သိဝိမင်းကြီးကို ကြွေခဲ့မိသည်။ ၀န်ချ တောင်းပန်ခြင်း အမှုကို ပြုရဲလေသော တောင်ငူမင်းသားနှင့်
မောင်းထောင်းဆရာတော်ကို ကြွေခဲ့ နှစ်သက်မိ ခဲ့လေသည်။
ထို့အတူ
စည်းစိမ်ရှိခြင်းသည်ရန်သူဟု ဆင်ချင်မိသည့် မဟာဇနကမင်းကြီးနှင့် ဆံဖြူမြင်ရ၍ သတိသံဝေဂ
ရခဲ့သည့် မဃဒေ၀မင်းကြီးကိုလည်း ကျွန်တော် ကြွေမိပါသည်။ နှစ်သက်မိပါလေပြီ။
ကျွန်တော်သည်ကား
ယခုသွားကြွေပြီ။ ဘယ်အချိန်တွင် ရုပ်၊ နာမ်ခန္ဓာကြွေလေမည်မသိ။
ထို့ထက်
အလှတရားကိုလည်း မစွန့်လွှတ်နိုင်၊ စည်းစိမ်ဥစ္စာကိုလည်း မစွန့်နိုင်၊ ထို့ပြင် ၀န်ချတောင်းပန်ရန်
ဝန်လေးသည့် စိတ်တို့အပြင် မည်သို့သော အဖြစ်အပျက်တွေ ကြုံတွေ့၊ မြင်တွေ့ခံစားနေရစေကာမူ
သတိသံဝေဂ မပွားနိုင်သည့် စိတ်တို့ကြောင့် မိမိကိုယ်ကို အဘယ်အခါမှ ကြွေလေမည်နည်း။
ကိုယ့်ဘ၀ကို
ကြွေလေမည်နည်း။ သြော် ကိုယ့်နှလုံးသားကို ကိုယ်ကြွေချင်စမ်းပါဘိ။
ကိုယ့်စိတ်အခြေအနေကို နှစ်သက်ချင်စမ်းပါဘိတော့သည်။
------------
မောင်ပိုင်(လေးမျက်နှာ)
၂၄-၂-၂၀၁၆(ဗုဒ္ဓဟူးနေ့)
(၂၄၀၀)နာရီ၊ ရန်ကုန်မြို့။
No comments:
Post a Comment